အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင်  မြန်မာအမျိုးသမီးအသင်းပါဝင်သော အုပ်စု (I)ပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံ၌ကျင်းပရန် ဆုံးဖြတ်

 

ရန်ကုန်    စက်တင်ဘာ   ၂၄


အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲမှ မြန်မာအသင်းပါဝင်သော အုပ်စု (I) ပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ယင်းအုပ်စုကို ယခင်က တရုတ်(တိုင်ပေ) တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ပြန်လည်နုတ်ထွက်ခဲ့သဖြင့် အိမ်ရှင်နိုင်ငံအသစ် ပြန်လည်ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။


ယင်းအုပ်စု (I) တွင် ဗီယက်နမ်၊ မြန်မာ၊ တရုတ်(တိုင်ပေ)အသင်းတို့ ပါဝင်ပြီး မြန်မာအသင်းမှာမူ အုပ်စုမဲခွဲပွဲမတိုင်မီကတည်းက အိမ်ရှင် နိုင်ငံအဖြစ် လျှောက်ထားခြင်းမရှိသလို တရုတ်(တိုင်ပေ) အိမ်ရှင်အဖြစ်မှ ပြန်လည်နုတ်ထွက်ပြီးနောက်ပိုင်း ဗီယက်နမ်နိုင်ငံကလည်း ကျင်းပရန် အဆင်မပြေသဖြင့် အာရှဘောလုံးအဖွဲ့ချုပ်သည် ကြားနိုင်ငံဖြစ်သည့် ကာဂျစ္စတန်နိုင်ငံ၌ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်နိုင်ငံ အပြောင်းအလဲကြောင့် အုပ်စု (I) ပွဲစဉ်များ ကျင်းပမည့်ကာလလည်း ပြောင်းလဲခဲ့ပြီး   အောက်တိုဘာ  ၂၇ ရက်မှ   နိုဝင်ဘာ ၂ ရက်အထိ ပြောင်းလဲကျင်းပမည်ဖြစ်သည်။ ယခင်က အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် က အသစ်ထုတ်ပြန်လိုက်သည့် ပွဲစဉ်အရ အောက်တိုဘာ ၂၇ ရက်တွင် ဗီယက်နမ်နှင့် တရုတ်(တိုင်ပေ)အသင်း၊ အောက်တိုဘာ ၃၀ ရက်တွင် မြန်မာနှင့် တရုတ်(တိုင်ပေ)အသင်း၊ နိုဝင်ဘာ ၂ ရက်တွင် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီး အသင်း ယှဉ်ပြိုင်ရမည့် အာရှဖလား အမျိုးသမီးခြေစစ်ပွဲ  အုပ်စု (D) ပွဲစဉ်ကိုလည်း ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ရာ မြန်မာ ယူ-၂၃ အသင်းရော အမျိုးသမီးလက်ရွေးစင်အသင်းပါ ခြေစစ်ပွဲနှစ်ခုစလုံးကို ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။


 မြန်မာ ယူ-၂၃ အသင်းသည် ယင်းခြေစစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ပြီး နည်းပြချုပ်အဖြစ် ပိုပေါ့ဗ်က ကိုင်တွယ်နေသည်။ မြန်မာ ယူ-၂၃ အသင်းသည် ယခုပြိုင်ပွဲတွင် တစ်ကျော့ပြန်ခြေစစ်ပွဲအောင်မြင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။                          

 ရဲရင့်လွင်