ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ ဆန်၊ ဆီများ၊ စားသောက်ကုန်များနှင့် အသား၊ ငါးများအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးသည့် အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၂၄


ကိုဗစ်-၁၉ ရောဂါ   တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း   ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်း ပေးနိုင်ရေး၊ ဆေးဝါးများ   လွယ်လင့်တကူ ဝယ်ယူ နိုင်ရေး  အရည်အသွေးနှင့်   ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ညွှန်ကြားချက်အရ   မြန်မာနိုင်ငံ   ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏   စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည် လမ်းနှင့်  ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ     မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက် အအုံ၌ အိမ်သုံးဆေးဝါးများ    လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းအစီအစဉ်ကို   ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ   ၁၁  ခုမှ   ငွေကျပ် တစ်သိန်းကျော်တန်ဖိုးရှိ အိမ်သုံးဆေးဝါး အမျိုးပေါင်း  ၁၆၀  ကို ရောင်းချပေးခဲ့သည်။


အလားတူ  ပထမအစီအစဉ်အဖြစ်    ဖွင့်လှစ် ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ် ကမ်းနား လမ်း လွတ်လပ်ရေးရပ်ကွက် အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း   ၃၀ ရက်နေ့အဖြစ်    ဆက်လက် ရောင်းချပေးလျက်ရှိပြီး  ယနေ့တွင်    ငွေကျပ် ခြောက်သောင်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်း များ ရောင်းချနိုင်ခဲ့သည်။


ထို့ပြင်   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများအသင်းတို့၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင်လည်း ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီများ၊ စားသောက်ကုန်များနှင့် အသား၊ ငါးများကို ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်