ရေစီးကြောင်းအန္တရာယ်

 

 

လူကိုနှိပ်စက်ဖျက်ဆီးတတ်သည့်  ရန်သူမျိုးတို့တွင်   ရေဘေး အန္တရာယ်သည်လည်း အပါအဝင်ဖြစ်သည်။ မိုးရေချိန် စံချိန်တင် ကာ မိုးရွာသွန်းမှုများပြားသည့်ဒေသများနှင့် မြစ်နီး၊ ချောင်းနီး အနိမ့်ပိုင်းဒေသများ ရေကြီးရေလျှံသည့်သတင်းများ၊ ကားလမ်း များတွင် ရေကျော်ခြင်းကြောင့် အဆက်အသွယ် အသွားအလာများ ယာယီပြတ်တောက်သည့်သတင်းများ၊ လမ်းတံတားများ မျောပါ ပျက်စီးသည့်သတင်းများကို မီဒီယာများနှင့် လူမှုကွန်ရက်တို့တွင် ယခုရက်ပိုင်းအတွင်း ပိုမိုတွေ့မြင်နေရသည်။ ရာသီဥတုပြောင်းလဲ မှုနှင့် မိုးလေဝသဖြစ်စဉ်များ ပြောင်းလဲလာမှုများကြောင့် သဘာဝ ဘေးအန္တရာယ်တို့က ပိုမိုပြင်းထန် ဆိုးရွားလာနိုင်ကြောင်းလည်း ပညာရှင်တို့က သတိပေးမှုများ ပြုလုပ်လျက်ရှိသည်။
ဒေသတစ်ခုတွင် ရေကြီးရေလျှံမှုဖြစ်စဉ်များ ဖြစ်ပေါ်ရသည့် အကြောင်းရင်းသည် ရွာသွန်းသည့် မိုးရေထုထည်ပမာဏ များပြား သည့်အခါ ဒေသအတွင်းရှိ မြစ်ချောင်းများအတွင်း စီးဆင်းနိုင်သည့် ပမာဏထက် ပိုမိုသည့်ရေများ လျှံထွက်စီးဆင်းမှုဖြစ်ပေါ်ခြင်း ဖြစ်သည်။ အထူးသဖြင့်  ရေစီးဆင်းသည့် လမ်းကြောင်းများ ပိတ်ဆို့နေခြင်း၊ မြစ်ချောင်းများ ပြုပြင်ထိန်းသိမ်းမှု အားနည်းချက် ကြောင့် တိမ်ကောနေခြင်း၊ လူနေအိမ်ခြေများကို မြစ်ချောင်းများ၏ ဝဲယာတို့တွင် တိုးချဲ့ဆောက်လုပ်လာခြင်း စသည့်အကြောင်းများ  ပါဝင်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းရှိ မြစ်ချောင်း အများစုမှာ နွေရာသီ၊ ဆောင်းရာသီစသည့် ခြောက်သွေ့ရာသီများ တွင် ရေစီးဆင်းမှု မရှိသလောက်နည်းပါးသော်လည်း မြစ်ဖျား၊ ချောင်းဖျားဒေသများတွင် မိုးရေချိန် အများအပြားရွာသွန်းသည့် အခါမျိုးတွင် အချိန်တိုအတွင်း ကြောက်စရာကောင်းလောက် အောင် ရေစီးဆင်းကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည်။ အရှိန်အဟုန်ဖြင့် စီးဆင်းနေသော ထုထည်များပြားသည့် ရေစီး ကြောင်းမှာ အန္တရာယ်ဖြစ်ပေါ်နိုင်သည်ကို သတိမူကာ ရေကျော် နေသည့်  ကားလမ်းများတွင် တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ ဖြတ်ကူးသွားလာမှုကို ဆင်ခြင်ပြုလုပ်ကြရန် လိုသည်။
အရှိန်အဟုန်ဖြင့်      စီးဆင်းနေသော     ရေစီးကြောင်းသည် ခါးအထက် ရင်စို့ခန့်အနက်ရှိနေပြီး  ခြေတစ်လှမ်းပြီး နောက် တစ်လှမ်းလှမ်းနိုင်ရန် ခန္ဓာကိုယ်ကို ကြိုးစားတည့်မတ်နေရသည့် အခြေအနေမျိုးဆိုပါက လူတစ်ဦးချင်း လက်လွှတ်ကူးသန်းရန် မလွယ်ကူသည့်အပြင် ရေစီးတွင် မျောပါအသက်ဆုံးရှုံးနိုင်သည့် အခြေအနေပင် ဖြစ်သည်။ ယင်းသို့သော အခြေအနေမျိုးတွင် ခိုင်ခိုင်မြဲမြဲ ချည်နှောင်ထားသည့် ကြိုးတန်းကို  မလွတ်တမ်း မိမိရရဆုပ်ကိုင်ပြီး  အခြားလူများအကူအညီဖြင့်သာ ဖြတ်ကူး သင့်သည်။ ယင်းသို့သော ရေစီးကြောင်းကို မော်တော်ကားများ ဖြတ်သန်းမောင်းနှင်ခြင်းမှာလည်း  လွန်စွာအန္တရာယ်ကြီးမား သည့်လုပ်ရပ်ဖြစ်သည်။ ထုထည်ပမာဏကြီးမားသည့် ရေထဲတွင် မော်တော်ကားသည် ရေ၏ ဖော့ဂုဏ်သတ္တိကြောင့် ပေါ့ပါးသွား သည့်အပြင်  ရေစီး၏တွန်းအားကြောင့်  မျောပါသွားနိုင်သည်။ ရေနက်ပိုင်းရောက်ချိန်တွင် အင်ဂျင်အတွင်း ရေဝင်ခြင်းကြောင့် ကားစက်ရပ်သွားကာ ရေစီးကြောင်း၏ ပြုသမျှနုရသည့်ဘဝသို့ ရောက်သွားနိုင်သည်။ ရေဖိအားကြောင့် ကားတံခါးများဖွင့်မရ ဖြစ်ပြီး ဒလိမ့်ကောက်ကွေးမျောပါကာ ကားအတွင်းပါသူများ အသက်အန္တရာယ် ကြုံတွေ့နိုင်သည်။ သို့ဖြစ်ရာ မိမိတို့သွားရာ ခရီးလမ်းတွင် ရေကျော်များ၊ ချောင်းများ၌   ရေစီးဆင်းနေမှုနှင့်   ကြုံတွေ့ရပါက  လူချည်းသက်သက်ဖြစ်စေ၊   ကားဖြင့်ဖြစ်စေ ဖြတ်ကူးတော့မည်ဆိုလျှင်   သေချာစွာ စူးစမ်းလေ့လာကြရန် လိုအပ်ကြောင်းနှင့် နာရီအနည်းငယ်မျှ စောင့်ဆိုင်းသင့်ပါကလည်း စောင့်ဆိုင်းပြီးမှ  အန္တရာယ်ကင်းစွာ  ခရီးဆက်ကြရန်  လူတိုင်း ကိုယ်စီ မိမိအသက်ကို ဉာဏ်ပညာဖြင့် စောင့်ရှောက်နိုင်ကြပါစေကြောင်း။        ။