
ကနောင်
“ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်” တဲ့။ မြန်မာ ဆိုရိုးစကားရှိပါတယ်။
အဲဒီလိုပဲ လူချင်းတူရင် ကံကောင်းတဲ့သူက သာသတဲ့၊ ကံချင်းတူရင် ဉာဏ်ကောင်းတဲ့သူက သာသတဲ့၊ ဉာဏ်ချင်းတူရင်တော့ ဝီရိယအားစိုက် သူက သာပါသတဲ့။ မိမိရဲ့ ကံ၊ ဉာဏ်၊ ဝီရိယဆိုတာ မိမိရဲ့အားထုတ်မှုပဲဖြစ်ပါတယ်။ ကံကောင်းသူဟာ ကောင်းတဲ့လုပ်ရပ်တွေကို လုပ်ဆောင်တဲ့သူပဲ ဖြစ်ပြီး ဉာဏ်ကောင်းသူဟာ အသိဉာဏ်ပညာကို ကောင်းကောင်းမွန်မွန်အသုံးချနိုင်သူပဲ မဟုတ်ပါ လား။ ကောင်းမွန်တဲ့အလုပ်တွေကိုလုပ်ပြီး အသိ ဉာဏ်နဲ့ယှဉ်တဲ့ မဆုတ်မနစ်ကြိုးစားအားထုတ်မှုရှိမယ်ဆိုရင် အကောင်းဆုံးလူသားဘဝကို ပိုင်ဆိုင် နိုင်ကြမှာပါ။
ဗျသနတရားငါးပါးမှ ကင်းဝေးကြဖို့
လက်ရှိ မိမိတို့တိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်း အလဲတစ်ရပ်ဟာ အကြောင်းကြောင့် အကျိုးဖြစ် လာခဲ့ရတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဖြစ်ပေါ် လာတဲ့အကြောင်းအရာကို တိတိပပ စေ့ငုလေ့လာ မှုမရှိ၊ ခံစားချက်အပေါ်အခြေခံပြီး သူတစ်ပါး စေ့ဆော်မှုတွေကို နားယောင်ရင်း ဗျသနဆိုတဲ့ ပျက်စီးခြင်းသဘောကို မကြုံချင်ဘဲ ကြုံရသူတွေကို ယခုကာလမှာ စိတ်မသက်သာဖွယ် အများဆုံး မြင်တွေ့လာရပါတယ်။
ဗျသနမှာ ညာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသန၊ သီလဗျသန၊ ဒိဋ္ဌိဗျသနဆိုတဲ့ ဆွေမျိုး မိတ်သင်္ဂဟဆုံးရှုံးရခြင်း၊ စည်းစိမ်ဥစ္စာဆုံးရှုံးရခြင်း၊ ရောဂါဘယနှိပ်စက်သဖြင့် ဆုံးရှုံးရခြင်း၊ မိမိ ဆောက်တည်ထားတဲ့ သီလဆုံးရှုံးရခြင်း၊ ကိုယ်ကျင့် တရားပျက်ယွင်းခြင်း( မသမာမှု၊ မတရားမှု၊ အဓမ္မ မှု၊ အကြမ်းဖက်မှု) တွေနဲ့ အယူမှား၊ အယူလွဲတွေ ကို ယုံကြည်ခြင်းဖြင့် ပျက်စီးစေတဲ့ ဗျသနကို အသိဉာဏ်ပညာအားနည်းသူတွေ၊ သတိမမူ ဂူမမြင်ကြသူတွေနဲ့ အတွေ့အကြုံအားနည်းတဲ့ လူငယ်တွေမှာ အများဆုံးကြုံတွေ့နေကြရပါ တယ်။
ဘာသာတရားရဲ့ အဆုံးအမတွေ၊ မိရိုးဖလာ ယဉ်ကျေးမှုအလေ့အထတွေဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ ပရမ်းပတာအုပ်ချုပ်သူတွေ လက်အောက်မှာ အများကြီးပျက်ယွင်းခဲ့ရတာကို လည်း အထင်အရှားမြင်တွေ့ရပါတယ်။ ဗျသန (ပျက်စီးခြင်း)မှာ ဆွေမျိုးပျက်စီးတာ၊ မိမိကိုယ်ကို ထိခိုက်စေတာရှိပေမယ့် ဘဝနဲ့သံသရာအထိ မပျက်စီး သေးပါဘူး။ မီးလောင်၊ ရေမျော၊ စည်းစိမ်ဆုံးရှုံး စတဲ့ ဗျသနမှာလည်း ပြာပုံဘဝရောက်ရင်တောင် ပြန်လည်ရုန်းထဖို့အတွက် အခွင့်အရေးရှိပါသေး တယ်။ သို့ပေမယ့် ယုံကြည်မှု၊ အားကိုးမှု လမ်းမှား ရောက်ရင် အဇာတသတ်က ဒေဝဒတ်ကို ဆရာတင်မိ သလို အလုံးစုံပျက်စီးပြီး ယခုဘဝ၊ နောင်သံသရာ တစ်လျှောက် ပျက်စီးရကိန်းကြုံရမှာဖြစ်ပြီး အပါယ် လေးဘုံကိုလည်း လမ်းက တန်းနေစေပါတယ်။ အထူးသဖြင့် အကျင့်သီလနဲ့ အယူဒိဋ္ဌိ ဖောက်ပြန် ပျက်ယွင်းခဲ့မယ်ဆိုရင် လူသားဘဝဟာ အမြစ်က စပြီး တူးဖြိုခံရတဲ့ သစ်တစ်ပင်လို နာလန်ပြန်ထူဖို့ ဝေးရမှာဖြစ်ပါတယ်။
မိမိတို့နိုင်ငံဟာ ဘာသာတရားပေါင်းစုံယှဉ်တွဲ ပြီး အေးအေးချမ်းချမ်းနေထိုင်ခဲ့တဲ့နိုင်ငံ၊ တိုင်းရင်း သားပေါင်းစုံ စုစည်းပြီးနေထိုင်ခဲ့တဲ့နိုင်ငံ၊ ဂါရဝေါစ၊ နိဝါတောစနဲ့ ပြည့်စုံတဲ့နိုင်ငံ၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နဲ့အညီ နေထိုင်ခဲ့တဲ့သမိုင်း အစဉ်အလာကောင်းရှိခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက မိဘ၊ ဆရာသမားတွေဟာ ငါးပါးသီလ ကို သားငယ်သမီးငယ်တွေဆီ သင်ကြားပေးခဲ့ကြ ပါတယ်။ “သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင် ကြဉ်မည်၊ သူ့ဥစ္စာလည်းမခိုးဘဲ အမြဲရှောင်ကြဉ် မည်၊ လိမ်ညာ၍လည်းမပြောဘဲ အမြဲရှောင်ကြဉ် မည်၊ သူ့အိမ်ရာလည်း မမှားဘဲ အမြဲရှောင်ကြဉ်မည်၊ သေရည်သေရက်မသောက်စားဘဲ အမြဲရှောင်ကြဉ် မည်” ဆိုတဲ့ သံပေါက်လေးတွေက ငါးပါးသီလကို ပါဠိလို ဋ္ဌာန်ကရိုဏ်းကျကျ မရွတ်တတ်သေးတဲ့ ကလေးငယ်ဘဝမှာ ကလေးတွေ စိတ်သန္တာန်မှာ မှတ်မှတ်ရရဖြစ်စေဖို့ လူကြီးမိဘတွေက လေ့ကျင့် ပေးခဲ့ကြတဲ့ သင်ကြားမှုတစ်ခုပဲဖြစ်ပါတယ်။
ခေတ်သစ်ခိုးသားငါးရာ
မိမိတို့ဗုဒ္ဓဘာသာမှာ ကံငါးပါးဟာ အခြေခံ ကျင့်ဝတ်စည်းကမ်းဖြစ်သလို အခြားသောဘာသာ ကြီးတွေမှာလည်း လိမ်ညာမပြောရ၊ သူ့အသက် မသတ်ရ၊ သူ့ဥစ္စာမခိုးရ စတဲ့အချက်တွေကို အလေးအနက်ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ ပြည်သူ တွေရဲ့ မဲတစ်ပြားဟာ တိုင်းပြည်အတွက်တော့ အုတ်တစ်ချပ်ချင်း၊ သဲတစ်ပွင့်ချင်းပဲဖြစ်ပါတယ်။ အုတ်ချပ်တိုင်း၊ သဲပွင့်တိုင်းကို တန်ဖိုးထားပြီး မှန်ကန်တဲ့မဲရလဒ်တွေဖြစ်မှသာ ပြည်သူအပေါ်ကို သစ္စာရှိတဲ့ခေါင်းဆောင်ကောင်းတွေ ထွက်ပေါ်လာ မှာမဟုတ်ပါလား။၊ ဒါကို မဲလိမ်၊ မဲခိုးခဲ့ကြတဲ့ အတ္တ ကြီးတဲ့ အနိုင်ရလိုသူတွေဟာ အခြေခံ ငါးပါးသီလ ကိုမှ မလိုက်နာ၊ ခိုးမှု၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်နေသူတွေပဲဖြစ်ပြီး ထိုလူစားတွေနဲ့ အပေါင်းအပါတွေ ခေါင်းဆောင်ဦးစီးမှုသာဆိုရင် တိုင်းပြည်ဟာ ရိုးသားမှုပျောက်ဆုံးပြီး ပျက်စီးခြင်း ရောက်ရမှာအသေအချာပဲဖြစ်ပါတယ်။
မြန်မာ့သမိုင်းဖြစ်စဉ်တွေကို ပြန်ကြည့်မယ် ဆိုရင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေနဲ့ ပြည့်စုံတဲ့ မင်းကောင်းမင်းမြတ်တွေလက်ထက်မှာ တိုင်းပြည်ဟာ တိုးတက်စည်ကားဖွံ့ဖြိုးခဲ့သလို ဆန်ရေစပါးပေါကြွယ်တာ၊ ရာသီဥတုမျှတတာ၊ ရာဇဝတ်မှုနည်းပါးတာ၊ ဘာသာတရားပိုမိုကိုင်းရှိုင်း ကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မိမိတို့ မျက်မှောက်ကာလမှာလည်း သီလဝိသုဒ္ဓိ ကိုယ်ကျင့် သီလကောင်းမွန်တဲ့ခေါင်းဆောင်တွေနဲ့ သီလကို တန်ဖိုး ထားရမှန်းသိ၊ ကိုယ်ကျင့်တရားလေးစားလိုက်နာပြီး နိုင်ငံတကာက ဦးညွှတ်လေးစားရတဲ့ လူကြီး လူကောင်းဆန်တဲ့ စိတ်ဓာတ်ရှိသူတွေ၊ ဒီမိုကရေစီရဲ့ အနှစ်သာရကို နားလည်ပြီး အထက်တန်းကျကျ ခံစားနိုင်တဲ့ပြည်သူတွေများများရှိမှ သူခိုး၊ ဓားပြမရှိ၊ အကြမ်းဖက်လူသတ်မှုမရှိနဲ့ တိုင်းပြည်က လုံခြုံ အေးချမ်းပြီး ပြည့်စုံတဲ့နိုင်ငံ ထူထောင်နိုင်မှာ ဖြစ်တယ်ဆိုတာကို ပြည်သူတွေ သတိပြုမိစေလိုပါ တယ်။
မိမိတို့နိုင်ငံသားတွေဟာ အစဉ်အဆက် လူကြီး သူမတွေကို မြင်တွေ့တဲ့အခါ ရိုရိုသေသေ လေးလေး စားစား ဆက်ဆံတတ်အောင်၊ ယဉ်ကျေးပျူငှာတဲ့ လောကဝတ်တွေကို သင်ကြားပေးခဲ့ကြပါတယ်။ ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ စာရိတ္တသီလ၊ ဝါရိတ္တသီလတွေကို လူငယ်တွေ သိမြင်နားလည်ပြီး မကောင်းမှုဒုစရိုက်တွေကို လုပ်ဆောင်ဖို့ ရှက်တတ်၊ ကြောက်တတ်အောင် သင်ကြားပေးခဲ့ကြပါတယ်။ ဒါဟာ လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်အရည်အချင်းကို ဖြည့်ဆည်းဖို့အတွက် လူကြီးမိဘတွေရဲ့ ကြိုးပမ်းခဲ့မှု တွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မိမိတို့ပြည်သူ တွေဟာ တစ်ဦးချင်းစီရဲ့ သီလနဲ့ပညာကို ဖြည့်ကြ ရမှာဖြစ်ပြီး မကောင်းမှု၊ ဒုစရိုက်တွေနဲ့ ပြည့်နှက် နေတဲ့ ဆင်ခြင်တုံတရားအားနည်းတဲ့ လူတစ်စုရဲ့ မြှောက်ပင့်သွေးထိုးမှုတွေကို တွန်းလှန်ကြရင်း နိုင်ငံထူထောင်ရေးမှာ ပါဝင်ကြရမှာဖြစ်ပါတယ်။
ဆင်ခြင်တုံတရားမပါတဲ့ ခြောက်လှန့်မှုတွေကို တွန်းလှန်
ပြီးခဲ့တဲ့ရက်ပိုင်းက မြေပြင်မှာလက်တွေ့ကျကျ ဘာတစ်ခုမှ မပြသနိုင်ဘဲ ပြည်ပြေးဘဝနဲ့ တိုင်းပြည် အတွင်းရေးကို ခြယ်လှယ်လိုတဲ့ လေလှိုင်းအကြမ်း ဖက် NUG ကနေ ဆင်ခြင်တုံတရားကင်းမဲ့၊ နိုင်ငံကို ဆင်းရဲတွင်းနက်စေမယ့် လှိမ့်လုံး၊ ခြောက်လုံးတွေ ကို မိန့်ခွန်းဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ကိုဗစ်တတိယ လှိုင်းကြောင့် မောပန်းနေကြရတဲ့ ပြည်သူတွေ အတွက် ဆင်းရဲတွင်းနက်စေမလား၊ အတိဒုက္ခကြုံ စေမလား ခံစားပေးဖော်မရ၊ မိမိတို့လူတစ်စု ကောင်းစားရေးအတွက် အဝေးကနေ ကယောင် ကတမ်းမြှောက်ပင့်သွေးထိုးချက်လို့ပဲ စာရေးသူက တော့ သတ်မှတ်လိုပါတယ်။
အမိုက်မှောင်ဖုံးလွှမ်းနေတဲ့ PDF တွေရဲ့ လက်ချက်နဲ့သေဆုံးသွားရတဲ့မိသားစုတွေ၊ မသိ နားမလည်တဲ့ လူငယ်တွေကို အာဇာနည်ဆိုပြီး မြှောက်ပေးနေသံတွေဟာ အကျည်းတန်လွန်းပါ တယ်။ ကုန်စိမ်း ရောင်းနေတဲ့ အမျိုးသားတစ်ယောက် ကို သေနတ်နဲ့ ၁၂ ချက်လောက်ပစ်ရလောက်အောင်၊ လျှပ်စစ်ရုံးရှေ့ ဗုံးထောင်တဲ့အခါ ဖြတ်သွားမိတဲ့ ဆိုက်ကားဆရာ ထိခိုက်ရလောက်အောင် တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်က ထင်ရာစိုင်းသတ် ဖြတ်ကြဖို့အတွက်လားလို့ မေးခွန်းထုတ်စရာဖြစ်ခဲ့ ရပါတယ်။
အကြမ်းဖက်ခြင်းကို မည်သည့်နိုင်ငံကမျှ လက်ခံမှာမဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန် ရလောက်အောင်လည်း မိမိတို့နိုင်ငံကို မည်သည့် နိုင်ငံကမျှ မတရားသိမ်းပိုက်ထားတာ မဟုတ်ပါ ဘူး။ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ တရားမျှတမှုကို ဖော်ဆောင်ဖို့ လက်ရှိအစိုးရရဲ့ဆောင်ရွက်ချက်တွေ ကို မျက်ကွယ်မပြုဘဲ မြင်အောင်ကြည့်တတ်ကြဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်တို့အကြား၊ အစိုးရတို့အကြား ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်တစိုက်ကြိုးပမ်းနေခဲ့တာ ဆယ်စုနှစ်ပေါင်း များစွာရှိပါပြီ။ စားပွဲဝိုင်းပေါ်ရောက်အောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ ပင်ပန်းမှုတွေ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေဟာ ပါတီတစ်ခု၊ လူတချို့ရဲ့ အခွင့်အာဏာကို အကြောင်းပြပြီး ပျက်သုဉ်းသွားရမှာကိုတော့ မတွေ့မမြင်လိုတဲ့ ဆင်ခြင် တုံတရားရှိတဲ့ပြည်သူတွေ ရှိနေမှာဖြစ်ပါတယ်။
လက်ရှိမိမိတို့ပြည်သူတွေဟာ D Day ဆိုတဲ့ စကားရပ်အောက်မှာ ပင်ပန်းလွန်းလှပြီပဲဖြစ်ပါ တယ်။ လက်သုံးချောင်းထောင်ရင်း ကြွေလွင့်ခဲ့ရတဲ့ လူငယ်တွေ၊ CDM လုပ်ရမယ်ဆိုလို့ လိုက်လုပ်ရင်း အနေအစားပျက်ယွင်းခဲ့ရတဲ့ ဝန်ထမ်းတွေ၊ မတရား မှုဆိုပြီး မြှောက်ပင့်ပေးတိုင်း တောခို၊ ပြည်ပြေးဘဝ နဲ့ မိသားစုနဲ့ ထာဝရဝေးကွာသွားခဲ့ရတဲ့ မျိုးဆက် သစ်တွေ …။ မိမိတို့ပြည်သူအားလုံး အသိဉာဏ် ပညာနဲ့ယှဉ်ပြီး ဝေဖန်ပိုင်းခြားစေလို လှပါပြီ။
ထင်ရာမစိုင်းကြလေနဲ့
နုနယ်စဉ်ငယ်ဘဝက သူငယ်ချင်းအချင်းချင်း မရေမရာဝေခွဲရခက်တဲ့အခြေအနေမှာ အချင်းချင်း သတိပေးတာလေး သတိရမိပါတယ်။
“ဟေ့ကောင် အများယောင်လို့ မယောင်နဲ့၊ သူများပြောတိုင်းမယုံနဲ့၊ ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစဉ်း စားစားလုပ်”
“ဒါဆိုဘယ်လိုလုပ်ရမလဲ”
“ကျုတ်ကျက်လိပေါ့ကွ”
“ဟေ ဘာလဲဟ ကျုတ်ကျက်လိက”
“မင်းကလည်း ဦးနှောက်နည်းနည်းလေးကွာ၊ ကျုတ်ကျက်လိဆိုတာ ကြည့်ကျက်လုပ်ပေါ့ဟ”
ယခုလည်း စိတ်ထဲထင်ရာ၊ ဘာမသိညာမသိ သူများလုပ်တာနဲ့ ရောယောင်ကာ မလုပ်ကြပါလေ နဲ့၊ ကျုတ်ကျက်လိ။ သိမြင်အောင် ကြည့်ကြပါဦး ဟုသာ။ ။
- Log in to post comments