
နေပြည်တော် စက်တင်ဘာ ၁၈
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေလို သည့် NUG ၊ CRPH အကြမ်းဖက်အဖွဲ့များသည် ငြိမ်းချမ်းစွာနေထိုင်ကြသည့် အပြစ် မဲ့ပြည်သူလူထုကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ ပြည်သူလူထု အများသွားလာလှုပ်ရှားနေသည့် ဈေးများ၊ စာသင်ကျောင်းများ၊ လမ်း တံတားများအထိ ဖောက်ခွဲဖျက်ဆီးခြင်းအပြင် အပြစ်မဲ့ပြည်သူများကို လုပ်ကြံ သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ မကွေးမြို့ မင်းကန်ကြီးရပ်ကွက်တွင် (၅)နှစ်အရွယ် လူမမယ်ကလေးတစ်ဦး သေဆုံးခဲ့ရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ မင်းကန်ကြီးရပ်ကွက် တက္ကသိုလ်လမ်းရှိ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ရှိ ကိုပွားကြီး (ခ) မင်းသိန်းစိုး (၃၄နှစ်) ပိုင်ဆိုင်သည့် ကွမ်းယာ ဆိုင်အတွင်း၌ ဒေသန္တရလက်လုပ်ရီမုမိုင်းတစ်လုံး ပေါက်ကွဲခဲ့ကာ သားဖြစ်သူ အသက် (၅)နှစ်အရွယ်ကလေးငယ်မှာ မိုင်းစထိမှန်ဒဏ်ရာများကြောင့် သေဆုံးခဲ့ပြီး ကွမ်းဝယ်သူတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲခဲ့သည့် တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ တရားခံဖြစ်သူ ထူးဝေယံ(၂၅နှစ်) (ဘ) ဦးဖိုးတုတ် အား မကွေးမြို့ အဝေးပြေးကားဂိတ်အတွင်းရှိ နဒီဧရာ(မင်းဘူး - မကွေး - ရန်ကုန်)ကားဂိတ်တွင် လည်းကောင်း၊ ဆက်စပ်တရားခံများအဖြစ် မိုင်းထောင်ရန် ဆိုင်ကယ်ဖြင့် လိုက်လံ ပို့ဆောင်ပေးသူ အောင်စေတနာရပ်ကွက် ရန်ကင်းဈေးတိုက်တန်းအနီးနေ ချစ်ဖြိုးသုံ (ခ) ဖိုးချို (၂၅နှစ်) (ဘ) ဦးချစ်မြကို ၎င်း၏ နေအိမ်တွင် လည်းကောင်း၊ KIA အဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့သူ သူရိန်ဝင်း (၂၆နှစ်) (ဘ) ဦးစိုးဝင်းကို ထူးဝေယံ ငှားရမ်းနေထိုင်သော မကွေးမြို့ အောင်စေတနာရပ်ကွက်ရှိ ဦးကြင်စိန် ပိုင်ဆိုင်သောနေအိမ်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ချစ်ဖြိုးသုံ(ခ)ဖိုးချို၏ ဝန်ခံထွက်ဆိုချက်ကို ယခုကဲ့သို့ သိရှိရသည်-
ကျွန်တော့် မှတ်ပုံတင်နံပါတ်ကတော့ ၈/မကန(နိုင်) ၂၅၆၀၆၁ ဖြစ်ပါတယ်။ ကျွန်တော်က မကွေးမြို့ မကွေးတက္ကသိုလ် မြန်မာစာ ဒုတိယနှစ် ကျောင်းတက်နေပါတယ်။ ၁၄ ရက်နေ့ မနက် ၃ နာရီခွဲ၊ ၄ နာရီဝန်းကျင်ခန့်က ထူးဝေယံလာခေါ်လို့ လိုက်သွားခဲ့ပါတယ်။ ကျွန်တော်ရှေ့ကနေ ဆိုင်ကယ်မောင်းပေးပါတယ်။ တောင်ရပ်ကို မောင်းလာပြီး ပြည်သာအေးရုံးကိုရောက်တဲ့ လမ်းမှာကွေ့ပါတယ်။ ပြည်ခိုင်ဖြိုးရုံးနဲ့ တပ်နဲ့အကြား ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင် နားလောက်မှာ ကျွန်တော်ရပ်ပေးပါတယ်။ ထူးဝေယံက ဆင်းပြီး ဟိုကြည့် ဒီကြည့်လုပ်ပြီး ကျွန်တော့်အနောက်က အထုပ်ကိုယူသွားပြီး ပြည်ခိုင်ဖြိုးရုံးအနီး လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင် ကြားလောက်မှာ သွားပြီး ဖွက်ပါတယ်။ ဖွက်ပြီးတော့ ကျွန်တော့်ကို မြန်မြန်မောင်းဆိုပြီး ပြောပါတယ်။ ကျွန်တော်တို့လည်း ပြန်ထွက်လာပြီး ကျွန်တော့်အိမ်နား လောက်မှာ ကွေ့ပါတယ်။ ကျွန်တော့် အိမ်လမ်းကနေ အိမ်ရှေ့ရောက် တော့ ကျွန်တော့်ကို ဆေးပြားတွေပေးပါတယ်။ ကျွန်တော်လည်း ဆေးပြား ၆ ပြားလောက် လုပ်လိုက်ပါတယ်။ လုပ်ပြီးတော့ ကျွန်တော် မေ့နေပါတယ်။ ၁၀ နာရီဝန်းကျင်လောက်မှာ ကျွန်တော်အိပ်ရာက နိုးပါတယ်။ နိုးလာတော့ ထူးဝေယံက ကျွန်တော့်ကိုပြောပါတယ်။ ပြည်ခိုင်ဖြိုးရုံး ဗုံးပေါက်တယ်လို့ ပြောတယ်။ အော်.. ဗုံးပေါက်ရင်ပြီး တာပဲ.. ငါနဲ့မဆိုင်ဘူးဆိုပြီး မှေးနေလိုက်ပါတယ်။ ကျွန်တော် ညနေ စောင်း ဘုန်းကြီးကျောင်းမသွားခင် ကျန်တဲ့ဆေးပြားတွေ အကုန်သုံး လိုက်ပါတယ်။ ၃ နာရီခွဲ ၄ နာရီဝန်းကျင်မှာ ကျွန်တော် ဘုန်းကြီးကျောင်း ကို သွားပါတယ်။ ဘုန်းကြီးကျောင်းက ကျွန်တော့်ကို ဝယ်စရာရှိတာ ဝယ်ဖို့ ပိုက်ဆံ ၅ ထောင်ထုတ်ပေးပြီး မကွေးမြို့ထဲကို ပြန်လာတဲ့အချိန်မှာ အဖမ်းခံရပါတယ်။
အလားတူ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် မင်းကျေးရွာ အုပ်စု မင်းကျေးရွာအဝင်၌ စက်တင်ဘာ ၁၂ ရက်တွင် ထွေ/အုပ် ရပ်ကျေး စာရေးဖြစ်သူ ဒေါ်ဆွေဇင်ဝင်းနှင့် ခင်ပွန်းဖြစ်သူ ရွှေဒုံးကျေးရွာအုပ်စု ထွေ/အုပ် ရပ်ကျေးစာရေး ဦးဝင်းမင်းစိုးတို့ နှစ်ဦးအား လှိုင်သာယာ လုံခြုံရေးတပ်ဖွဲ့ခွဲမှ CDM ပြုလုပ်လာသူ တစ်ရွာတည်းနေ ရဲတပ်သား မျိုးမင်းထက် (ခ) မင်းထက်ဦး (၂၀နှစ်) (ဘ) ဦးနေလင်းဦးက ဓားဖြင့် ထိုးသဖြင့် ဦးဝင်းမင်းစိုးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဒေါ်ဆွေဇင်ဝင်းမှာ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သော တရားခံသည် စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာအနောက်ဘက်၌ တိမ်းရှောင်နေကြောင်း ဖော်ထုတ် သိရှိရသဖြင့် သွားရောက်ရှာဖွေစစ်ဆေးရာ တရားခံပြေး မျိုးမင်းထက် (ခ) မင်းထက်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ PDF သင်တန်း တက်ရောက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် နေလင်းဦး (ဘ) ဦးချစ်ဆိုင် (၄၂နှစ်)နှင့် မစန်းမြင့်ခိုင် (ဘ) ဦးအောင် (၃၇နှစ်)တို့ကို လက်လုပ် မိုင်းများ၊ ဓားများ၊ ဆက်စပ်ပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ၎င်းတို့အား ငွေကြေးထောက်ပံ့ပြီး တိမ်းရှောင်နိုင်ရန် ကူညီ ပေးခဲ့သော ဘုန်းမြင့်ကျော်(ဘ) ဦးမြင့်ဆွေ (၄၃နှစ်)ကို ၎င်းနေထိုင်ရာ စဉ့်ကူးမြို့နယ် ရွာသစ်ဖျားရပ် အမှတ်(၂) ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်ကြောင့် ရိုးသားအေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်လျက်ရှိသော အပြစ်မဲ့ပြည်သူ များ အသက်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ကြုံတွေ့ခဲ့ရပြီး ယခု ကဲ့သို့ (၅)နှစ်သားအရွယ် လူမမယ် ကလေးသူငယ် အသက်ဆုံးရှုံးခဲ့ရသည် အထိ ယုတ်မာဆိုးသွမ်းသော လုပ်ရပ်များကို ဆောင်ရွက်လာကြောင်း တွေ့ရှိရသဖြင့် မြို့/ရွာ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေး အတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက် တွန်းလှန်နိုင်ပါရန် မေတ္တာရပ်ခံကြောင်းနှင့်အဆိုပါ ဖမ်းဆီးရမိသူများကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်