
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်
ထက်လျှံ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁၁ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ ကိုဗစ် - ၁၉ ဗီဇပြောင်းမျိုးကွဲ
‘ဒယ်လ်တာ’ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက် ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ နဲ့ပတ်သက်ပြီး မျိုးဗီဇစစ်ဆေးမှုတွေ ဘာကြောင့်လုပ်ဆောင်ဖို့ လိုအပ်သလဲဆိုတာ ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ မျိုးဗီဇစစ်ဆေးမှုတွေ
ဟာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးမှာ အလွန်အရေးပါပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက Genetic Sequence လို့ခေါ်တဲ့ မျိုးဗီဇစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ရလဒ်ထုတ်ပြန် တာ ရှိပါတယ်။ ဒီထုတ်ပြန်ထားတဲ့ရလဒ်နဲ့ စပ်လျဉ်းပြီး မရှင်းလင်းတဲ့ အကြောင်းအရာတွေကို ‘ဒယ်လ်တာ’ နဲ့ပတ်သက်ပြီး သိကောင်းစရာများ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါလို ရောဂါတစ်ခုဖြစ်ရင် ဗိုင်းရပ်စ်ကို လိုအပ်တဲ့စစ်ဆေးမှုတွေ မလုပ်ဘဲနေလို့ မရပါဘူး။ စစ်ဆေးမှုနဲ့ တိုင်းတာမှုတွေ လုပ်နိုင်မှသာ ဘယ်နေရာပြုပြင်ရမလဲ၊ ဘယ်နေရာကို အကောင်း ဆုံးဖြစ်အောင် လုပ်ရမလဲဆိုတာ သိနိုင်မှာဖြစ်ပါ တယ်။ ဒါက မျိုးရိုးဗီဇစစ်ဆေးခြင်းကို လုပ်ဆောင် သင့်တဲ့အချက် တစ်ချက်ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ကပ်ရောဂါကို တုံ့ပြန်တဲ့အခါ ဗိုင်းရပ်စ်က ဘယ်လောက်အထိ မြန်မြန်ဆန်ဆန်ကူးစက်နိုင်သလဲဆိုတာ သိဖို့လိုပါတယ်။ ဒါ့အပြင် တစ်ဦးနဲ့ တစ်ဦး ဘယ်လို ကူးစက်သွားတာလဲ၊ ရောဂါကူးစက် မှုကို ရပ်တန့်အောင်၊ နှေးအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ၊ ဗိုင်းရပ်စ်ကို ဘယ်လိုနိုင်အောင် လုပ်ရမလဲ ဒါတွေသိမှ ကမ္ဘာ့ကပ်ရောဂါကို တုံ့ပြန် နိုင်မှာ ဖြစ်ပါတယ်။
သာမန် ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးတဲ့အခါ ရောဂါလက္ခဏာ မရှိတဲ့သူ၊ သံသယလက္ခဏာ ရှိနေသူ၊ ပိုးတွေ့လူနာနဲ့ထိတွေ့သူတွေကို ရောဂါ ရှိ/ မရှိ စစ်ဆေးတာက Diagnostic Test လို့ခေါ်ပါ တယ်။ Genomic Sequence ဆိုတာက လူတစ်ဦးမှာ ကူးစက်နေတဲ့ ရောဂါပိုးသည် ဘယ်လိုမျိုးရိုး ဗီဇ လဲဆိုတာ သိနိုင်ဖို့အတွက် ပိုးတွေ့သူရဲ့ ဓာတ်ခွဲ နမူနာကို စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီလိုပိုးတွေ့ ဓာတ်ခွဲနမူနာတွေကိုစစ်တဲ့အခါ ဗိုင်းရပ်စ်ပါဝင်တဲ့ မျိုးရိုးဗီဇဖွဲ့စည်း တည်ဆောက်မှု ပုံစံတွေနဲ့ ကိုက်ညီမှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးရပါတယ်။ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အချက်အလက်ပေါင်းစုံ ကို Genome Sequence လို့ ခေါ်ပါတယ်။ ဒီလို လုပ်ဆောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် ၂ ချက် ရှိပါတယ်။ နံပါတ်တစ် လက်ရှိရှိနေတဲ့ ဗိုင်းရပ်စ်က Mutation ကနေ အောင်မြင်တဲ့ Variants အဖြစ် ပြောင်းလဲတဲ့အခါ ဒီ Variants က ဘယ်လိုမျိုးလဲ ဆိုတာ ကြည့်ပါတယ်။ နံပါတ်နှစ် လူတစ်ဦးကနေ တစ်ဦးကို Variants က ဘယ်လိုပုံစံမျိုးနဲ့ ကူးစက် လဲဆိုတာ ကြည့်ပါတယ်။
ကိုဗစ် - ၁၉ က တစ်ချိန်လုံး ပြောင်းလဲနေတဲ့ အတွက် သူ့ကိုအမီလိုက်ဖို့လိုတဲ့အခါ သူဘယ်လို ပြောင်းလဲနေလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ဒါမှ ကိုဗစ် - ၁၉ ရဲ့ ပြောင်းလဲမှုတွေကိုသိရှိပြီး အမြန်ဆုံး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဆောင်ရွက် တာတွေကို မျိုးရိုးဗီဇစောင့်ကြည့်ခြင်း (Genomic Surveillance) လို့ခေါ်ပါတယ်။
ယခင်က Genomic Surveillance ကို ကမ္ဘာ့ ကပ်ရောဂါမဖြစ်ခင်က လူနာတွေကို ကုသတဲ့အခါ ပိုးသတ်ဆေးသည် ရောဂါနဲ့ကိုက်ညီမှု ရှိ/မရှိ၊ ဒီပိုးသတ်ဆေးပေးရင် ရောဂါပိုးကို နိုင်/မနိုင် သိနိုင် ဖို့အတွက် သုံးပါတယ်။ နောက်တစ်ချက်က အစု အလိုက်အပြုံလိုက် အစာအဆိပ်သင့်ခြင်း အပါအဝင် လူအများနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဖြစ်ရပ်တစ်ခုခု ဖြစ်ပေါ်လာရင် ဒါတွေကို စုံစမ်း စစ်ဆေးတဲ့အခါ Genomic Surveillance ကို အသုံး ပြုပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ရဲ့ ရာသီအလိုက်၊ နှစ်အလိုက်ပျံ့နှံ့နေတဲ့ သူရဲ့ Strains ကို သိချင်တဲ့ အခါ သုံးပါတယ်။ ဒါမှသာ နှစ်အလိုက် ကာကွယ် ဆေးတွေ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
မျိုးရိုးဗီဇစောင့်ကြည့်ခြင်း (Genomic Surveillance) လုပ်ရတဲ့ ရည်ရွယ်ချက် သုံးခုရှိပါ တယ်။ နံပါတ်တစ် ဗိုင်းရပ်စ်အနေနဲ့ တစ်နိုင်ငံကနေ တစ်နိုင်ငံ ဘယ်လိုကူးစက်သလဲ၊ ဘယ်လိုပြောင်း သလဲ သိဖို့ဖြစ်ပါတယ်။ ဒီလိုသိခြင်းဖြင့် ဗိုင်းရပ်စ် ရဲ့ပြောင်းလဲမှုဖြစ်စဉ်ကနေ ရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တာတွေကို သိပ္ပံပညာရှင်တွေက တွေ့ရှိပြီး ရောဂါထိန်းချုပ်မှုတွေကို ဆောင်ရွက် နိုင်တာဖြစ်ပါတယ်။ နံပါတ်နှစ် Genomic Surveillance လုပ်ဆောင်ခြင်းဖြင့် ဗီဇပြောင်းလဲမှု ကို စောစီးစွာသိရှိပြီး လိုအပ်တဲ့သတိပေးမှုတွေကို ဆောင်ရွက်နိုင်ခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရာ မှာ မူဝါဒချမှတ်သူတွေအနေနဲ့ လိုအပ်တဲ့လုပ်ဆောင် ချက်တွေကို လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလိုသတိပေးနိုင်တဲ့အတွက် ဖြစ်ရပ်ဆိုးတွေမဖြစ် အောင် မြန်မြန်ထိန်းချုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ နံပါတ်သုံး Genomic Surveillance စနစ်တစ်ခု တစ်ခုတည်ဆောက်ထားခြင်းဖြင့် ဗီဇပြောင်းလဲခြင်း ကြောင့် ရောဂါဖြစ်ပွားမှုတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ပြီး အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပါ တယ်။
ပုံမှန်အားဖြင့် ပိုးတွေ့တဲ့သူရဲ့ ၅ ရာခိုင်နှုန်း လောက်ကို Genetic Sequence လုပ်ဖို့ လိုအပ် ပါတယ်။ ဒီလိုလုပ်တဲ့အခါ ကြုံရာကျပန်း ဓာတ်ခွဲ နမူနာတွေကို လုပ်လို့မရပါဘူး။ တစ်စုံတစ်ခုသော လူအုပ်စုကို ကိုယ်စားပြုနိုင်တဲ့ ဓာတ်ခွဲနမူနာတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ လိုပါတယ်။ မလုပ်ဘူးဆိုရင် ဗိုင်းရပ်စ်က ကူးချင်သလို ကူးမယ်။ ပျံ့နှံ့ချင်သလို ပျံ့နှံ့မယ်။ ဒါဆိုရင် ထိန်းချုပ်နိုင်ဖို့ ခက်ပါတယ်။ ဒီလို Genomic Surveillance စနစ် လုပ်ထားခြင်းအားဖြင့် ပြည်သူ့ကျန်းမာရေး ပညာ ရှင်တွေ၊ ကာကွယ်ဆေးထုတ်လုပ်တဲ့ သူတွေအနေနဲ့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်တွေ ချနိုင်မယ်။ လိုအပ်တာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Genomic Surveillance လုပ်နေပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ D.6.1.4 ကနေ 6.1.4.G ဆိုပြီး ပြောင်းသွားတယ်ဆိုတာကို ဆေးသုတေသနဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒုတိယလှိုင်းက 6.1.4.G ကြောင့်ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ တတိယလှိုင်းမှာလည်း မေလ လောက်ကတည်းက ဓာတ်ခွဲနမူနာတွေ ယူတယ်။ တပ်မတော်ဆေးသုတေသနတပ်ဖွဲ့က စစ်ဆေး တာလည်းရှိတယ်။ ဒါ့အပြင် WHO ရဲ့ စံပြုသုတေ သနဓာတ်ခွဲခန်းတွေထဲက တစ်ခုဖြစ်တဲ့ စင်ကာပူ နိုင်ငံ ဓာတ်ခွဲခန်းကိုလည်းပို့ပြီး တစ်ပြိုင်တည်း စစ်ဆေးပါတယ်။
ဓာတ်ခွဲနမူနာတွေယူတဲ့အခါ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံမှုရှိနေတဲ့ နယ်စပ် မြဝတီ၊ တာချီ လိတ် ၊ ထားဝယ်၊ တမူး စသဖြင့် ဒီလိုနေရာတွေက ဓာတ်ခွဲနမူနာတွေကို ယူပါတယ်။ နိုင်ငံခြားက ပြန်လာတဲ့သူ၊ ပြည်တွင်းက ရောဂါဖြစ်ပွားသူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ယူပါတယ်။ တွေ့ရှိတဲ့အဖြေ အရ မြန်မာနိုင်ငံမှာ ‘အယ်လ်ဖာ’ဆိုတဲ့ ယူကေဗီဇ ပြောင်းပိုး၊ ‘ဘီတာ’ဆိုတဲ့ တောင်အာဖရိက ဗီဇ ပြောင်းပိုး၊ ‘ဒယ်လ်တာ’ဆိုတဲ့ အိန္ဒိယဗီဇပြောင်းပိုး စတဲ့ Variant of Concern(VOC) အန္တရာယ် ရှိနိုင်တဲ့ မျိုးဗီဇ ၄ မျိုးထဲက ၃ မျိုးတွေ့ပါတယ်။ စိတ်ဝင်စား ဖွယ်ကောင်းတဲ့ ဂရုပြုရမယ့် Variant of Interest (VOI) ထဲက ‘ကပ်ပါ’ ဆိုတဲ့ အိန္ဒိယမှာတွေ့တဲ့ ပိုးတစ်မျိုး တွေ့ပါတယ်။ ဒီရလဒ်ကို ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇွန်လနဲ့ ဇူလိုင်လက ဓာတ်ခွဲနမူနာတွေထဲက ၁၅ ခုယူပြီး နေပြည်တော်မှာရှိတဲ့ တပ်မတော် ဆေးသုတေသနတပ်မှာ ဆောင်ရွက်ပါတယ်။ ဓာတ်ခွဲနမူနာတွေကို ရောဂါဖြစ်ပွားမှု အစုလိုက် အပြုံလိုက်ဖြစ်တဲ့နေရာက ယူပါတယ်။ အလွန် ရောဂါပြင်းထန်ပြီး သေဆုံးမှုများတဲ့ အုပ်စုကယူပါ တယ်။ အသက်ငယ်တယ်၊ နောက်ခံရောဂါမရှိဘူး သို့သော် ရောဂါပြင်းထန်တဲ့သူတွေကို ယူပါတယ်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ပိုးတွေ့ရှိသူတွေဆီက ယူတယ်။ ကလေးတွေ ပုံမှန်အားဖြင့် ရောဂါဖြစ်ပွားမှု နည်းပါတယ်၊ ဘာကြောင့် ရောဂါဖြစ်ပွားတယ် သိချင်လို့ ယူပါတယ်။ အခြားနိုင်ငံတွေနဲ့ ကူးလူး ဆက်ဆံမှုရှိတဲ့ နယ်စပ်ဂိတ်ဝင်ပေါက်/ ထွက်ပေါက် တွေက ယူပါတယ်။ ဒီလိုယူပြီးစစ်တဲ့အခါ စစ်ဆေး တဲ့ ဓာတ်ခွဲနမူနာ ၁၅ ခုမှာ ၁၅ခုစလုံး ‘ဒယ်လ်တာ’ တွေ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရောဂါကူးစက်မှုရဲ့ အဓိကလက်သည်က ‘ဒယ်လ်တာ’ ဖြစ်တယ် ဆိုတာ ကို ပြောလိုခြင်းဖြစ်ပါတယ်။
၁၅ ယောက်မှာ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးထားပြီး ရောဂါဖြစ်ပွားတဲ့ ကိုးယောက်ကို ထည့်သွင်းစစ်ဆေးထားပါတယ်။ ကိုးယောက်ထဲမှာ ခုနစ်ယောက်က ရောဂါဖြစ်လို့ ဖြစ်မှန်းတောင် မသိ ဘူး။ သာမန်လက္ခဏာလောက် ခံစားရပါတယ်။ နှစ်ယောက်က အသင့်အတင့်ပြင်းထန်တယ်ဆိုတာ တွေ့ရပါတယ်။ ပြောချင်တာက ကာကွယ်ဆေး ထိုးထားရင် ရောဂါကူးစက်မှုရှိခဲ့ရင်တောင် သာမန် လက္ခဏာ၊ အသင့်အတင့်လောက်ပဲ ရှိတယ်ဆိုတာကို သိစေလိုပါတယ်။
Genetic Sequence လို့ခေါ်တဲ့ မျိုးဗီဇစစ်ဆေး ခြင်း၊ Genomic Surveillance လုပ်ခြင်းက အုပ်စု တစ်စုစီရဲ့ ကိုယ်စားပြုတဲ့ ဓာတ်ခွဲနမူနာကို ယူပြီး စစ်ဆေးတာဖြစ်တယ်။ နေပြည်တော်က ငါးယောက်၊ ရန်ကုန်က နှစ်ယောက်၊ မန္တလေးက နှစ်ယောက်၊ စစ်တွေ၊ တောင်ငူ၊ ကလေး၊ မုံရွာ၊ လားရှိုး၊ မော်လမြိုင်က တစ်ယောက်စီဖြစ်ပြီး အားလုံးက ‘ဒယ်လ်တာ’ ပိုးတွေ့ပါတယ်။ နေပြည်တော်က ငါးယောက်မို့ ဆိုးတယ်၊ ရန်ကုန်က နှစ်ယောက်မို့ သိပ်မဆိုးဘူး ဒီလိုအဓိပ္ပာယ် မဟုတ်ပါဘူး။
‘ဒယ်လ်တာ’ ဗီဇပြောင်းပိုးက ကမ္ဘာ့နိုင်ငံ ၁၇၄ နိုင်ငံကို ရောက်ရှိနေပြီလို့ WHO ရဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။ ‘ဒယ်လ်တာ’ ဗီဇပြောင်းပိုး ယူကေ က အဖြစ်အများဆုံးဖြစ်ပြီး ဒုတိယ အမေရိက ဖြစ်ပါတယ်။ တတိယ ဒိန်းမတ်၊ စတုတ္ထ တူရကီနိုင်ငံ၊ ပဉ္စမ ဂျာမနီနိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း ‘ဒယ်လ်တာ’ ဗီဇပြောင်းပိုးက ဖြစ်ပွားမှုရဲ့ အဓိက လက်သည်ဆိုတာကို မျိုးဗီဇစစ်ဆေးမှုတွေက သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကစဉ်ဆက် မပြတ် စောင့်ကြည့်ထောက်လှမ်းနေရမယ့် Geno-mic Surveillance ထဲက တစ်ခုဖြစ်ပါတယ်။
အစီအစဉ်မှူး ။ ။ မျိုးဗီဇပြောင်း ‘ဒယ်လ်တာ’ နဲ့
ပတ်သက်ပြီး ပြည်သူတွေ သိသင့်သိထိုက်တဲ့ အချက်တွေကိုလည်း ပြောကြား ပေးပါဦး။
ဒေါက်တာခင်ခင်ကြီး ။ ။ မျိုးဗီဇပြောင်း ‘ဒယ်လ်
တာ’ နဲ့ပတ်သက်ပြီး သတင်းတု၊ သတင်းမှားတွေကို ဆိုရှယ်မီဒီယာမှာ တွေ့ရှိလာရပါတယ်။ ‘ဒယ်လ်တာ’ မျိုးဗီဇနဲ့ ပတ်သက်လို့ မင်းသိရမယ့် အချက် ရှစ်ချက်ဆိုပြီး အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မှာရှိတဲ့ UC Davis Health က ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၂ ရက် ရက်စွဲနဲ့ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်မှာ ပြောထားတာက နံပါတ် ၁ ‘ဒယ်လ်တာ’ မျိုးဗီဇက အလွန်ကူးစက်မှု မြန်တယ်၊ ကူးစက်နိုင်စွမ်း မြင့်မားတယ်ဆိုတာကိုလည်း တွေ့ရှိရပါတယ်။ နံပါတ်၂ လက္ခဏာတွေက အရင် အတိုင်းပါပဲ။ ဖျားတယ်၊ ချောင်းခြောက်ဆိုးတယ်၊ မောပန်းတယ်စတဲ့ လက္ခဏာတွေက တွေ့ရအများ ဆုံးဖြစ်ပြီး ကိုယ်လက်ကိုက်ခဲမယ်၊ လည်ချောင်း နာမယ်၊ ဝမ်းသွားမယ်၊ မျက်လုံးနီမယ်၊ ရောင်မယ်၊ ခေါင်းကိုက်မယ်၊ ရုတ်တရက် အနံ့ပျောက်မယ်၊ အရေပြားပေါ်မှာ အနီကွက်တွေဖြစ်မယ်၊ ခြေချောင်း လက်ချောင်းတွေ အရောင်ပြောင်းမယ် စတဲ့ လက္ခဏာတွေလည်း တွေ့ရနိုင်ပါတယ်။ တချို့ တွေမှာ အလွန်ပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ အသက်ရှူရခက်ခဲတာ၊ မောတာ၊ ရင်ဘတ်အောင့် တာ၊ ဖိထားသလို ခံစားရတာ၊ စကားကောင်းကောင်း မပြောနိုင်တာ၊ လှုပ်ရှားမှုတွေ ကောင်းကောင်း မလုပ်နိုင်တာတွေလည်း ဖြစ်လာတတ်ပါတယ်။ သို့သော် ရောဂါကူးစက်ခံရတဲ့သူတွေမှာ ဖျားနာ မှုက ပိုပြီးမြန်မြန်ဆန်ဆန် ဆိုးဆိုးရွားရွား ဖြစ်နိုင် ပါတယ်။ အထူးသဖြင့် လူငယ်တွေမှာ ပိုပြီးတွေ့ရ များပါတယ်။ ကာကွယ်ဆေး ထိုးပြီးသူတွေမှာ ရောဂါလက္ခဏာ ပြချင်မှပြမယ်။ သာမန်လောက်ပဲ ပြလေ့ရှိပါတယ်။
နံပါတ် ၃ ‘ဒယ်လ်တာ’ မျိုးဗီဇက ကာကွယ်ဆေး မထိုးထားသူတွေကို ပိုပြီးတိုက်ခိုက်ပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးဗဟို ဌာန (CDC)ရဲ့ ဇူလိုင် ၂၂ ရက် ထုတ်ပြန်ချက်အရ ဆေးရုံတက်ရောက်ရသူတွေရဲ့ ၉၇ ရာခိုင်နှုန်းသည် ကာကွယ်ဆေးမထိုးထားသူတွေဖြစ်ပါတယ်။ နံပါတ် ၄ Breakthrough Infection လို့ခေါ်တဲ့ ကာကွယ် ဆေးထိုးပြီးသူတွေမှာ ပိုးတွေ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ ဩဂုတ်လ ၂၃ ရက်နေ့အထိ ကာကွယ်ဆေး ထိုးပြီးသူ ၁၇၁ သန်း ရှိပါတယ်။ ဒီအထဲမှာ ကာကွယ်ဆေး ထိုးပြီး ပိုးပြန်တွေ့တယ်ဆိုသူ ၁၁၀၅၀ သာ ရှိပါ တယ်။ ရာခိုင်နှုန်းအားဖြင့် တွက်မယ်ဆိုရင် ၀ ဒသမ ၀၀၅ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတာ သိစေချင်ပါတယ်။
နံပါတ် ၅ ‘ဒယ်လ်တာ’ မျိုးဗီဇက တချို့နိုင်ငံ၊ တချို့လူအုပ်စုတွေအတွက် ဖျက်ဆီးနိုင်စွမ်း အလွန် မြင့်မားတယ်၊ ရှိရင်းစွဲ ကျန်းမာရေးစောင့်ရှောက် မှုတွေ အများကြီး ထိခိုက်နိုင်ပါတယ်။ နံပါတ် ၆ ကိုဗစ် - ၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက်ရသူ၊ အထူးကြပ်မတ်ကုသဆောင် ရောက်သူတွေက “သူတို့တွေ ဘာဖြစ်လို့ ကာကွယ်ဆေး မထိုးခဲ့မိပါ လိမ့်၊ ကာကွယ်ဆေးထိုးဖို့ ပြောစကားကို ဘာကြောင့် နားမထောင်မိပါလိမ့် ”ဆိုပြီး နောင်တ ရကြောင်း ဖွင့်ဟပြောဆိုပါတယ်။ နောင်တဆို တာ နောင်မှရတာဖြစ်ပါတယ်။ ဆုံးရှုံးမှုတွေ အများကြီး ရင်းပြီးမှရတဲ့ နှောင်းနောင်တက မကောင်းပါဘူး။ ဒါကြောင့် ဒါကလည်း အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
နံပါတ်၇ ‘ဒယ်လ်တာ’မျိုးဗီဇက ကာကွယ် ဆေးထိုးပြီးရင်တောင် အခြားသူကို ကူးစက်နိုင်စွမ်း ရှိတယ်ဆိုတာ သုတေသနတွေက တွေ့ရပါတယ်။ ဗိုင်းရပ်စ်ပမာဏ ကွာခြားမှုမရှိဘူးဆိုပေမယ့် အခြား သူကို ကူးစက်နိုင်တဲ့ ကာလအလွန်တိုတောင်း ပါတယ်။ သူ့ကို ကူးစက်တာနဲ့ အမြန်ရှင်းလင်းနိုင် တဲ့အတွက် အခြားသူကို ကူးစက်မှုက တိုတောင်း သွားတာ ဖြစ်ပါတယ်။ နံပါတ် ၈ က ကိုဗစ် - ၁၉ နဲ့ပတ်သက်ပြီး နောက်ထပ်မျိုးဗီဇကွဲတွေ ထပ်လာ ဦးမှာ ဖြစ်ပါတယ်။ အခု ရက်ပိုင်းမှာလည်း မျိုးဗီဇ ပြောင်း ‘မျူ’ဆိုပြီး ကိုလံဘီယာနိုင်ငံမှာ စတွေ့ပြီး နိုင်ငံပေါင်း ၃၉ နိုင်ငံကို ရောက်နေပြီ။ ပီရူးနိုင်ငံမှာ စတွေ့တဲ့ ‘လမ်ဘဒါ’ မျိုးဗီဇပြောင်းပိုးဆိုလည်း တောင်အမေရိကမှာ ပျံ့နှံ့မှုတွေ့နေရတယ်။ ကမ္ဘာ့ တစ်ဝန်းက ကျန်းမာရေးနဲ့ဆိုင်တဲ့ ကျွမ်းကျင် ပညာရှင်တွေက Variant of Interest စိတ်ဝင်တစား စောင့်ကြည့်ရမယ့် မျိုးကွဲထဲမှာ ထည့်ထားတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးနှံဖို့ အရေးကြီးပါတယ်။ ကာကွယ်ဆေး များများထိုးနှံလေ မျိုးဗီဇကွဲတွေ ဖြစ်ပွားဖို့ တားဆီးနိုင်လေ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ကာကွယ်ရမယ့် နည်းစနစ်တွေဖြစ်တဲ့ Mask တပ်တာ၊ လက် ဆေးတာ၊ လူအုပ်စုရှောင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာ၊ ချောင်းဆိုး နှာချေရင် အုပ်ဆိုးတာမျိုးတွေ၊ လေကောင်းလေသန့်ရအောင် နေထိုင်တာတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့သူတွေအနေ နဲ့လည်း မပျက်မကွက်ထိုးနှံပါ။ နှစ်ကြိမ်ပြည့် ထိုးနှံ ပါ။ မထိုးရသေးသူတွေအနေနဲ့လည်း ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာပြီး ကာကွယ်ဆေးထိုးနှံဖို့ စိတ်ရှည်လက်ရှည်စောင့် ပါလို့ ပြောချင်ပါတယ်။
အစီအစဉ်မှူး ။ ။ ဖြည့်စွက်ပြောကြားလိုတာရှိရင်
ပြောကြားပေးပါ။
ဒေါက်တာခင်ခင်ကြီး ။ ။ လက်ရှိမှာ WHO ရဲ့
စက်တင်ဘာ ၇ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှဒေသဟာ ပြီးခဲ့အပတ်နဲ့ နှိုင်းယှဉ် ရင် ရောဂါဖြစ်ပွားမှု ၉ ရာခိုင်နှုန်း၊ သေဆုံးမှု ၂၁ ရာခိုင်နှုန်း ကျလာပြီဆိုတာ တွေ့ရှိရပါတယ်။ လက်ရှိမှာ ရောဂါဖြစ်ပွားမှု အများဆုံးက အိန္ဒိယ၊ ထိုင်းနဲ့ အင်ဒိုနီးရှားဖြစ်ပါတယ်။ သေဆုံးမှုအများ ဆုံးက အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက ဖြစ်ပွားမှုနဲ့ သေဆုံးမှု အများ ဆုံးထဲမှာ မပါဝင်ဘူးဆိုတာ သိစေချင်ပါတယ်။
ဒါက ပြည်သူတစ်ရပ်လုံးက ကိုဗစ်-၁၉ စည်းကမ်းချက်တွေကို လိုက်နာတဲ့ အောင်မြင်မှု အသီးအပွင့်တွေပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေး လွှမ်းခြုံမှုတွေလည်း ကောင်းလို့ ဖြစ်ပါတယ်။ အားလုံး ညီညီညွတ်ညွတ်နဲ့ ဆက်လက်လုပ်ဆောင် မယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ တတိယလှိုင်းကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် ကျန်းမာရေးကို ဂရုစိုက်ခြင်းဖြင့် မိမိရဲ့မိသားစု ကျန်းမာရေးကို စောင့်ရှောက်ရာရောက်သလို နိုင်ငံ သားတစ်ယောက်တာဝန်ကို ကျေပွန်ရာ ရောက်တဲ့ အတွက် ကိုဗစ်-၁၉ စည်းကမ်းတွေကို ဆက်လက် လိုက်နာကြပါစို့လို့ တိုက်တွန်းလိုပါတယ်။ ကျေးဇူး တင်ပါတယ်။