
မိုင်းပန် စက်တင်ဘာ ၁၈
ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေမှု ကာလအတွင်း ကျေးလက်နေပြည်သူများ၏ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက် ဒေသဖွံ့ဖြိုးရေး အသိပညာပေးသင်တန်းကို စက်တင်ဘာ ၁၇ ရက်တွင် မိုင်းပန်မြို့နယ် အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းလုပ်ငန်း များဆောင်ရွက်နေသည့် ကျေးရွာ ၁၄ ရွာတွင် သင်တန်းပို့ချခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ရာ ယခုအခါ အဆိုပါကျေးရွာများအနက် နောင်လေးကျေးရွာနှင့် နောင်လွန်းကျေးရွာ တို့မှ သင်တန်းသား ၁၇ ဦးနှင့် သင်တန်းသူ ၁၈ ဦး စုစုပေါင်း ၃၅ ဦးအား မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းနှင့် ဒုတိယ ဦးစီးမှူး ဒေါ်ကြူကြူသင်းတို့က သင်ကြားပို့ချ ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ သင်တန်း ဖွင့်လှစ်ရန်ကျန်ရှိသော ကျေးရွာများတွင်လည်း ကျေးရွာအဆင့်ခေါင်းဆောင်မှုနှင့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေး သင်တန်းများ ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မိုင်းပန်မြို့နယ် ကျေးလက်ဦးစီးဌာနမှ သိရသည်။
ဖြိုးကျော် (ပုံတောင်မြေ)