
ကျော်ကျော်လှိုင်
======
(၉-၉-၂၀၂၁ ရက်နေ့မှအဆက်)
ကိုဖားက “ကောင်းပြီ။ ကျွန်တော့်ကျောပေါ်တက်၊ ကျွန်တော် ပို့ပေးမယ်” ဆိုပြီး တစ်ဖက်ကမ်းကို ကူးပါတယ်။ လမ်းတစ်ဝက် ရောက်တော့ ကင်းမလက်မည်းက ဖားကို ကိုက်လိုက်ပါတယ်။ ဖားက နာကျင်စွာနဲ့ “ကိုကင်းမလက်မည်း ဘာလို့လုပ်ရတာလဲ။ ကျွန်တော်တို့နှစ်ယောက်လုံးရေနစ်သေရတော့မယ်” လို့ပြောပါတယ်။
ကင်းမလက်မည်းက “ငါ ကင်းမလက်မည်းပဲ၊ ကင်းမလက်မည်း က ဖားကို ကိုက်ရတယ်၊ ဒါကြောင့် ငါကိုက်တယ်” လို့ပြောပါတယ်။
လောကကြီးမှာ ကင်းမလက်မည်းတွေ အများကြီးရှိပါတယ်။ သတိထားပါ။ ကင်းမလက်မည်းလိုပဲ သူတို့ ရေနစ်မှာမကြောက်ဘဲ ကိုယ့်ကိုဒုက္ခပေးမယ့်သူတွေပါ။
အချို့လူတွေကို ရှောင်ဖို့လိုပါတယ်။ တချို့လူတွေကိုတော့ ရင်ဆိုင်ပြီး ပြန်တိုက်ခိုက်ဖို့ လိုပါတယ်။ “ဘယ်လိုအခြေအနေမျိုးမှာ ပြန်တိုက်ခိုက်ရမှာလဲ။ မိမိကိုယ်မိမိပြန်မေးပါ။ ပြန်တိုက်ခိုက်ဖို့လိုရင်၊ တရားတယ်လို့ထင်ရင် ပြန်တိုက်ခိုက်ပါ။ အခြားသူတွေက သဘော မကောင်းဘူးလို့ထင်မှာ၊ တခြားသူတွေက မကြိုက်မှာကို စိုးရိမ်မနေနဲ့။
လူတိုင်းက သဘောကျအောင်၊ ကြိုက်အောင် ကြိုးစားရင်တော့ မိမိပဲ ပေးဆပ်လိုက်ရတာတွေများပြီး နောက်ဆုံးကျတော့လည်း မိမိကိုယ်မိမိ ဘာကောင်မှန်းမသိ ဖြစ်သွားနိုင်တဲ့အပြင် လူတော်တော် များများရဲ့ ကဲ့ရဲ့ရှုတ်ချမှုကိုလည်း ခံရပါလိမ့်မယ်။
အကောင်းဆုံးကတော့ မိမိရဲ့အတွင်းစိတ်က အဆုံးအဖြတ်ကို ယူပါ။ တစ်နည်းအားဖြင့် မိမိနှလုံးသားရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ပါ။
အသစ်အဆန်းတွေရှာဖွေပါ။ လုပ်နေကျအလုပ်ပဲ လုပ်နေရင်တော့ ရနေကျအကျိုးကျေးဇူးပဲရပါလိမ့်မယ်။
အလုပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေး စလုပ်တဲ့သူတွေ၊ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်တဲ့သူတွေ၊ အလုပ်ကထွက်ပြီး ကျောင်းပြန်တက်တဲ့သူတွေ ဘယ်လိုသတ္တိတွေမွေးပြီးလုပ်တာလဲလို့မေးကြည့်ရင် အဖြေကတော့ အတူတူပဲဖြစ်ပါတယ်။
“အဆိုးဆုံးနဲ့ ရင်ဆိုင်ရနိုင်တယ်၊ ရင်ဆိုင်နိုင်ရဲ့လား” ဆိုတဲ့ မေးခွန်းရဲ့အဖြေက “ရင်ဆိုင်နိုင်တယ်” ဆိုတာနဲ့ စလုပ်ကြတာပါပဲ။ စွန့်စားရတော့မယ်ဆိုရင် ကြီးတာပဲဖြစ်စေ၊ သေးတာပဲဖြစ်စေ လျှို့ဝှက်ချက်ကတော့ အတူတူပါပဲ။
ဥပမာ - ကိုမောင်မောင်က လက်ရှိအလုပ်အကိုင်ကထွက်ပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းထောင်ဖို့စဉ်းစားတယ်။ ကိုမောင်မောင် က “ဘာတွေအဆိုးဆုံးဖြစ်နိုင်လဲ”လို့ မိမိကိုယ်မိမိ မေးတယ်။
အဖြေက - “စုထားတဲ့ငွေတွေ ကုန်သွားပြီ၊ စီးပွားရေးကလည်း မအောင်မြင်ဘူး”၊ “ဘာဖြစ်လဲ၊ စုထားတဲ့ငွေတွေ ကုန်သွားရင် လခစား ပြန်လုပ်မယ်” ဆိုပြီး ကိုမောင်မောင် စီးပွားရေးလုပ်ငန်းစလုပ်ပါတယ်။
ဥပမာ - စွဲလန်းက နိုင်ငံခြားမှာသွားအလုပ်လုပ်ဖို့ စဉ်းစားတယ်။ စွဲလန်းက “ဘာတွေအဆိုးဆုံးဖြစ်နိုင်လဲ” လို့ မိမိကိုယ်မိမိမေးတယ်။
အဖြေက “နိုင်ငံခြားမှာ လိုချင်တဲ့အလုပ်မရဘူး၊ စုထားတဲ့ ငွေတွေလည်း ကုန်ပြီ”၊ “ဘာဖြစ်လဲ။ ရန်ကုန်ပြန်ပြီး အလုပ်ပြန် လုပ်မယ်” ဆိုပြီး စွဲလန်း နိုင်ငံခြားကို သွားပါတယ်။ အလုပ်ရှာတယ်။ လိုချင်တဲ့အလုပ်၊ လိုချင်တဲ့လခရပါတယ်။
စွမ်းအား၏လျှို့ဝှက်ချက်
“လေးသမားက ဘာကိုမှမချိန်ဘဲပစ်တိုင်း
အစွမ်းအစ အပြည့်ရှိပါတယ်
ချိန်မှတ်ကို ချိန်ပြီးပစ်တိုင်း စိတ်လှုပ်ရှားရပါတယ်။
ဆုကို လိုချင်စိတ်များလို့ ဂရုစိုက်လွန်းလို့ပါ
လေးပစ်ဖို့ထက် ဆုရဖို့ကို
ပိုစဉ်းစားနေလို့ပါ။
ဆုရဖို့ကို ကြိုးစားတိုင်း
စွမ်းအားတွေ ကုန်စေပါတယ်။ ”
Chuang Tzu
ဘောလုံးကန်ဖူးရင်၊ ကြက်တောင်ရိုက်ဖူးရင်၊ ဂေါက်သီးကစား ဖူးရင် အားကစားဆိုတာ ပြိုင်ပွဲမှာ ဆုရတာထက်ပိုပါတယ်ဆိုတာ စာဖတ်သူတို့ သိမှာပါ။ ဒါကြောင့်လည်း စာရင်းကိုင်တွေ၊ ဆရာဝန် ကြီးတွေ၊ အရာရှိကြီးတွေ ရုံးပိတ်ရက် နေပူကျဲကျဲမှာ ဂေါက်သီးရိုက်နေ တာတွေ့ရမှာပါ။ တချို့လည်း တစ်ကိုယ်လုံးချွေးရွှဲအောင် ကြက်တောင် ရိုက်တာတွေ့ဖူးမှာပါ။ ဂေါက်ကွင်းမှာ၊ ကြက်တောင်ကွင်းမှာ၊ ပင်ပေါင်ခုံပေါ်မှာ လောကရဲ့နိယာမတရားတွေကို ရှာဖွေနိုင်ပါ တယ်။ အားကစားလုပ်ရတာ ပျော်စရာကောင်းပြီး မိတ်ဆွေတိုးတဲ့အပြင် ကိုယ်ပိုင်စွမ်းအားတွေအကြောင်းလည်း ပိုနားလည်လာပါတယ်။ အားကစားကရတဲ့ နိယာမတွေကတော့ အမှတ်ရဖို့စဉ်းစားတိုင်း စွမ်းဆောင်မှု လျော့လေဆိုတာပါပဲ။
ရတဲ့အမှတ်ကို မစဉ်းစားဘဲ ကြက်တောင်ရိုက်တဲ့အခါ၊ ဂေါက်သီး ကိုရိုက်တဲ့အခါ အကောင်းဆုံးရိုက်နိုင်တာကို တွေ့ရပါတယ်။ နိုင်ချင် လွန်းတဲ့စိတ်နည်းလေ၊ တခြားလူတွေက ပြောမှာ၊ စဉ်းစားမှာကို မတွေး လေ အကောင်းဆုံးစွမ်းဆောင်နိုင်လေဖြစ်ပါတယ်။ အားထည့်တိုင်း ကောင်းမယ်မထင်ပါနဲ့၊ အကြောအခြင်တွေရော၊ စိတ်ရောလျှော့တဲ့အခါ မှ တကယ့်စွမ်းအားကို ရပါတယ်။ ဂေါက်သီးရိုက်တဲ့အခါ အားထည့်ရိုက် လေ ပျက်လေပါပဲ။ အဝေးဆုံးပြေးအောင် ရိုက်နိုင်ကြောင်း၊ အားကောင်း ကြောင်း သက်သေပြဖို့ မကြိုးစားတိုင်း ဂေါက်သီးက အဝေးဆုံးပြေး ပါတယ်။ ရိုက်တဲ့အခါ အားထည့်ရိုက်လေ ပျက်လေပါပဲ။ စွမ်းအား အကြီးဆုံးကို ရနိုင်ပါတယ်။ လူတွေနဲ့ဆက်ဆံတဲ့အခါမှာလည်း ဒီလောကနိယာမက မှန်ပါတယ်။
စိတ်အေးအေးထားပါ
အားကစားလုပ်တဲ့အခါ စိတ်ဆိုးလို့မရပါဘူး။ စိတ်ဆိုးရင် ရှုံးတာပါ ပဲ။ စိတ်အေးအေးထားပြီး အကောင်းဆုံးယှဉ်ပြိုင်ရင် နိုင်ဖို့များပါတယ်။ ဒီလောကနိယာမက စီးပွားရေးတွေ ပြိုင်တဲ့အခါမှာလည်း အသုံးဝင်ပါ တယ်။
ပြိုင်ဘက်ကို မမုန်းပါနဲ့၊ သုညမှာထားပါ
ပြိုင်ဘက်ကို မုန်းတာနဲ့ မိမိရဲ့စွမ်းအားတွေ ကုန်ပါလိမ့်မယ်။ လူတစ်ယောက်ကို ချစ်ရင်ပဲဖြစ်ဖြစ်၊ မုန်းရင်ပဲဖြစ်ဖြစ် စွမ်းအားတွေ ကုန်ပါတယ်။ စာဖတ်သူတို့ သုည (၀) မှာရှိနေတဲ့ မီတာဒိုင်ခွက်တွေ တွေ့ဖူးမှာပါ။ ဘယ်ဘက်ကိုသွားရင် မိုင်းနက်စ် (-) ဖြစ်ပြီး ညာဘက် ကိုသွားရင် ပလပ်စ် (+) ဖြစ်ပါတယ်။ မီတာတံလေးက သုည (၀) မှာနေ သလို ပြိုင်ဘက်ကို စိတ်ထဲက သုည(၀) မှာ ထားနိုင်အောင် ကြိုးစားပါ။ သုည (၀) မှာမထားနိုင်ဘဲ ပြိုင်ဘက်ကိုမုန်းရင် ကိုယ်လုပ်ရမယ့်အလုပ် ကို အာရုံမစိုက်နိုင်ဘဲ ဖြစ်သွားပါလိမ့်မယ်။
အကြောင်းရှာပြီး အပြစ်မတင်ပါနဲ့
ကိုယ်မကောင်းတာ၊ ကိုယ်မစွမ်းဆောင်နိုင်တာတွေကို တခြားသူ ကို အပြစ်မတင်ပါနဲ့။ အားလုံးက ဝိုင်းပြီးဒုက္ခပေးနေတယ်လို့ထင်ရင် ဥပမာ- ဒိုင်ကြောင့်၊ လေတိုက်လို့၊ မိုးရွာလို့၊ အသံဆူလို့ ကောင်းအောင် မစွမ်းဆောင်နိုင်တာပါလို့ အကြောင်းမရှာပါနဲ့။ အောင်မြင်တဲ့အားကစား သမားတစ်ယောက်ဟာ ထူးချွန်ထက်မြက်အောင်မြင်တဲ့ လူတစ်ယောက် လိုပါပဲ။ ဖြစ်သမျှကို တာဝန်ယူရဲပါတယ်။ အကြောင်းရှာပြီး အပြစ်တင် လေ့မရှိပါဘူး။
ထူးခြားတဲ့သန္နိဋ္ဌာန်က ထူးခြားတဲ့စွမ်းဆောင်မှုကို ပေးပါတယ်
သာမန်ကြည့်ရင်တော့ ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်၊ တင်းနစ်ချန်ပီယံ ရှာရာပိုဗာတို့ဟာ မွေးကတည်းက ပါရမီရှိပြီးသားလို့ ထင်ပါလိမ့်မယ်။ ပါရမီထက် သန္နိဋ္ဌာန်က ပိုအရေးကြီးပါတယ်။ အောင်မြင်တဲ့အားကစားသမားအကျော်အမော်တွေဟာ အောင်မြင် အောင်လုပ်မယ်။ မဖြစ်မနေလုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ခိုင်ခိုင်မာမာ ချထားသူတွေများပါတယ်။
အားကစားနှင့်ဘဝမှာ ကိုယ်လိုချင်တာကိုပဲ အာရုံစူးစိုက်ပါ
လူတော်တော်များများက ကိုယ်မဖြစ်ချင်တာကို ဖြစ်မှာစိုးတယ် ဆိုပြီး တွေးပူနေကြပါတယ်။ ဂေါက်သီးဘောလုံး ညာဘက်ပါသွားပြီး ရေထဲကျသွားတာ၊ တင်းနစ်ဘောလုံး ပိုက်ကိုဝင်တိုးမိတာ၊ ကြက်တောင်က စည်းကိုကျော်ပြီးကျတာတွေကို ဖြစ်မှာစိုးရိမ်လေ ဖြစ်လေပါပဲ။ ဒါလောကရဲ့ ဆွဲဆောင်မှုနိယာမပါပဲ။ ကိုယ်အာရုံစူးစိုက် တာတွေကဖြစ်ပါတယ်။ စိုးရိမ်စိတ်၊ ပူပန်စိတ်တွေကို ဖျောက်ပါ။ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာကိုပဲတွေးပါ။ ဂေါက်သီးဘောလုံးက တိုင်နားမှာကျပြီး ဘာဒီထိုးခွင့်ရတာ။ ရိုက်လိုက်တဲ့တင်းနစ်ဘောလုံး က ပိုက်တိုက်ပြီး တစ်ဖက်စည်းကိုကျသွားလို့ အမှတ်ရတာတွေပဲ စဉ်းစားပါ။ ကိုယ်လိုချင်တာကိုပဲ အာရုံစူးစိုက်ပါ။
“ကျွန်တော်ငယ်စဉ်တုန်းက ခေါင်းဆောင်နေရာကို ယူထားတဲ့ တရားဟောဆရာတွေ၊ ဗိုလ်ချုပ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေးခေါင်းဆောင်တွေဟာ အောက်ခြေမှာ ဘာဖြစ်နေ တယ်ဆိုတာ သိတယ်လို့ထင်ခဲ့ပါတယ်။ ကျွန်တော်ခေါင်းဆောင် နေရာကို ရောက်တော့မှ သူတို့မသိဘူးဆိုတာ သိရပါတယ်။”
David Mahoney
စာရေးသူငယ်စဉ်တုန်းက အဖေခေါ်သွားလို့ အဖေ့မိတ်ဆွေ သူဌေးတစ်ယောက်အိမ်ကို ရောက်ဖူးပါတယ်။ စာရေးသူ ကိုကာ ကိုလာကို အဲဒီအိမ်ကျမှ စသောက်ဖူးတာပါ။ စာရေးသူတို့ ကြီးပြင်း လာတဲ့ ဆိုရှယ်လစ်ခေတ်မှာ အစစအရာရာ ရှားပါးပါတယ်။ စာရေးသူက စာရေးသူအမေကို ကိုကာကိုလာ နေ့စဉ်သောက်ချင် ကြောင်း ပူဆာတော့ အမေက “သူဌေးမှ နေ့တိုင်း ကိုကာကိုလာ သောက်နိုင်မယ်” လို့ပြောပါတယ်။ စာရေးသူလည်း နေ့တိုင်း ကိုကာ ကိုလာသောက်နိုင်ရင် ဟုတ်ပြီလို့ တွေးမိပါတယ်။ ကိုကာကိုလာကို နေ့တိုင်းသောက်နိုင်တဲ့အခြေအနေကို ရောက်လာတော့လည်း ကိုကာကိုလာကြောင့် ဘာမှဖြစ်မလာဘူးဆိုတာသိလာပါတယ်။
ငယ်စဉ်က အနောက်တိုင်းဝတ်စုံကို လည်စည်းနဲ့ ကျကျနန ဝတ်တဲ့သူတွေကိုတွေ့ရင် အားကျမိပါတယ်။ အဖေတောင်မှ တစ်နှစ် မှာ နှစ်ခါလောက်ပဲ ဝတ်တာတွေ့ဖူးပါတယ်။ အသက်ရလာတော့ လည်း အနောက်တိုင်းဝတ်စုံကို လည်စည်းနဲ့ ကျကျနနဝတ်တိုင်း လည်း အရည်အချင်းရှိတဲ့သူ ဖြစ်မလာဘူးဆိုတာ သိလာပါတယ်။
စာရေးသူ စာမရေးခင်ကလည်း စာရေးဆရာတွေဟာ အလုံးစုံ သိသူတွေလို့ ထင်ခဲ့ပါတယ်။ စာဖတ်သူလည်း တွေးမိမယ်ထင်ပါတယ်။ မေးသမျှမေးခွန်းကို ဖြေနိုင်တဲ့ပညာရှိတော့ရှိရမယ်လို့ မရှိပါဘူး။ အောင်မြင်တဲ့သူတွေဟာ ရုပ်ရှင်ထဲက စူပါမင်းတွေ မဟုတ်ပါဘူး။ အောင်မြင်တဲ့သူတွေဟာ သာမန်လူတွေလိုပဲ ဦးနှောက်တစ်လုံး၊ လက်နှစ်ဖက်၊ ခြေနှစ်ချောင်းနဲ့ တစ်နေ့ကို ၂၄ နာရီပဲ ပိုင်ဆိုင်ပါတယ်။ ကျွမ်းကျင်မှုကို ထူးချွန်လာအောင် လေ့ကျင့်ပျိုးထောင်ပြီး ခိုင်မာတဲ့ သံမဏိစည်းကမ်းတွေကြောင့် အောင်မြင်သူဖြစ်လာတာပါ။ စာဖတ် သူလည်း မိမိရဲ့ကျွမ်းကျင်မှုကို ထူးချွန်လာအောင် လေ့ကျင့်ပျိုးထောင် ပြီး သံမဏိစည်းကမ်းနဲ့ ကျင့်ကြံနေထိုင်ရင် အောင်မြင်သူဖြစ်လာမှာပါပဲ။
ကျောင်းသားက အဆင်သင့်ဖြစ်ရင် ဆရာရောက်လာပါလိမ့်မယ်
ရည်မှန်းချက်တစ်ခုကို အောင်မြင်အောင်လုပ်မယ်လို့ ခိုင်ခိုင် မာမာ သန္နိဋ္ဌာန်ချပြီး စလုပ်လိုက်တာနဲ့တစ်ပြိုင်တည်း မိမိရည်မှန်း ချက်ကို အောင်မြင်အောင် ကူညီမယ့်သူတွေက အလိုလိုပေါ်လာကြ ပါတယ်။ စာအုပ်ငှားမယ့် သူငယ်ချင်းတွေ၊ ကူညီမယ့်မိတ်ဆွေတွေ၊ သတင်းစာထဲက ကြော်ငြာကအစ အားလုံးက အချိန်ကိုက်ဖြစ်လာ တာကို တွေ့ရပါတယ်။
မေးစရာရှိတာကတော့ အခွင့်အရေးတွေကို သတိထားမိလာ တာလား (သို့) အခွင့်အရေးတွေကို မိမိရဲ့ခိုင်မာတဲ့ရည်မှန်းချက်က ဆွဲဆောင်တာလား။ အဖြေကတော့ နှစ်ခုစလုံးပါပဲ။
အဓိကကတော့ ခိုင်မာတဲ့သန္နိဋ္ဌာန်ပါပဲ။ သန္နိဋ္ဌာန်ဆိုတာ ဆု တောင်း တာ မဟုတ်ပါဘူး။ ဘယ်လိုအခက်အခဲနဲ့တွေ့တွေ့ ငါဇွဲရှိရှိနဲ့ ကျော်ဖြတ်မယ်။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်က အလွန်စွမ်းအားကြီးပြီး မိမိရဲ့ရည်မှန်းချက်ကိုအောင်မြင် ဖို့အတွက် လိုအပ်တဲ့အကူအညီတွေကို ဆွဲဆောင်ပါ လိမ့်မယ်။ ။
- Log in to post comments