သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဖြည့်ဆည်းမှုဖြင့် ဝန်ထမ်းဘဝလမ်း အဆင့်ဆင့်တက်လှမ်းခဲ့သူ သရေစည်သူ ဦးဘခင်

Type

လင်းအောင်

(ယမန်နေ့မှအဆက်)
စွမ်းဆောင်ကြိုးပမ်း နိုင်ငံ့ဝန်ထမ်း
ဆရာကြီးဦးဘခင်သည်  နိုင်ငံ့ဝန်ထမ်းအကြီး အကဲတစ်ဦးအနေဖြင့်   ဖဆပလအစိုးရကာလတွင် စီမံကိန်းကော်မရှင် အကြံပေးကော်မတီ၊ ဝန်ကြီး ချုပ်ရုံးအထွေထွေကြီးကြပ်မှုကော်မတီ၊      လမ်းပန်း ဆက်သွယ်ရေးကြီးကြပ်မှုကော်မတီ၊  ဗုဒ္ဓသာသနာ့ ကောင်စီအမှုဆောင်၊   ဝိပဿနာဆပ်ကော်မတီ ဥက္ကဋ္ဌ၊  ဆဋ္ဌသင်္ဂါယနာအကြံပေးအဖွဲ့၊    ပြည်သူ့ ထောက်ပံ့ရေးစုံစမ်းရေးကော်မတီ၊ ဘုတ်အဖွဲ့များ စုံစမ်းရေးကော်မရှင်၊   အိမ်စောင့်အစိုးရကာလတွင် ဘုတ်ကော်ပိုရေးရှင်းများအားလုံးရှိ ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာဘတ်ဂျက်စနစ်      အသုံးပြုတီထွင် ခြင်း၊      ဘီအိုစီကုမ္ပဏီဘဏ္ဍာရေးအခြေအနေ သုံးသပ်ခြင်း၊      မော်ချီး သတ္တုတွင်းကုမ္ပဏီအခြေအနေ   သုံးသပ်ခြင်း၊ အဲဗင်းဆေးဝါးကုမ္ပဏီနှင့် မြန်မာ ပြည် ဘီပီအိုင်ဆောင်ရွက်မှုများစုံစမ်းခြင်း၊   ၁၉၆၂   ခုနှစ်  တော်လှန်ရေးကောင်စီဥပဒေအမှတ် ၆ အရ ဗုဒ္ဓသာသနအဖွဲ့  စုံစမ်းရေးကော်မတီ    အဖွဲ့ဝင်/ ယာယီသဘာပတိတာဝန်များကိုလည်း   ၁၉၆၇ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။
ယင်းသို့        ထမ်းဆောင်ခဲ့မှုများအနက် လွတ်လပ်ပြီးမြန်မာနိုင်ငံ၌     စီးပွားရေးလုပ်ငန်း ဆောင်တာဆိုင်ရာ    ဘုတ်ကော်ပိုရေးရှင်းများ၊ ရင်းနှီးမြှုပ်နှံမှုများ  တိုးတက်များပြားလာမှုအရ နိုင်ငံတော်အစိုးရသည်   ငွေစာရင်းမင်းကြီးရုံး၏ ဝန်ထမ်း  ၅၄  ဦးဖြင့်   ကူးသန်းရောင်းဝယ်ရေး ညွှန်ကြားရေးဝန်ရုံးကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ဌာန စတင်ဖွင့်လှစ်ချိန်၌  အရည်အချင်းပြည့်ဝန်ထမ်း သုံးဦးသာရှိခဲ့ရာမှ     ဝန်ထမ်းများအရည်အချင်း    တိုးတက်စေရေးအတွက်   ဆရာကြီး  ဦးဘခင်၏  လေ့ကျင့်သင်ကြားပေးမှုများအရ   အရည်အချင်း ပြည့်ဝန်ထမ်း   ၂၇၂   ဦးအထိ တိုးတက်လာခဲ့ပြီး နိုင်ငံတော်က   အစုရှယ်ယာဝင်သည့်     ဖက်စပ် လုပ်ငန်းများ၏စာရင်းများကိုပါ စစ်ဆေးဆောင်ရွက် ပေးနိုင်ခဲ့သည်။  ထို့အပြင်   သက်ဆိုင်ရာဌာန၏ မေတ္တာရပ်ခံချက်အရ    စစ်ဘက်ကုန်စည်    ဖြန့်ချိ ရေးအဖွဲ့နှင့်  ကာကွယ်ရေးဌာနလက်အောက်ရှိ အဖွဲ့အစည်းအသီးသီး၏     စာရင်းဇယားများကို  တိကျသေချာစွာ     ရှင်းလင်းပေးခဲ့သည့်အတွက်  ကျေးဇူးတင်ကြောင်း၊  အထူးသဖြင့်   ဆရာကြီးနှင့် ဌာနဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာတိကျသေချာမှု၊  စီမံကွပ်ကဲမှုနှင့် စေတနာ့ဝန်ထမ်းစိတ်ထားများကို  မှတ်တမ်းတင်ကြောင်း ဂုဏ်ပြုချီးကျူးစာကိုလည်း လက်ခံရရှိခဲ့သည်။
တာဝန်ပေးအပ်ခဲ့


နိုင်ငံတော်    ကောက်ပဲသီးနှံရောင်းဝယ်ရေး အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခြင်းမပြုမီ ထိုအဖွဲ့တွင် ယင်းခေတ်ကာလ နိုင်ငံရေးပယောဂ များ၊   စီးပွားရေးမသမာမှုများနှင့်    လာဘ်ပေးလာဘ်ယူမှုများကြောင့်      ငွေကြေးရှုပ်ထွေးမှုများ၊    လုပ်ငန်းအဆင်မပြေမှုများ ပေါ်ပေါက်နေခဲ့ရာ  နိုင်ငံ့ ဝန်ထမ်းများအတွင်း      စိတ်ဓာတ်ကျဆင်းမှုများ၊ ပဋိပက္ခများ  ကြုံတွေ့နေရချိန်ဖြစ်သည်။ ထိုအခြေ အနေများကြောင့်        အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌအဖြစ်   ဆရာကြီးအား    တာဝန် ပေးအပ်ခဲ့သည်။ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ပြီးဆုံးသည့်အခါ ပုံမှန်အားဖြင့် ထိုစဉ်က ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးကသာ   တာဝန်ယူဆောင်ရွက် ရမည့်မူဝါဒဆိုင်ရာ ရာထူးတာဝန်ဖြစ်သော နိုင်ငံတော် ကောက်ပဲသီးနှံ  ရောင်းဝယ်ရေးအဖွဲ့  ဥက္ကဋ္ဌ တာဝန်ကို အထူးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော် အစိုးရက ဆရာကြီးအား ခန့်အပ်တာဝန်ပေးအပ်ခဲ့ ပါသည်။


ဖြေရှင်းဆောင်ရွက်ပေး


ဆရာကြီးသည်   အဖွဲ့ဥက္ကဋ္ဌအဖြစ်     စတင် ဆောင်ရွက်သည်နှင့်  လုပ်ငန်းတာဝန်များကို အဂတိ လိုက်စားမှုမရှိဘဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျေပွန် စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း အများရှေ့မှောက်၌ လေးနက်စွာကြေညာ၍        ကတိသစ္စာပြုခဲ့သည်။ ဆန်စက်ပိုင်ရှင်များအသင်း၊   ဆန်ကုန်သည်များ အသင်း၊    အခြားဘုတ်အဖွဲ့    အကြီးအကဲများနှင့် မျက်နှာစုံညီ အကြိမ်ကြိမ်တွေ့ဆုံ၍ တရားမျှတမှုကို အခြေခံပြီး  မှန်ကန်ရဲရင့်စွာ ဆောင်ရွက်ပေးခဲ့သည်။ စတင်တာဝန်ထမ်းဆောင်စဉ်ကာလ၌  ယခင်ကဲ့သို့ လာဘ်ပေးလာဘ်ယူမှုများ  ဆောင်ရွက်ခွင့်မရသည့် အတွက်   ဝန်ထမ်းဆိုးအချို့၏   ကဖျက်ယဖျက်ပြုမှု၊ ဆရာကြီးအား   ဥက္ကဋ္ဌတာဝန်   ပေးအပ်မှုအတွက် အစိုးရခေါင်းဆောင်အပေါ် ဆန္ဒပြရန်  ကြိုးပမ်းမှုများ ရှိခဲ့စေကာမူ အမှုထမ်း၊ အရာထမ်းများ၏ စိတ်ဓာတ် ပြုပြင်ပြောင်းလဲရေးအတွက် ဝန်ထမ်းများအားလုံးနှင့် ရင်းနှီးစွာတွေ့ဆုံပြီး ပြဿနာအရပ်ရပ်ကို ပြေလည် အောင် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ 


အဖွဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်စဉ်   နိုင်ငံ တော်  ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့အတွက်   အမြောက်အမြားလိုအပ်လျက်ရှိသည့် ဂုန်နီအိတ်များ ကို တင်ဒါခေါ်ယူခဲ့ရာ  ကုန်သည်တစ်ဦးသည်  အခြား ကုန်သည်များနည်းတူ       ဂုန်နီအိတ်တင်သွင်းခွင့် အတွက် တင်ဒါတင်သွင်းခဲ့သည်။ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ  သေချာပေါက်တင်ဒါရရှိရေး အတွက်    အဖွဲ့ဥက္ကဋ္ဌဖြစ်သည့်   ဆရာကြီးဦးဘခင် နေအိမ်သို့       လာဘ်ငွေအများအပြားနှင့်အတူ လာရောက်ခဲ့သည်။   ဆရာကြီးနှင့်   တွေ့ဆုံပြီးနောက် တင်ဒါရရှိရေးအတွက် ပေးအပ်လိုသောလာဘ်ငွေကို  ဆရာကြီးအနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း သိရသည်နှင့်     ဆရာကြီးတည်ထောင်ထားသော ကမ္မဋ္ဌာန်းဌာနအတွက်        လှူဒါန်းခြင်းဖြစ်ကြောင်း အကြောင်းပြ၍ ငွေပေးရန်ကြိုးပမ်းခဲ့သည်။     ဆရာကြီး က ယောဂီမဟုတ်သူများထံမှ  မသန့်ရှင်းသောအလှူ ငွေကို လက်ခံမည်မဟုတ်ကြောင်း ပြတ်သားစွာတုံ့ပြန် ပြီး ထိုကုန်သည်ကို နေအိမ်မှ နှင်ထုတ်ခဲ့သည်။


နာယကဂုဏ်နှင့်အညီ ရပ်တည်


စင်စစ်  ဆရာကြီးထံသို့    အဆိုပါကုန်သည် လာရောက်သည့်နေ့တွင်  သူပေးသွင်းသည့်    တင်ဒါ ဈေးနှုန်းမှာ အနိမ့်ဆုံးဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အတွက် တင်ဒါဘုတ်အဖွဲ့က လက်ခံ ရန် ဆုံးဖြတ်ထားခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို ထုတ်ပြန် ကြေညာခြင်း မပြုရသေးချိန်ဖြစ်သည်။  ဆရာကြီး အနေဖြင့် ထိုတင်ဒါမှာ  ဘုတ်အဖွဲ့က လက်ခံထားပြီး ဖြစ်ကြောင်း  သိရှိထားသော်လည်း  ထုတ်ဖော်အသိ ပေးမှုမရှိခြင်း၊   မည်သည့်အကြောင်းပြချက်နှင့်မျှ လာဘ်ငွေ/  အလှူငွေပေးမှုကို  လက်မခံခြင်းတို့ဖြင့် သူ၏ဖြောင့်မတ်ခိုင်မာသော နာယကဂုဏ်နှင့်အညီ ရပ်တည်ခဲ့သည်။
ဤကဲ့သို့  ဆရာကြီးဦးဘခင်၏   စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများကြောင့် လုပ်ငန်းများတိုးတက် အောင်မြင်ပြီး နိုင်ငံတော်အတွက်  ပြည်ပသို့   ဆန် တင်ပို့မှုနှုန်းထားများ   မြင့်မားလာခြင်း၊  နိုင်ငံခြား ဝင်ငွေများတိုးတက်လာခြင်း၊ အဂတိတရား ကင်းရှင်း လာခြင်း  အကျိုးရလဒ်များရရှိခဲ့သည့်အတွက် ထိုစဉ် က နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့က အသိ အမှတ်ပြု၍ ဂုဏ်ပြုဧည့်ခံပွဲများ ကျင်းပပေးခဲ့သည်။ 


ကိုယ်ကျင့်တရားဆိုင်ရာ စံပြပုဂ္ဂိုလ်


ဆရာကြီးဦးဘခင်သည်     ဒုတိယကမ္ဘာစစ် အတွင်းကာလ မန္တလေးမြို့တွင် တာဝန်ထမ်းဆောင် နေစဉ်   မိသားစုအကျပ်အတည်းနှင့်   ရင်ဆိုင်နေရ ချိန်၌ပင် အစိုးရပိုင်ငွေများကို မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်းမရှိဘဲ အထက်အရာရှိထံ  အချိန်မီ လိုက်လံအပ်နှံခဲ့သည့်နည်းတူ နိုင်ငံ့ဝန်ထမ်းအရာရှိ ကြီးတစ်ဦးအဖြစ်   တာဝန်ထမ်းဆောင်စဉ်ကာလ တစ်လျှောက်လုံးနှင့်  အငြိမ်းစားယူပြီးကာလ  ဘဝ တစ်သက်တာလုံးတွင်ပါ     ကိုယ်ကျင့်သိက္ခာကို အထူးစောင့်ထိန်းနေထိုင်သွားခဲ့သည်။


‌၁၉၇၂ ခုနှစ်   ဧပြီလ၌    အိန္ဒိယနိုင်ငံတွင် ထုတ်ဝေခဲ့သော မဟာဗောဓိမဂ္ဂဇင်းတွင် ဆရာကြီး ၏တပည့်ဖြစ်သူ ဦးဂိုအင်ကာက “ကျွန်ုပ်၏ဆရာ နှင့် ကျွန်ုပ်၏ကျေးဇူးရှင်” ခေါင်းစဉ်ဖြင့် ဆရာကြီး ၏ဘဝတစ်လျှောက်         နေထိုင်ဖြတ်သန်းသွားမှု အပေါ်  အမြင်ကို အောက်ပါအတိုင်း    မှတ်တမ်းတင် ဆောင်းပါးရေးသားခဲ့ပါသည် - 


“ဆရာကြီး၏ဘဝသည်  ကျွန်တော်တို့တပည့် အားလုံးအတွက် အားဆေးပင်ဖြစ်တော့သည်။ ဆရာကြီးသည်    ရိုးသား၏။   ဤမျှအရေးပါသော ရာထူးကြီးများကိုရလျှင်    မိမိကိုယ်ကျိုးအတွက် ဘဏ်များ၌ ငွေမြောက်မြားစွာ စုဆောင်းမိနိုင်၏။ သူဌေးဖြစ်နိုင်၏။      သို့သော် ဓမ္မလမ်းစဉ်ကား    ဤကဲ့သို့မဟုတ်ပေ။ ဆရာကြီးဦးဘခင်ကဲ့သို့ ဓမ္မ ဝိဟာရတရား    ကျင့်သုံးနေသူအဖို့    သူဌေးဖြစ် နည်းလမ်းစဉ်ကို  ရှောင်ကြဉ်နိုင်ခဲ့၏။ ဆရာကြီး ကွယ်လွန်သောအခါ     သားသမီးများအတွက် တိုက်ငယ်ကလေးတစ်လုံးသာ ကျန်ရစ်ခဲ့ပေသည်။    (ထိုနေအိမ်မှာလည်း        အငြိမ်းစားယူသည့်အခါ ဝန်ထမ်းဘဝစုဆောင်းငွေနှင့်    ဦးဂိုအင်ကာထံမှ အရစ်ကျချေးငွေတို့ဖြင့်   ဆောက်လုပ်သွားခဲ့ခြင်း ဖြစ်ပါသည်)  မတရားစီးပွားရှာမှုကို   ရှောင်ကြဉ် နိုင်ခဲ့၍ ချီးကျူးလောက်ပါပေသည်။
ဆရာကြီးကား          ရိုးသားတည်ကြည်သည့် အပြင် စိတ်ထားပြတ်သားတိကျလှသည်။                   
                       


မရိုးသားသော ကုန်သည်စီးပွားရေးသမားတို့က  ငွေများနှင့် လာဘ်ထိုးသော်လည်း လုံးဝလက်မခံခဲ့။         နိုင်ငံရေးအစိုးရလက်ထက်  ထိပ်တန်းနိုင်ငံရေး သမားတို့က အာဏာသုံး၍  ဖိနှိပ်ခြိမ်းခြောက်သော် လည်း မတုန်လှုပ်ခဲ့။   ထို့ကြောင့် ကြိမ်ဖန်များစွာ   ကုန်သည်ကြီးများ၏ ငြိုငြင်မှုကိုခံရ၏။    နိုင်ငံရေး သမားဝန်ကြီးများ၏ နှိပ်စက်မှုကိုခံရ၏။   ၎င်းတို့၏    အလိုဆန္ဒနှင့် သွေးဆောင်မှုများကို  မလိုက်လျောခဲ့ သောကြောင့်ပင်ဖြစ်၏။


စင်ကြယ်စွာပင်ကျင့်သုံး


ဆရာကြီးကား      တရားဥပဒေနှင့်မညီလျှင်၊ အကုသိုလ်ဖြစ်လျှင်  မျက်နှာမရွေး တိကျပြတ်သား စွာ ငြင်းပယ်တွန်းလှန်နိုင်ခဲ့ပေသည်။   လောကီကိစ္စ အဝဝကို ဆောင်ရွက်ပေးရာ၌  ဆန္ဒာဂတိ၊  ဘယာ ဂတိ စသည်တို့ကို ရှောင်ကြဉ်နိုင်ခဲ့ပေသည်။ အယူ အဆ ဝါဒီဆရာတို့၏ ငြင်းခုံချက်၊ တင်ပြချက်များ ကြောင့်လည်း         တွေဝေယိမ်းယိုင်မှုမရှိခဲ့။    ကျော်ကြားမှု   သို့မဟုတ်   နာမည်ပျက်မှုကိုငဲ့၍   ဓမ္မကို စင်စင်ကြယ်ကြယ်ကျင့်သုံးရန် မပယ်ဖျက်ခဲ့။ စင်ကြယ်စွာပင်ကျင့်သုံးခဲ့သည်။
အရာရှိအဖြစ်   စံပြနေထိုင်ကျင့်သုံးခဲ့သလို ဝိပဿနာဆရာကြီးအဖြစ်လည်း အရည်အချင်းရှိမှု၊ ရိုးသားမှုတို့ကြောင့်  စံပြဖြစ်ခဲ့ရသည်။ ဝိပဿနာ သင်တန်းများကို  ကရုဏာအပြည့်အဝဖြင့်   ပို့ချ ဟောပြောခဲ့၏။ အင်းယားမြိုင်လမ်းရှိ အပြည်ပြည် ဆိုင်ရာ   ဝိပဿနာရိပ်သာ၌   သမ္မတဟောင်း စဝ်ရွှေသိုက်ကို ဆက်ဆံသလို မင်းစေကိုလည်း မေတ္တာကရုဏာဖြင့်   မခွဲခြားဘဲ   ဆက်ဆံခဲ့၏။ တရားဝန်ကြီး ဦးချန်ထွန်းနှင့်   အပြစ်ကျခဲ့သော လူဆိုးကို အညီအမျှပင်   မေတ္တာထား၍    ဆုံးမ သွန်သင်ခဲ့ပေသည်။”  (ဦးဂိုအင်ကာ၏    မူရင်း အင်္ဂလိပ်ဘာသာဆောင်းပါးကို ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုတေသနအရာရှိ ဦးဟန်ဌေး၏   ဘာသာပြန်ဆိုမှု အပေါ် ဓမ္မာစရိယဦးဌေးလှိုင်ရေးသည့် အနာဂါမ် ဆရာသက်ကြီးစာအုပ်နှင့် ဓမ္မဒူတအတွဲ (၁) သူ့လို အရာရှိဆောင်းပါးတို့တွင်     ဖော်ပြထားမှုဖြစ်ပါ သည်။)


အထက်ပါစာပိုဒ်ပါ    ဆရာကြီး၏    နေအိမ် ဆောက်လုပ်မှုနှင့် ပတ်သက်၍လည်း ဆရာကြီး၏ သားဖြစ်သူ ဦးသိန်းဇံက “အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်းဌာန တည်ထောင်သူ ကျွန်တော့် ဖခင်ဆရာကြီး ဦးဘခင်”  အမည်ဖြင့်    ဖခင်ဖြစ်သူ အကြောင်း    ပြုစုရေးသားထားသည့်    အတ္ထုပ္ပတ္တိ စာအုပ်၌ ဆရာကြီးသည် ၁၉၆၄ ခုနှစ်  အောက်တို ဘာလတွင် တာဝန်အရပ်ရပ်မှ အနားယူခဲ့ကြောင်း၊ ထိုအချိန်တွင်    တက္ကသိုလ်မှ   ဘွဲ့ရရှိပြီးနောက် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ၌ အငယ်တန်း စက်မှုအရာရှိအဖြစ်     တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည့် တစ်ဦးတည်းသောသားဖြစ်သူ ဦးသိန်းဇံ အား  မိခင်ကြီးနှင့်  အစ်မများ၊   ညီမများ   ကြည့်ရှု စောင့်ရှောက်ရန် မှာကြားခဲ့ကြောင်း၊ သူ၏အငြိမ်း စားဝန်ထမ်းလစာကို     ဆရာကြီးကပင်   ထုတ်ယူ သိမ်းဆည်းထားမည်ဖြစ်ကြောင်း  မှာကြားခဲ့ပုံကို ဖော်ပြထားပါသည်။ 


အငြိမ်းစားယူပြီးနောက် နေအိမ်တွင် နေထိုင် ခြင်းမရှိဘဲ  အင်းယားမြိုင်လမ်းရှိ    အပြည်ပြည် ဆိုင်ရာ   ဝိပဿနာရိပ်သာ၌   တရားပြ၊ တရားအား ထုတ်လျက်ရှိသည့် ဖခင်ဖြစ်သူ ဆရာကြီးဦးဘခင် သည်   အငြိမ်းစားဝန်ထမ်းလစာကို  ထုတ်ယူနေခဲ့ ခြင်းမှာ နေအိမ်ဆောက်လုပ်ရန်အတွက်  ဝန်ထမ်း ဘဝ   စုဆောင်းငွေနှင့်    မလုံလောက်သည့်အတွက် တပည့်ဖြစ်သူ   ဦးဂိုအင်ကာထံမှ    ချေးငွေအတွက် အရစ်ကျပေးဆပ်နေခြင်းဖြစ်သည်ကို    နောက်ပိုင်း မှ သိရှိခဲ့ရပုံကို မှတ်တမ်းတင်ဖော်ပြထားပါသည်။


ကိုယ်ပိုင်အိမ်မရှိသေး


အစိုးရဌာနကြီးများတွင်   ရာထူးလေးခုကို တစ်ပြိုင်တည်း   တာဝန်ယူထမ်းဆောင်ခဲ့သော် လည်း တရားမဝင်လာဘ်လာဘမှန်သမျှ ရှောင်ရှား ၍     ဌာနတစ်ခုတည်း၏    လစာတစ်မျိုးကိုသာ ထုတ်ယူခဲ့သော ဆရာကြီးသည် အငြိမ်းစားယူချိန်၌ အိုစာမင်းစာငွေကျပ်     နှစ်သောင်းငါးထောင်သာ လက်ထဲတွင် စုဆောင်းမိထားသည်။ ဝန်ထမ်းသက် တစ်လျှောက်လုံး အစိုးရပေးသည့်အိမ်ရာများ၌သာ  နေထိုင်ခဲ့သည့်အတွက် မိသားစုနေထိုင်ရန် ကိုယ်ပိုင် အိမ်မရှိသေးပေ။
ထို့ကြောင့် ထိုစဉ်ကာလက  စိုက်ပျိုးရေးခြံ များသာရှိပြီး ကားလမ်းမပေါက်သေးသည့် ပါရမီ ရပ်ကွက်၌ မိသားစုနေထိုင်ရန် အိမ်တစ်လုံးဖြစ်လာ အောင် ဆောက်ပေးရန် တိုင်ပင်ဖက်တပည့်ကြီး ဖြစ်သူ ဦးဂိုအင်ကာကို စီမံစေခဲ့သည်။
တကယ်တမ်း        အိမ်ဖြစ်မြောက်အောင် ဆောက်လုပ်သောအခါ ဆရာကြီး၏စုဆောင်းငွေ လေးမှာ  လုံလောက်မှုမရှိဘဲ   အိမ်အပြီးသတ်ရန် ငွေတစ်သောင်းခန့်လိုနေခဲ့သည်။    စစ်ပြီးခေတ် မြန်မာနိုင်ငံတွင်     ဗန္ဓုလစောင်စက်၊       ဗန္ဓုလ ပလတ်စတစ်စက်၊   ဗန္ဓုလဖွဲနုဆီစက်၊   သီရိသစ္စာ ရောင်းဝယ်ရေးစသည့် စီးပွားရေးလုပ်ငန်းကြီးများ၏ လုပ်ငန်းပိုင်ရှင်၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့သို့ စောင်နှင့် အထည်အလိပ်များ ပေးသွင်းသည့်ကန်ထရိုက်တာ၊ ကမ္ဘာ့နိုင်ငံအများအပြားတွင်        သူ၏ကုမ္ပဏီခွဲ ကိုယ်စားလှယ်များစွာထားရှိ၍    အထည်အလိပ် လုပ်ငန်းများ ဆက်သွယ်လုပ်ကိုင်နေသူနှင့် မြန်မာ ပြည် မာရဝါရီကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌလည်း ဖြစ်သော     ရရှီဆတျာနာရယန်း     ဂိုအင်ကာ (ခေါ်) ဦးဂိုအင်ကာအတွက်  ထိုငွေကြေးမှာ   သူ၏တရား နည်းပြဂုရုကြီး    ဦးဘခင်အတွက်    အလွယ်တကူ ချက်ချင်းပေးလှူနိုင်သောပမာဏသာဖြစ်သည်။


ဦးဂိုအင်ကာက    ဆရာကြီးအား    ထိုငွေကို သူ့အနေဖြင့် ကန်တော့ငွေအဖြစ် ပေးလှူခွင့်ပြုရန် တောင်းပန်သည်ကို ဆရာကြီးဦးဘခင်က လက်မခံ ခဲ့ဘဲ   “တပည့်ယောဂီတစ်ယောက်က  လှူဒါန်း တာကို ဆရာကြီး ကိုယ်ရေးကိုယ်တာကိစ္စအတွက် အသုံးမပြုလိုကြောင်း၊   ဓမ္မနှင့်စပ်သော    အခြား သင့်တော်မည့်နေရာများသို့သာ      လှူဒါန်းရန် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။


မငြင်းသာဘဲလက်ခံလိုက်


မိမိ၏ဆရာကြီး  အခက်အခဲဖြစ်နေသည်ကို မည်သို့မျှ   မျက်နှာမလွှဲနိုင်သော   တပည့်ဖြစ်သူ ဦးဂိုအင်ကာသည်   ထိုငွေကို    ချေးငှားခြင်းသာ ဖြစ်ကြောင်း တစ်ဖက်လှည့်နှင့်ပြော၍ ကူညီခွင့် တောင်းရာ ဆရာကြီးမှာ  မငြင်းသာဘဲ   လက်ခံ လိုက်သည်။   ဦးဂိုအင်ကာ၏    စိတ်အတွင်း၌မူ ချေးငှားသည်ဟု   ပြောသော်လည်း  တကယ်တမ်း ပြန်ဆပ်သည့်အခါ မယူဘဲနေရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့ရာတွင်  အငြိမ်းစားလစာထုတ်ရက် ရောက်တိုင်း   ဆရာကြီးသည်   သူ၏ပင်စင်လစာ ချက်လက်မှတ်ကို ဦးဂိုအင်ကာထံ လွှဲအပ်၍ လစဉ် တစ်ပြားတစ်ချပ်မကျန် အရစ်ကျပေးဆပ်သွားပုံ အကြောင်းအရာအသေးစိတ်များကို    ဆရာကြီး ကွယ်လွန်ပြီးနောက် ၁၂ နှစ်မြောက် အထိမ်းအမှတ် အဖြစ်   အိန္ဒိယနိုင်ငံတွင်   အင်္ဂလိပ်ဘာသာဖြင့် (၁၉-၁-၁၉၈၃) ရက်နေ့ ထုတ်ဝေသည့် ဝိပဿနာ ဂျာနယ်၌ တပည့်ဖြစ်သူ  ဦးဂိုအင်ကာက   “မမေ့ စကောင်းသောဖြစ်ရပ်များ” ဆောင်းပါး ရေးသား လျက် အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ပါသည်-
“လကုန်၍ ပင်စင်လစာထုတ်ချိန်ရောက်တိုင်း ပင်စင်လစာချက်လက်မှတ်ကို   တစ်ပြားတစ်ချပ် မကျန်  ဆရာကြီးက ကျွန်တော့်ကို ထိုးအပ်တော့၏။ ကျွန်တော်ရင်နာရပါပြီ။ ငွေတစ်သောင်းဆိုသည်မှာ ကျွန်တော့်အတွက် မဖြစ်စလောက်ငွေပါ။ သို့သော် ဖခင်သဖွယ် လေးစားချစ်ခင်ရသော ဆရာအိုကြီးက သူ့မိသားစုအတွက်    တစ်ခုတည်းသောဝင်ငွေ ဖြစ်သော   ပင်စင်လစာကလေးကို    ထိုးအပ်၍ အကြွေးဆပ်နေလေပြီ။    ကျွန်တော်အဘယ်မှာ ယူရက်မည်နည်း။ ချစ်ကြောက်ရိုသေရသော ဆရာ ကြီး၏စကားကိုလည်း ကျွန်တော် မပယ်ရှားဝံ့ခဲ့ပါ။ ကျွန်တော်ဘာလုပ်ရမည်နည်း။


လွန်စွာရင်းနှီးကျွမ်းဝင်


ဤသို့ဖြင့် ရင်နင့်ဖွယ်ကောင်းသော နေ့ရက် များကို  ကျော်ဖြတ်လာခဲ့ရာ   နောက်ဆုံးအကြွေး ငါးထောင်သာ ကျန်သည့်အခြေအနေသို့ ရောက်ခဲ့ ၏။ ထိုအတောအတွင်း ကျွန်တော်၏ အဒေါ်လည်း တော်၍  မွေးစားမိခင်လည်းဖြစ်၊  ဆရာကြီးထံတွင် နည်းခံ၍  နှစ်ရှည်လများ   တရားအားထုတ်ဖူးသူ လည်းဖြစ်သော   အမေကြီးကွယ်လွန်လေသည်။ ဆရာကြီးထံတွင် ခုနစ်နှစ်ကာလမျှ  တရားအား ထုတ်ခဲ့ရာမှ ဓမ္မရသကို ခံစားခွင့်ရခဲ့သော အမေ ကြီးမှာ ဆရာကြီးနှင့်လည်း လွန်စွာရင်းနှီးကျွမ်းဝင် သူဖြစ်ပါ၏။ 
မိခင်ကြီး သေအံ့မူးမူးအချိန်တွင် ကျွန်တော် က “အမေ့အတွက်   ကျွန်တော်ကုသိုလ်ကောင်းမှုတွေ လုပ်မယ်။ အမေလှူချင်တန်းချင်တဲ့နေရာတွေကိုသာပြောပါ” ဟု မေးမြန်း၏။
“မင်းကောင်းမယ်ထင်တဲ့နေရာတွေကိုသာ လှူပါကွယ်”ဟု    မိခင်ကဆို၏။     ထို့ကြောင့် သင့်တော်မည့်ဆေးရုံများ၊   အလှူခံအဖွဲ့အစည်း များကို   အမည်တပ်ကာ    ကျွန်တော်ရွတ်ပြ၏။   အမေကား ခေါင်းတညိတ်ညိတ်။
ထို့နောက်  “အမေလှူချင်တဲ့အခြားနေရာတွေ များရှိသေးလား” ဟု  အမေ့ဆန္ဒကို ထပ်မံ၍စုံစမ်းပါ၏။
“အမေ -  ဆရာကြီးကို  ငွေငါးထောင်လှူချင် တယ်”
အမေ့စကားကို ကြားရသောအခါ ကျွန်တော် ဝမ်းနည်းဝမ်းသာဖြစ်ရပါသည်။   ဤဆန္ဒသည် “မိခင်အတွက် ကျွန်တော်နောက်ဆုံးဖြည့်စွမ်းပေးရမည့်ကုသိုလ်ပါတကား”ဟု    တွေးတောကာ ဝမ်းနည်းရသလို  ဤဆန္ဒကြောင့်ပင် ဖခင်သဖွယ် ဖြစ်သော ဆရာအိုကြီးထံမှ ရင်နင့်ဖွယ်ကြွေးဆပ် ခံနေရသောဝဋ်က လွတ်ပေတော့မည်ဟု ဝမ်းသာရ ပြန်ပါ၏။ သေရာညောင်စောင်းတွင် လဲလျောင်းနေ စဉ်က   အမေ၏ဆန္ဒများကို    ဆရာကြီးကြားရသော အခါ ဝမ်းမြောက်စွာ သာဓုခေါ်လေ၏။   ကမ္မဋ္ဌာန်း ဌာနတစ်ခုလုံးကို   လှည့်ပတ်ကာ  တွေ့သမျှလူ   အားလုံးတို့အားလည်း အောက်ပါအတိုင်း ပြောလေ တော့၏ -
“ကြည့်စမ်းကွာ။    သေပုံနေရာကျလိုက်တာ၊ သေခါနီးအထိ   သတိမလွတ်ဘူး။   ဓမ္မကိုလည်း နှလုံးသွင်းရင်း သေသတဲ့။ ဓမ္မအတွက် ငွေတွေ လှူသတဲ့။ ငါ့ကိုခေါင်းတပ်ပြီးလှူတာပါ။   ဒါပေမဲ့ ဓမ္မကို ဦးတိုက်ပြီးလှူတာမို့   ငါ့ကိုယ်ရေးကိုယ်တာ မသုံးပါဘူး။ အလှူရှင်ပိုပြီးလည်း အကျိုးများအောင် ဓမ္မနဲ့စပ်တဲ့နေရာတွေကို လှူရမယ်ဟေ့”
ပြောရင်းဆိုရင်းမှာပင် ဟိုဟိုသည်သည်ရှိ ဓမ္မ နှင့်ပတ်သက်သောကိစ္စများအတွက်     ၎င်းငွေ များအားလုံးကို ခွဲဝေလှူဒါန်းတော့သည်။ ကျွန်တော် မျှော်မှန်းတွေးဆချက်တို့        ပျက်စီးရလေပြီ။ ဘာစကားတစ်ခွန်းမျှ ထပ်၍မဆိုနိုင်၊   ငိုင်၍သာ ကြည့်နေမိပါသည်။ ဤသို့ဖြင့် လကုန်ရက်ရောက် တိုင်း        ဆရာကြီး၏ပင်စင်ချက်လက်မှတ်ကို ကျွန်တော်လက်ခံရသည်မှာ    နောက်ဆုံးငွေပြေ သည်အထိပင်”
သူကား ဦးဘခင်ဖြစ်သည်။ အခွင့်အာဏာများ လက်ကိုင်ရခဲ့သော်လည်း၊  အဂတိလိုက်စားကာ မတရားချမ်းသာနိုင်သော်လည်း  သေသည်အထိ သီလမပျက်၊ ဓမ္မကိုဖက်ကာ အနစ်နာခံခဲ့သည့် ဗီဇသတ္တိထူးခြားသော ဆရာကြီးဦးဘခင်ဖြစ်ပါ၏။ [ဓမ္မဒူတအတွဲ (၁) - သီလကထာ (သူ့လိုအရာရှိ - ဘာသာပြန်ဆောင်းပါး) ဓမ္မာစရိယဦးဌေးလှိုင်]
                         

(ဆက်လက်ဖော်ပြပါမည်)