
သတင်းထုတ်ပြန်ချက်
==============
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါ်အောင်ဆန်း စုကြည်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခဲ့သည်။
၂။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေကြောင်းပျံသန်းအမှတ် MU 2587 ဖြင့် ဆိုက်ရောက်ခဲ့သည်။
၃။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတအိမ်တော်သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့သည်။ ဂါရဝပြုတွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းမူဘောင်အောက်မှ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အကောင်အထည်ဖော် ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး လှုပ်ရှားမှုများနှင့် အခမ်းအနားများကျင်းပရေးနှင့် နှစ်နိုင်ငံအကြား အဆင့်မြင့်ကိုယ်စားလှယ်များ အပြန်အလှန်သွားလာလည်ပတ်ရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
၄။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့သည် သမ္မတအိမ်တော်၊ ဧည့်ခန်းမ၌ တွေ့ဆုံနှုတ်ဆက်ခဲ့ ပြီးနောက် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကိုအခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံချက်များအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝတို့အား မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်နှင့် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် တို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ကူညီပံ့ပိုး ပေးရေး၊ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာပူးပေါင်း ဆောင်ရွက်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
၅။ ညနေပိုင်းတွင် ရွှေစံအိမ်ဟိုတယ်၌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ရှေ့မှောက်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် တရုတ်အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ၊ ဒုတိယဥက္ကဋ္ဌ Mr. Deng Boqing တို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွက် အလွယ်တကူတပ်ဆင်နိုင်သည့် အိမ်အလုံး (၁၀၀၀) လှူဒါန်းမှုစာချွန်လွှာ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ပါသည်။ ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါ ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
၆။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် မစ္စတာ ဝမ်ယိခေါင်းဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး CNPC ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် မြန်မာ- တရုတ်ရေနံပိုက်လိုင်းစီမံကိန်း၊ မြနန်းစံကျော်ရွှေနန်းတော်၊ မန္တလေးတောင်နှင့် ကုသိုလ်တော်ဘုရားတို့သို့ သွားရောက်ခဲ့ပါသည်။
၇။ မစ္စတာ ဝမ်ယိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယင်းနေ့၊ ညပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းပျံသန်း အမှတ် 3U 8708 ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်