ဒုတိယအကြိမ်တွေ့ဆုံမှုတွင် ဝက်စ်ဟမ်းအသင်း မန်ယူကို အနိုင်ယူနိုင်မလား


 

ကာရာဘောင်ဖလားပြိုင်ပွဲ တတိယအဆင့် ပွဲစဉ်အဖြစ်   မန်ယူအသင်းနှင့်  ဝက်စ်ဟမ်း အသင်းတို့ပွဲစဉ်ကို စက်တင်ဘာ ၂၃ ရက် နံနက် ၁ နာရီ ၁၅  မိနစ်တွင်  မန်ယူအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မန်ယူအသင်း နှင့် ဝက်စ်ဟမ်းအသင်းတို့ ပရီမီယာလိဂ်တွင် တွေ့ဆုံပြီး သုံးရက်အကြာ ကာရာဘောင်ဖလား ပြိုင်ပွဲတွင် ထပ်မံဆုံတွေ့ခြင်းဖြစ်သည်။
ပရီမီယာလိဂ်တွင်    တွေ့ဆုံစဉ်   မန်ယူ အသင်းက စီရော်နယ်ဒို၊ လင်ဂတ်တို့၏ သွင်းဂိုး များနှင့်အတူ နှစ်ဂိုး-တစ်ဂိုးဖြင့် ဝက်စ်ဟမ်း အသင်းကို အနိုင်ရရှိထားသည်။ အဆိုပါပွဲစဉ် တွင် မန်ယူအသင်းသည် ဝက်စ်ဟမ်းအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရကာ ပွဲချိန်ပြီးခါ နီးတွင် ဝက်စ်ဟမ်းအသင်း၏ ပယ်နယ်တီကို ဂိုးသမား ဒီဂီယာလက်စွမ်းပြ ကာကွယ်ထား နိုင်မှုကြောင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝက်စ်ဟမ်းအသင်းအနေဖြင့် မန်ယူ အသင်းကို အနိုင်ယူသွားနိုင်မလား စောင့်ကြည့် ရမည် ဖြစ်သည်။ 
မန်ယူအသင်းသည်  နောက်ဆုံးယှဉ်ပြိုင် ကစားခဲ့သည့် လေးပွဲတွင် သုံးပွဲအထိ နိုင်ပွဲရရှိ ပြီး တစ်ပွဲသာရှုံးနိမ့်ခဲ့သည့်အတွက် အသင်းစုဖွဲ့ မှု အားကောင်းလာပြီး တိုက်စစ်ပိုင်းထက်မြက် လာသည်ကို တွေ့ရသည်။ ဝက်စ်ဟမ်းအသင်း ၏ နောက်ဆုံးလေးပွဲကိုကြည့်လျှင် ယူရိုပါလိဂ် ပြိုင်ပွဲ၌ ဒိုင်နမိုဇာဂရက် အသင်းကိုသာလျှင် နှစ်ဂိုးပြတ်အနိုင်ရရှိထားပြီး ပဲလေ့စ်၊ ဆောက် သမ်တန်အသင်းတို့ကို   သရေကျကာ မန်ယူ အသင်းကို ရှုံးနိမ့်ထားသည့်အတွက် အသင်း စွမ်းဆောင်ရည်ပိုင်းတွင် လိုအပ်ချက်များ ရှိနေ ပြီး အကျဘက်ရောက်နေသည်ဟု ဆိုနိုင်သည်။ 
ယနေ့ပွဲစဉ်တွင် မန်ယူအသင်းတွင် ရက်ဖို့ဒ်၊ ဒီယယ်လိုတို့ ပါဝင်နိုင်ဖွယ်မရှိသလို တိုက်စစ် ကစားသမား  ကာဗာနီသည်လည်း သံသယ အနေအထားတွင် ရှိနေသည်။ ထို့အပြင် မန်ယူ အသင်းသည် ယနေ့ပွဲစဉ်တွင် အဓိကကစား သမားအချို့ကို အနားပေးကာ အရန်ကစားသမား အများစုဖြင့် ဝက်စ်ဟမ်းအသင်းကို ရင်ဆိုင်လာ ဖွယ်ရှိသည်။ ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းက ပြီးခဲ့သည့်ပွဲစဉ်မှ   ကစားသမားစာရင်းကို အနည်းငယ်သာ   အပြောင်းအလဲပြုလုပ်ပြီး အင်အားအတောင့်တင်းဆုံးပုံစံကို   အသုံးပြု ကာ မန်ယူအသင်းကို ရင်ဆိုင်လာဖွယ်ရှိသည်။  
ထို့အပြင် ဝက်စ်ဟမ်းအသင်းသည် ယခု ပွဲစဉ်၌   ပြီးခဲ့သည့်ပွဲစဉ်မှ  အရေးနိမ့်မှုကို ချေဖျက်ကာ မန်ယူအသင်းကို အနိုင်ရရှိရေး အားစိုက်ကစားလာဖွယ်ရှိသည်။ ထို့ကြောင့် ဝက်စ်ဟမ်းအသင်းအနေဖြင့် မန်ယူအသင်းကို ထပ်မံအရေးနိမ့်သွားမလား  သို့မဟုတ် အနိုင် ရရှိသွားမလားဆိုသည်ကို   စက်တင်ဘာ   ၂၃ ရက် နံနက်ပိုင်းတွင်    အဆုံးအဖြတ်ပေးသွား မည်ဖြစ်သည်။       
                  အောင်ဇော်