လီဗာပူးကို အနိုင်ယူကာ ယခုနှစ်ရာသီ  ပထမဆုံးပရီမီယာလိဂ်နိုင်ပွဲရရှိဖို့ ကြိုးစားလာမယ့် လိဒ်စ်

 

 

ပရီမီယာလိဂ်ပွဲစဉ်(၄)မှ လိဒ်စ်နှင့် လီဗာပူးအသင်းတို့ပွဲစဉ်ကို စက်တင်ဘာ ၁၂ ရက်  ည ၁၀ နာရီတွင်  လိဒ်စ်အိမ်ကွင်း၌    ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ အာဂျင်တီးနားလူမျိုး နည်းပြဘီရယ်ဆာ၏ လိဒ်စ်အသင်း သည်    ယခုနှစ်ယှဉ်ပြိုင်ကစားခဲ့သည့်   ပရီမီယာလိဂ်တွင်   မန်ယူကို ငါးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး အဲဗာတန်ကို တစ်ဖက်နှစ်ဂိုးစီ၊ ဘန်လေကို တစ်ဖက်တစ်ဂိုးစီ   သရေကျထားသည့်အတွက်  ရမှတ်   နှစ်မှတ်သာ ရရှိထားသေးသည်။   ဂျာမနီလူမျိုးနည်းပြ     ကလော့ပ်ကိုင်တွယ်သည့် လီဗာပူးအသင်းက ယခုနှစ်ရာသီ ပရီမီယာလိဂ် သုံးပွဲတွင် နော့ဝှစ်ချ်ကို သုံးဂိုး-ဂိုးမရှိ၊ ဘန်လေကို နှစ်ဂိုး-ဂိုးမရှိဖြင့်နိုင်ပြီး ချယ်ဆီးကို တစ်ဖက် တစ်ဂိုးစီ သရေကျထားသည့်အတွက် ရမှတ် ခုနစ်မှတ် ရရှိထားသည်။  
ယမန်နှစ်က လိဒ်စ်အသင်းနှင့် လီဗာပူးအသင်းတို့ နှစ်ကြိမ်တွေ့ဆုံခဲ့ ရာတွင် လီဗာပူးအသင်းက အသာရထားပြီး တစ်ကြိမ်နိုင်၍ တစ်ကြိမ် သရေကျထားသည်။ ထို့အပြင် အဆိုပါနှစ်သင်းတွေ့ဆုံတိုင်း ခက်ခက် ခဲခဲ ယှဉ်ပြိုင်ကစားရပြီး လီဗာပူးအသင်းက အသာရထားသောကြောင့် ယခုအကြိမ်တွေ့ဆုံမှုတွင်   နည်းပြ ဘီရယ်ဆာအနေဖြင့်   မည်သည့် နည်းဗျူဟာသုံးပြီး မည်သို့အနိုင်ယူသွားမလဲ စောင့်ကြည့်ရမည်ဖြစ် သည်။ 
ယနေ့ပွဲစဉ်တွင် လိဒ်စ်အသင်း၌ ဒါးလက်ပ်စ်၊ ဖာပိုနှင့် ကလစ်ချ်တို့ ပါဝင်လာနိုင်ဖွယ်ရှိသော်လည်း  ရော်ဘင်ကို့ချ်ကတော့ ဒဏ်ရာပြဿနာ ကြောင့် ပါဝင်လာနိုင်ဖွယ်မရှိကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် နည်းပြဘီရယ်ဆာက အတည်ပြုခဲ့သည်။ လီဗာပူး၌ ဘက်ကာနှင့် ဖာဘင်ဟိုတို့ကို ဖီဖာက ပွဲကစားခွင့်ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးလိုက် သည့်အတွက် ယနေ့ပွဲစဉ်တွင် အသင်း၌ ပါဝင်လာဖွယ်ရှိသော်လည်း  ဖာမီနိုကတော့ ဒဏ်ရာကြောင့် လွဲချော်ဖွယ်ရှိသည်။ 
ယခုနှစ်ရာသီ ပထမဆုံးပရီမီယာလိဂ်နိုင်ပွဲရရှိရန် ကြိုးစားလာမည့် လိဒ်စ်အသင်းအနေဖြင့် ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်ပိုင်း တောင့်တင်း ခိုင်မာသည့် လီဗာပူးအသင်းကို   အနိုင်ယူသွားနိုင်မလားဆိုသည်ကို စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် အဆုံးအဖြတ်ပေးသွားမည်ဖြစ်သည်။   
အောင်ဇော်