အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ  စက်တင်ဘာ ၂၁ ရက်တွင် အုပ်စုမဲခွဲမည်


 

ရန်ကုန်   စက်တင်ဘာ  ၁၃


အာဆီယံဘောလုံးအဖွဲ့ချုပ်သည်    ကိုဗစ်-၁၉  ကပ်ရောဂါကြောင့်     ရွှေ့ဆိုင်းထားရသည့်   အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ   အုပ်စုမဲခွဲပွဲကို စက်တင်ဘာ ၂၁ ရက်တွင်  စင်ကာပူနိုင်ငံ၌  ပြုလုပ်မည်ဖြစ်သည်။     အုပ်စုမဲခွဲပွဲကို  သြဂုတ် ၁၀ ရက်က  ပြုလုပ်ရန်  စီစဉ်ထားသော်လည်း   ကပ်ရောဂါကြောင့် ယခုလသို့ ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို  ကိုဗစ်-၁၉  ကပ်ရောဂါကြောင့်   ပုံမှန်ကျင်းပရမည့်  ၂၀၂၀ ပြည့်နှစ်တွင်  ကျင်းပနိုင်ခြင်းမရှိဘဲ တစ်နှစ် နောက်ဆုတ်ကာ ယခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ရက်အထိ   ပြန်လည်ပြုလုပ်သွားမည်ဖြစ်သည်။  အာဆီယံဘောလုံး အဖွဲ့ချုပ်အနေဖြင့် နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပနိုင်ရန်   ကြိုးပမ်းခဲ့သော်လည်း   ကပ်ရောဂါအခြေအနေကြောင့်    အဆင်မပြေသဖြင့်  အိမ်ရှင်နိုင်ငံ ရွေးချယ်၍  ပြုလုပ်သွားမည်ဖြစ်သည်။  ယခုပြိုင်ပွဲနောက်ဆုံးအဆင့်တွင်    အသင်းစုစုပေါင်း  ၁၀  သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ငါးသင်း နှစ်အုပ်စုခွဲ၍  ပြုလုပ်မည်ဖြစ်သည်။ 
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှာ  အရှေ့တောင်အာရှဒေသတွင်း  လက်ရွေးစင်အသင်းများအတွက် အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး ဆုကြေး ငွေ မြင့်မားသည့်   ပြိုင်ပွဲလည်း ဖြစ် သည်။ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ကို ၁၉၉၆ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပခဲ့ပြီး ၂၀၂၀ ပြိုင်ပွဲ မှသာ   ကပ်ရောဂါကြောင့်    တစ်နှစ်နောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ကျင်းပပြီးစီးခဲ့သည့် ၁၂ ကြိမ်စလုံး နောက်ဆုံးအဆင့် တွင် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး လာမည့်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။   မြန်မာအသင်းသည်  ယင်းပြိုင်ပွဲတွင်  ဗိုလ်လုပွဲသို့ တက်ရောက်ဖူးခြင်းမရှိသေးဘဲ     ဆီမီးဖိုင်နယ်အဆင့်သာ   အမြင့်ဆုံး တက်ရောက်နိုင်ခဲ့သည်။  နောက်ဆုံးကျင်းပသည့်   ၂၀၁၈ ပြိုင်ပွဲတွင် ဗီယက်နမ်အသင်း   ဗိုလ်စွဲခဲ့ပြီး   မြန်မာအသင်းသည်  အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ယခုပြိုင်ပွဲမှာ  ၂၀၂၀ ပြည့်နှစ်က  ကျင်းပနိုင်ခြင်း မရှိသည့်ပြိုင်ပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ၂၀၂၀ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲအမည်ဖြင့်သာ ပြုလုပ်မည်ဖြစ်သည်။         
       ရဲရင့်လွင်