
စလုပ်ပါ
စာဖတ်သူဖြစ်ဖူးမယ်ထင်ပါတယ်။ အလုပ်စားပွဲမှာ အလုပ်လုပ် နေတုန်း မတွေ့ရတာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်။ သူငယ်ချင်းရဲ့ဖုန်းနံပါတ်ကိုမှတ်ဖို့ ဘောပင်ရှာတော့ အလွယ်တကူရှာမတွေ့ဖြစ်တယ်။ သူငယ်ချင်းကို ခဏဖုန်းကိုင်ထားဖို့ ပြောပြီး ဘောပင်ကို ရှာတယ်။ ရှုပ်ထွေးနေတဲ့ ဖိုင်အပုံတွေကြားထဲမှာ ရှာတယ်။ မတွေ့ဘူး။ “ဒီနားလေးတင်ထားမိတာပါ” ဆိုပြီး ဖိုင်တွေကို လှန်ရှာတယ်။ ရုံးကို မတင်ရသေးတဲ့ပြေစာတွေ၊ မဆောင်ရသေးတဲ့ တယ်လီဖုန်းဘေလ်တွေ၊ ပျောက်နေတဲ့ဖိတ်စာတွေပဲ ထွက်လာတယ်။
အံဆွဲကို ဖွင့်ရှာတော့ သုံးပြီးသားဓာတ်ခဲအဟောင်းတွေ၊ သွားကြားထိုးတံတွေ၊ ထိုင်းနိုင်ငံက အကြွေစေ့တွေ၊ ပိန်ဆေးကြော်ငြာ တွေ၊ post card တွေကြားထဲမှာ ရှားရှားပါးပါး Marker Pen အနီရောင်ကို ရလိုက်တယ်။ စာရွက်အကြမ်းတစ်ရွက်ကိုဆွဲပြီး Marker Pen နဲ့ပဲ ဖုန်းနံပါတ်မှတ်လိုက်တယ်။
စာဖတ်သူလည်း ရုံးကို မတင်ရသေးတဲ့ပြေစာတွေကိုစုပြီး ဖိုင်တစ်ခုနဲ့သိမ်းလိုက်တယ်။ တယ်လီဖုန်းဘေလ်တွေကို “အရေးကြီး လုပ်ရန်” ဆိုတဲ့ ဖိုင်ထဲမှာ တွဲလိုက်တယ်။ အရှိန်ရလာပြီး စားပွဲ အံဆွဲကိုပါ ရှင်းလိုက်တယ်။ လွှင့်ပစ်သင့်တာတွေကို လွှင့်ပစ်တယ်။ သိမ်းသင့်တာတွေကို နေရာတကျသိမ်းလိုက်တယ်။
စိတ်ထဲမှာလည်း “ငါ့စားပွဲကို သပ်သပ်ရပ်ရပ်။ သန့်သန့်ရှင်းရှင်း ထားတော့မယ်” လို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်တဲ့အတိုင်း အစီအစဉ်ချတယ်။ ဖိုင်တွေကို အရောင်စနစ်တွေနဲ့ ခွဲထားလိုက်တယ်။ ဘောပင်တွေ၊ ခဲတံတွေ၊ ကတ်ကြေး၊ ဖိုင်တွဲစက် (Stapler) စတာတွေ ကို မတ်ခွက်တစ်ခုထဲမှာ စုထည့်လိုက်တယ်။ စားပွဲက သပ်သပ်ရပ်ရပ် နဲ့ သန့်သန့်ရှင်းရှင်းဖြစ်လာတဲ့အခါ အလွန်ပဲစိတ်ကြည်နူးတဲ့ပီတိကို စာဖတ်သူရဖူးမှာပါ။
စားပွဲရှင်းသလိုပါပဲ။ အလုပ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေ ရေးတဲ့အခါ၊ အားကစားတစ်ခုကို စလုပ်တဲ့အခါ၊ လေ့ကျင့်ခန်းတစ်ခုကို လုပ်တဲ့အခါ စလုပ်ဖို့ပဲ လိုပါတယ်။ စလုပ်တာနဲ့ စိတ်ဝင်စားမှု ရှိလာပါ လိမ့်မယ်။ စလုပ်တာနဲ့ စွမ်းအင်တွေပြည့်လာပြီး ပျော်ရွှင်မှုကြောင့် ဆက်လုပ်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။
ကျွန်တော်တို့တွေ အမြဲတမ်းပြောတာက “စိတ်ပါတဲ့နေ့ကျရင် မနက်ထပြေးမယ်” မှားပါတယ်။ စမလုပ်မချင်းဘယ်တော့မှ စိတ်ပါ မှာ မဟုတ်ပါဘူး။
“စိတ်ပါတဲ့နေ့ကျရင် စပြီးအစားလျှော့စားမယ်” မှားပါတယ်။ စပြီး အစားလျှော့မစားမချင်း စိတ်ပါမှာ မဟုတ်ပါဘူး။
“စွမ်းအားတွေ လိုသေးတယ်၊ ယုံကြည်မှုတွေ လိုသေးတယ်။ ဒါတွေရှိမှ ကိုယ်ပိုင်လုပ်ငန်းစမယ်” မှားပါတယ်။
စွမ်းအားတွေ၊ ယုံကြည်မှုတွေ၊ စိတ်ပါဝင်စားမှုတွေကို စလုပ်ပြီး မှ ရပါလိမ့်မယ်။ စလုပ်လိုက်တဲ့အခါမှာ စွမ်းအားတွေ ရှိလာပါလိမ့် မယ်။ လျှို့ဝှက်ချက်ကတော့ စလုပ်လိုက်ဖို့ပါပဲ။ စလုပ်တာနဲ့ပတ်သက် ပြီး သိသင့်တာရှိပါသေးတယ်။ ဘယ်အရာကိုမှ ရာနှုန်းပြည့်အဆင်သင့် ဖြစ်ပြီဆိုတာ မဖြစ်နိုင်ပါဘူး။ ဥပမာအားဖြင့် စာဖတ်သူက ရုံးမှာ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ဟောပြောပွဲလုပ်ရမယ်ဆိုပါစို့။ ရာနှုန်းပြည့် ပြင်ဆင်ပြီးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ စာဖတ်သူ ဘယ်နှကြိမ်ပဲ အစမ်းပြောပြော၊ ဘယ်နှကြိမ်ပဲ လေ့ကျင့်လေ့ကျင့်တကယ်ပြောတဲ့အခါကျတော့ ပြောပြီးတဲ့အခါ တစ်ခုခုလိုနေတာ တွေ့ရပါလိမ့်မယ်။
ဒီလိုပါပဲ အခမ်းအနားနဲ့ မင်္ဂလာဆောင်ဖူးသူတွေ ကိုယ်တွေ့ ဖြစ်ပါလိမ့်မယ်။ အခမ်းအနားနဲ့ ပရိသတ်ကြားထဲကိုလျှောက်တာ ဘယ်နှကြိမ်ပဲ လေ့ကျင့်ထားပါစေ တကယ်လျှောက်ပြီးတဲ့အခါကျ တော့ နောက်တစ်ခါသာ လျှောက်ခွင့်ရရင်ဆိုတဲ့ ပြင်ချင်တာလေးတွေ၊ ဖြည့်စွက်ချင်တာလေးတွေ စဉ်းစားမိမှာပါ။
ကိုမောင်မောင်က ပြောပါတယ်။ “ကျွန်တော်မမှားနိုင်ဘူး၊ အောင်မြင်ရမယ်ဆိုတဲ့ အာမခံချက်ရရင် ကျွန်တော်စလုပ်မယ်” မှားပါတယ်။ ကိုမောင်မောင် တစ်ခုခုကိုလုပ်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ အကောင်းဆုံးပြင်ဆင်ပြီး အဆိုးဆုံးကို မျှော်လင့်ထားပါ။ ပြီးရင်တော့ စလုပ်ပါ။ မမှားပါဘူးဆိုတဲ့ အာမခံချက်ကတော့ ဘယ်သူ့ဆီကမှ မရနိုင်ပါဘူး။ အဓိကကတော့ စလုပ်ဖို့နဲ့ မှားခဲ့ရင်လည်း မှားတာကို သင်ခန်းစာယူပြီး ဆက်လုပ်ဖို့ပါပဲ။
ကတိတည်ပါစေ
စိတ်ပညာရှင်တွေနဲ့ ဒဿနိကဆရာတွေက “မိမိကိုယ်မိမိ ယုံကြည်မှုရှိမှ အောင်မြင်မှုရမယ်” လို့ ဆိုကြပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိဖို့ကတော့ ပြောခဲ့တဲ့အတိုင်းလုပ်ပြီး လုပ်တဲ့အတိုင်း ပြောဖို့ လိုပါတယ်။ ကတိတွေ၊ လုပ်ပေးမယ်ဆိုတာတွေနဲ့ပတ်သက်ရင် လူတော် တော်များများက ပေါ့ပေါ့ပဲသဘောထားတတ်ကြပါတယ်။ လာပါမယ်လို့ ပြောထားပြီး ရောက်မလာသူတွေ၊ ပေးစရာရှိတဲ့ငွေကို မပေးဘဲ ရှောင်နေသူတွေ၊ ကတိတစ်လုံးကို လွယ်လွယ်ပေးပြီး ပျက်တတ်သူ တွေကို စာဖတ်သူတွေ့ဖူးမှာပါ။ သူတို့တွေဟာ ကတိပျက်ရုံမက အောင်မြင်မှုတွေ မရတဲ့အခါ လောကကြီးက မတရားဘူးလို့ အပြစ်ပြော တဲ့သူတွေပါ။
ကိုယ်လုပ်နိုင်တာကိုပဲ ကတိပေးပါ။ လိုအပ်လို့ ကတိပေးရမယ် ဆိုရင်တောင် အနည်းဆုံးကိုပဲပေးပါ။ ပေးပြီးရင်တော့ ကတိတည်ဖို့ လိုပါတယ်။ ကတိတည်လာတဲ့အခါ၊ လုပ်တဲ့အတိုင်းပြောပြီး ပြောတဲ့ အတိုင်းလုပ်တဲ့အခါ မိမိရဲ့ပြောတဲ့စကားက မိမိအတွက် ဥပဒေ ဖြစ်လာပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုတွေလည်း ပြည့်လာပါလိမ့်မယ်။
သတ္တိ
“မိုးရွာရင် မိုးရေချိုးမယ်။ မေမေလာရင်. . .” ဆိုတဲ့ ကိုင်ဇာ သီချင်းကို စာဖတ်သူတိုင်း ကြားဖူးကြမှာပါ။ ဒီသီချင်းလေးကို ကြားရင် ငယ်စဉ်က မိုးရွာထဲမှာ ဘောလုံးကန်တာကို တွေးပြီး ပျော်ရွှင်ကြည်နူး ရပါတယ်။
လက်တွေ့မှာတော့ ရုံးကအပြန် ညနေခင်း မိုးရွာရင် လမ်းတွေ ရေလျှံ၊ ကားတွေပိတ်ပြီး စိတ်ညစ်ရပါတယ်။ မြွေတွေ၊ ပင့်ကူတွေကြား ထဲမှာ အင်ဒီယာနာဂျုန်း(စ်) (Indiana Joanes) လမ်းလျှောက်ပြီး အန္တရာယ်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာကိုကြည့်ပြီး စိတ်လှုပ်ရှား ပျော်ရွှင်ရပါတယ်။ လက်တွေ့မှာတော့ လေအေးစက်ပျက်ပြီး ပူအိုက်တဲ့ အခါမှာ စိတ်တိုပြီး ပေါက်ကွဲကြပါတယ်။ တကယ်တော့ လက်တွေ့ဘဝ မှာ ကျွန်တော်တို့ တွေ့ကြုံရတဲ့အခက်အခဲတွေ၊ ထိတ်လန့်တုန်လှုပ် စရာတွေက ရုပ်ရှင်ထဲမှာထက် ပိုပါတယ်။
အစစအရာရာ အဆင်ပြေဖို့ကို ကျွန်တော်တို့ အမြဲမျှော်လင့်ကြ ပါတယ်။ ငွေကြေးအဆင်ပြေရုံသာမက လေယာဉ်ပျံတွေ အချိန်မီထွက်ရ မယ်။ လမ်းတွေ ကားရှင်းရမယ်။ ဘဏ်မှာ ငွေသွားထုတ်ရင် လူရှင်း ရမယ်စတဲ့ အရာရာမှာ အဆင်ပြေလွယ်ကူချောမွေ့ဖို့ ကျွန်တော်တို့ လိုချင်ကြပါတယ်။ ဖြစ်မလာတဲ့အခါ စိတ်ဖိစီးမှုဒဏ်ကို ခံရပါတယ်။
တကယ်တော့ ဘဝကြီးက အစစအရာရာအဆင်ပြေပြီး ဘာပြဿနာမှမရှိရင် အလွန်ပျင်းဖို့ ကောင်းပါလိမ့်မယ်။ ဦးနှောက်တွေ လည်း သံချေးတက်ပြီး အလုပ်လုပ်မှာ မဟုတ်တော့ပါဘူး။ ဘဝမှာ ဘယ်လိုဖြစ်ရမယ်။ ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ စည်းကမ်းတွေ မထုတ်ရင် ဖြစ်လာတဲ့ ပြဿနာမှန်သမျှကို ဖြေရှင်းဖို့၊ ရင်ဆိုင်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။
စိတ်ကူးယဉ်တဲ့အတိုင်းတော့ လက်တွေ့ဘဝက မဖြစ်နိုင်ပါဘူး။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း အခက်အခဲလို့ မမြင်ဘဲ အခွင့်အရေးလို့မြင်နိုင်အောင် ကြိုးစားပါ။ စိတ်ဝင်တစား ဇွဲရှိရှိနဲ့ အခက်အခဲကို ကျော်နိုင်အောင် ကြိုးစားပါ။ အခက်အခဲကို ကျော်တာ နဲ့ ရရှိမယ့်အခွင့်အရေးကို မြော်တွေးပါ။
တစ်ခါတလေကျရင် တော်တဲ့သူ၊ ဉာဏ်ကောင်းတဲ့သူထက် စွန့်စားရဲတဲ့သူ၊ သတ္တိရှိသူက သာသွားတာကို စာဖတ်သူတွေလည်း ကြုံဖူးမှာပါ။ ကိုမောင်မောင်က ပြောပါတယ်။ “ကျွန်တော် ဘွဲ့နှစ်ခု ရထားတယ်။ ဉာဏ်လည်းကောင်းတယ်။ မယုံနိုင်စရာပဲ။ ကျွန်တော့် လောက် မတတ်တဲ့သူက ကျွန်တော့်ထက် စီးပွားရေးပိုကောင်းနေတယ်။ လောကရဲ့ ဥပဒေသတစ်ခုက ကျွန်တော်တို့ရဲ့ ငွေ သို့မဟုတ် ရာထူး ကို ဆုံးရှုံးမှာမကြောက်ရင် အကျိုးကျေးဇူးရနိုင်တယ်ဆိုတာပါပဲ။”
မိမိအနားမှာ မိမိလုပ်ရပ်တွေကို မေးခွန်းထုတ်မယ့်သူ ဆန့်ကျင် မယ့်သူတွေထားပါ။ သူတို့ရှိတဲ့အတွက် ဘဝက အဆင်မပြေပေမယ့် အမှန်ကိုတော့ သိပါလိမ့်မယ်။ မိမိနားမှာ မိမိအလိုလိုက်ပြီး အကောင်းပြောမယ့်သူတွေ ထားရင်တော့ အခက်အခဲတွေနဲ့ ကြုံတွေ့ ရပြီး ကျဆုံးမှုတွေ ဖြစ်လာရင် “ခင်ဗျား အပြစ်မဟုတ်ပါဘူး” လို့ နှစ်သိမ့်ပါလိမ့်မယ်။ စိတ်ကျေနပ်မှုကိုရပြီး အဆင်ပြေပေမယ့် အမှန်နဲ့တော့ ဝေးရပါလိမ့်မယ်။
ပြန်တိုက်ခိုက်ပါ
“နှလုံးသားကို ဖြူစင်အောင်ထားပါ” ဆိုတာ စိတ်ထားပျော့ပါ၊ သူတစ်ပါးအလိုကို အမြဲလိုက်ပါလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကမ္ဘာ ကြီးက ပြိုင်ဆိုင်မှုတွေ ကြမ်းတမ်းပြီး သဘာဝနိယာမတရားတွေက ရက်စက်ပါတယ်။ အားငယ်တဲ့သိုးငယ်ကို ဝံပုလွေက စားမှာပါပဲ။ အားနည်းပျော့ညံ့တဲ့သူကိုလည်း စားမယ့်သူတွေ အပြည့်ပါပဲ။ သင်ပျော့ညံ့ရင် သင့်ကို ဝံပုလွေက သတိထားမိပါလိမ့်မယ်။ သင့်ကို ပစ်မှတ်ထားပါလိမ့်မယ်။ သင်အစားခံရပါလိမ့်မယ်။
တစ်ခါတုန်းက ဖားတစ်ကောင်က စမ်းချောင်းဘေးမှာ ထိုင်နေပါတယ်။ ကင်းမလက်မည်းတစ်ကောင်က ရောက်လာပြီး “ကိုဖား ကျွန်တော့်ကို ခင်ဗျားနောက်ကျောပေါ်မှာ တင်ပြီး စမ်းချောင်းတစ်ဖက်ကို ကျေးဇူးပြုပြီး ပို့ပေးပါ။ ကျွန်တော် ရေမကူး တတ်လို့ပါ” လို့ပြောပါတယ်။
ကိုဖားက “ခင်ဗျားတို့ ကင်းမလက်မည်းတွေက ဖားတွေကို ကိုက်တယ်” လို့ ပြောပါတယ်။ ကင်းမလက်မည်းက “မကိုက်ပါဘူးဗျာ။ ကျွန်တော်က ဟိုဘက်ကမ်းရောက်ချင်တာပဲ” လို့ပြောပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments