ချမ်းသာမှုများ၏ မြတ်သောအကြောင်းတရား

သီလဟူသည် လိုက်နာကျင့်သုံးအပ်သော ကျင့်ဝတ်များပင်ဖြစ်သည်။ ကောင်းမှုဖြစ်၍ ကျင့်ဆောင်ရမည့်သီလသည် စာရိတ္တသီလဖြစ်ပြီး မကောင်းမှုဖြစ်၍ ရှောင်ကြဉ်ရမည့်သီလမှာ ဝါရိတ္တသီလဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ကို လိုက်နာကျင့်သုံးကြသော ငါးပါးသီလသည် ရှောင်ကြဉ်ရသည့် ဝါရိတ္တသီလဖြစ်သည်။ စင်စစ်အားဖြင့် ငါးပါးသီလ သည်  ကိုယ်ချင်းစာမှုအပေါ်တွင်  အခြေတည်ထားခြင်းဖြစ်သော ကြောင့် လူသားတိုင်း လိုက်နာကျင့်သုံးအပ်သော ဓမ္မတာသီလလည်း ဖြစ်သည်။ သူတော်ကောင်းတို့ အလေးဂရုပြုပြီး လိုက်နာကျင့်သုံး အပ်သောကြောင့် ဂရုဓမ္မဟုလည်း ခေါ်ဆိုသည်။


တော်သလင်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် ဂရု ဓမ္မအခါတော်နေ့ဖြစ်သည်။ အခြေခံလူကျင့်ဝတ်ဖြစ်သော ငါးပါး သီလကို အသက်ထက်ဆုံး တလေးတစား ဂရုတစိုက် လုံခြုံအောင် စောင့်ထိန်းကြရန် သတိပေးနှိုးဆော်သည့်နေ့လည်း ဖြစ်သည်။ ဗုဒ္ဓ မြတ်စွာဘုရားအလောင်းတော်နုစဉ်က ဘဝတစ်ခု၌ ကုရုတိုင်း ဣန္ဒ ပတ္တနဂိုရ်မြို့တွင် မင်းပြုသည့်အခါ ဆယ်ပါးသော မင်းကျင့်တရားကို လည်းကောင်း၊ ငါးပါးသီလခေါ် ကုရုဓမ္မကိုလည်းကောင်း စောင့်ထိန်း ၍ အုပ်ချုပ်သည်။

ဘုရားအလောင်း၏ မယ်တော် မိဖုရားကြီး၊ ညီတော် အိမ်ရှေ့မင်း၊ ပရောဟိတ်ပုဏ္ဏား၊ အမတ်၊ ရထားထိန်း၊ သူဌေး၊ အမတ် ကြီး၊ တံခါးစောင့်၊ ပြည့်တန်ဆာမတို့သည်လည်း ငါးပါးသီလခေါ် ကုရုဓမ္မ ခေါ် ဂရုဓမ္မကို စင်ကြယ်စွာ စောင့်ထိန်းကြသည်။ တိုင်းသူ ပြည်သားအားလုံးတို့လည်း ကုရုဓမ္မခေါ် ငါးပါးသီလကို မြဲမြံကြသည်။ သို့ဖြစ်၍ ရာသီဥတုမှန်ကန်ပြီး တိုင်းပြည်သာယာဝပြော၍ တိုင်းသူ ပြည်သားတို့ ပျော်ရွှင်ချမ်းမြေ့ကြသည်။ 


ကုရုတိုင်းနှင့် မလှမ်းမကမ်းတွင်တည်ရှိသည့် ကာလိင်္ဂတိုင်းတွင် မူ ရာသီဥတုဖောက်ပြန်ကာ ငတ်မွတ်ခေါင်းပါးသည့်ဘေးနှင့် ရောဂါ ဘယဘေးတို့နှင့် ကြုံတွေ့နေရသည်။ တိုင်းပြည်တွင် ဘေးဆိုး၊ ကပ်ဆိုးများ   ကျရောက်နေမှုမှ   လွတ်ကင်းပါစေခြင်းအကျိုးငှာ ကာလိင်္ဂမင်းကြီးက ကုရုတိုင်းတွင် ဘုရင်မှစ၍ တိုင်းသူပြည်သား တို့အားလုံး မြဲမြံစွာ စောင့်ထိန်းကျင့်သုံးကြသည့် ဂရုဓမ္မခေါ် ငါးပါး သီလကို ရွှေပေလွှာတွင်ကူးယူစေပြီး ကာလိင်္ဂတိုင်းတွင် ဘုရင်မှ စ၍ တိုင်းသူပြည်သားအားလုံးပါ လိုက်နာကျင့်သုံးကြသည့်အခါ မိုးလေဝသတို့ မှန်ကန်လာပြီး တိုင်းပြည်သာယာဝပြောကာ ဘေးဆိုး ကပ်ဆိုးတို့မှ လွတ်ကင်းကြရသည်။


ရှေးမြန်မာမင်းများလက်ထက်တွင်လည်း ဝါဆိုကာလရောက် သည်နှင့် ဂရုဓမ္မသီလခေါ် ငါးပါးသီလတို့ကို မိမိတိုင်းသူပြည်သား များ  လိုက်နာကျင့်သုံးကြစေရန်  အမိန့်တော်ပြန်တမ်းကို  ဆင်ပေါ် တင်၍ မြို့တွင်းမြို့ပြင်၊ လေးပြင်လေးရပ်လှည့်လည်၍ နှိုးဆော်ခဲ့ သည်ကို သမိုင်းမှတ်တမ်းများတွင် တွေ့ရသည်။ ‘‘ပြည်သူလူတကာ သတ္တဝါအပေါင်းတို့ ယခု ဝါဆိုကာလရောက်ပြီ၊ သူ့အသက်သတ် ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူ့အိမ်ရာကို ပြစ်မှားခြင်း၊ မဟုတ်မမှန်သော စကားကို ဆိုခြင်း၊ သေရည်သေရက်ကို သောက်ခြင်း တရားငါးပါးကို မကြဉ်မရှောင်ပြုကုန်သော သူတို့သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူ ရကာယ် အပါယ်လေးဘုံ၌ တလူးလာလာ နစ်မွန်းကုန်ရာသည်။ တရား ငါးပါးကို ကြဉ်ရှောင်၍ အလှူပေးခြင်း၊ သီတင်းသီလ ဆောက်တည် ခြင်းကို ပြုသောသူတို့သည်  လူမင်း၊  နတ်မင်းစည်းစိမ်ကို ခံစား၍ နတ်ရွာနိဗ္ဗာန်ချမ်းသာသို့ ရောက်ရာသည်ကို အသင့်နှလုံးသွင်းလျက် သရဏဂုံသုံးပါး၊ ပဉ္စသီငါးပါး၊ အဋ္ဌသီရှစ်ပါးတို့ကို မပြတ်ဆောက်တည် ကြကုန်”  စသည်ဖြင့်  တိုင်းသူပြည်သားများ ငါးပါးသီလမြဲမြံရေး၊ ကုသိုလ်တရားများ ပြည့်စုံစေရေးအတွက် အမိန့်တော်ပြန်တမ်းကို မင်းမှုထမ်းတို့က မြို့တွင်း မြို့ပြင် အရပ်လေးမျက်နှာ လှည့်လည် ဖတ်ကြား နှိုးဆော်ခဲ့ကြသည်ဟု သိရသည်။


သီလစင်ကြယ်သူသည် လိုရာဆန္ဒကို ပြည့်ဝစေနိုင်သည်။ သီလ ပြည့်စုံပါက စီးပွားရေးအဆင်ပြေခြင်း၊ ကောင်းသတင်းကျော်စော ခြင်း၊ ပရိသတ်ကို ချဉ်းကပ်ရာ၌ ရဲရင့်ခြင်း၊ မတွေမဝေ သေရခြင်း၊ သေပြီးနောက်  သုဂတိသို့  ရောက်ရခြင်းဟူသော  အကျိုးငါးပါးကို ရရှိနိုင်ပြီး သီလမပြည့်စုံပါက ဆန့်ကျင်ဘက်ဖြစ်သော မကောင်းကျိုး ငါးမျိုးကိုသာ  ခံစားကြရမည်ဖြစ်သည်။  သီလသည်  အတုမရှိသော စွမ်းအားဖြစ်၍      သံသရာခရီးတွင်   မြတ်သောရိက္ခာထုပ်လည်း ဖြစ်သည်။

 သီလံ သုခါနံ ပရမံ နိဒါနံ-သီလသည် ချမ်းသာမှုများ၏ မြတ်သောအကြောင်းတရားတည်းဟူသော     ပါဠိတော်နှင့်အညီ ချမ်းသာမှု၏ အခြေခံဖြစ်သော သီလကို လူတိုင်းကိုယ်စီ မြဲမြံစွာ ကျင့်သုံးနိုင်ကြပါစေကြောင်း။   ။