ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို ကလေးတွေကို အိမ်မှာနေရင်း သင်ကြားပေးထားရမှာဖြစ်ပါတယ်

 

ထက်လျှံ

ကျောင်းများပြန်ဖွင့်ချိန်တွင် ကိုဗစ် - ၁၉ လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်သင့်ပုံနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။ 


မေး    ။    ။    ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကလေးတွေ             လိုက်နာဆောင်ရွက်သင့်တဲ့အချက်တွေကို အိမ်မှာ ဘယ်လို လေ့ကျင့်ပေးထားသင့်တယ် ဆိုတာကို ပြောကြားပေးပါ။
ဖြေ    ။    ။    ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားစဉ်ကာလမှာ             ကလေးတွေ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ရေး   ဆောင်ရွက်ပေးရမယ့် အပိုင်းတွေရှိသလို တစ်ဖက်ကလည်း ကလေးတွေ ကို ကိုဗစ် - ၁၉ ကာကွယ်ရေးစည်းကမ်းတွေနဲ့အညီ နေထိုင်တတ်အောင်  မိဘတွေအနေနဲ့  အနီးကပ် သင်ကြားပေးရမယ့်အပိုင်းတွေ ရှိပါတယ်။ မိဘတွေ က  ကလေးတွေကို  အိမ်မှာ  တတ်နိုင်သလောက် စာတွေသင်ပေးမယ်၊  အွန်လိုင်းက  သင်မယ်ဆိုရင် လည်း   စနစ်တကျဖြစ်အောင်  ဂရုစိုက်ပေးမယ်။ ကိုဗစ် - ၁၉ ရောဂါက  ကြောက်လန့်ပြီး အားငယ် ထိတ်လန့်နေရမယ့် ရောဂါမဟုတ်ပါဘူး။ ဘယ်လို ကြိုတင်ကာကွယ်လို့ရတယ်ဆိုတဲ့  ကာကွယ်ရေး နည်းလမ်းတွေကို မူကြိုအရွယ်အနေနဲ့ သိတတ်နေ ပြီ ဖြစ်တဲ့အတွက် ကလေးတွေကို အိမ်မှာသင်ကြား ပေးရမှာ ဖြစ်ပါတယ်။


ပထမဦးဆုံး Mask ကို ဘယ်လိုတပ်ရမယ်ဆိုတာ သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနက  Mask တပ်တာနဲ့  ပတ်သက်တဲ့  ပိုစတာ တွေ   ထုတ်ထားတာရှိပါတယ်။  Surgical  Mask  ကို   အသုံးပြုမယ်ဆိုရင်   အရောင်ပိုရင့်တဲ့အပိုင်း ကို  အပြင်မှာထား၊  ကြိုးကပဲကိုင်၊  သတ္တုချောင်း ပါတာကို နှာခေါင်းနဲ့ အံဝင်ခွင်ကျဖြစ်အောင်တပ်၊ လက်မဆေးဘဲ Mask ကို မကိုင်နဲ့၊ စုတ်ပြဲနေရင် မတပ်နဲ့ စသဖြင့်  သင်ကြားပေးရမှာ  ဖြစ်ပါတယ်။ အိမ်မှာနေရင်း  ကလေးတွေနဲ့   Mask တပ်တမ်း ကစားတာ စသဖြင့် ကလေးတွေကို Mask တပ်ပြီး နေတာနဲ့    ရင်းနှီးကျွမ်းဝင်အောင်   သင်ကြားပေး ထားရမှာဖြစ်ပါတယ်။     အိမ်မှာနေရင်း     Mask တပ်တမ်းကစားထားတဲ့ကလေးက   ကျောင်းကို ရောက်တဲ့အခါ Mask တပ်ရတာ သူ့အတွက် မစိမ်း တော့ပါဘူး။ 


ကလေးတွေမှာ မူလတန်း/အလယ်တန်းအရွယ် လောက်အထိက ဈေးကွက်ထဲမှာရှိနေတဲ့ Mask တွေနဲ့ အံဝင်ခွင်ကျ မဖြစ်တတ်ဘူး။ ကွက်တိမကျ ဘူး ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်နေရင် ချည်သား နဲ့ နှစ်ထပ်ချုပ်လုပ်ထားတဲ့ အဝတ် Mask နဲ့ အပေါ် က ထပ်ပြီး အုပ်ထားလိုက်ရင်၊ အောက်က Mask က ချောင်နေရင်တောင် အံဝင်ခွင်ကျ fit ဖြစ်သွား ပါတယ်။ Surgical Mask တစ်ထပ်၊ အပေါ်က ချည်သားအဝတ် Mask တစ်ထပ် နှစ်ထပ်ဖြစ်ပါမယ်။ အချို့က  အိမ်မှာ  ဒီလိုသေချာ  ကြိုတင်လေ့ကျင့် မထားတော့    ကလေးက    ကျောင်းသွားတဲ့အခါမှ Mask  တပ်ရတော့   မနေတတ်ဖြစ်မယ်၊   Mask က    ချောင်နေရင်လည်း    သေချာကာကွယ်မှုမရ ဖြစ်တတ်ပါတယ်။   ဒါကြောင့်  Mask  တပ်နည်းကို  အိမ်မှာကတည်းက သင်ကြားပေးဖို့လိုပါတယ်။ 


    နောက်တစ်ခုက လက်ဆေးနည်းဖြစ်ပါတယ်။ ကလေးကို   ကဗျာလေးတွေနဲ့    လက်ကို   စက္ကန့် ၂၀ ကြာအောင်   ဆေးမယ်။   အမြှုပ်ကလေးတွေ ထွက်လာတဲ့အထိ ဆေးမယ်။ ဖဝါး၊ ဖမိုး လက်ခေါက် ချိုး၊ လက်ကြား လက်မ မကျန်စေရ၊ ကုတ်၍ ခြစ်ပါ လက္ခဏာ၊   လက်ကောက်ဝတ်မှာ   အဆုံးသတ်ပါ ဒီလိုလေးတွေ ရွတ်ဆိုသင်ကြားပေးမယ်။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက်  ကစားတဲ့အခါ  နီးနီး ကပ်ကပ်မကစားဖို့၊ ဒါတွေကို မိဘတွေက ကြိုတင် သင်ကြားပေးဖို့လိုပါတယ်။ ခဲဖျက်တွေ၊ ခဲတံ စတာ တွေကို  အခြားသူတွေနဲ့ မျှဝေမသုံးဖို့၊ လက်မဆေးဘဲ နှာခေါင်းပါးစပ်ကို မကိုင်မိဖို့၊ ဒါတွေကို အခုကတည်း က လေ့ကျင့်သင်ကြားထားဖို့ လိုပါတယ်။ 


    ဒီလို လေ့ကျင့်သင်ကြားထားရင် ကလေးတွေ ကိုယ်တိုင်က ကာကွယ်ရေးနည်းလမ်းတွေကို မှတ်မိ ပြီး မိဘတွေကို  ပြန်ပြီးသတိပေးရတာတွေအထိ ရှိလာပါတယ်။     ဒီလိုဖြစ်အောင်   ကလေးတွေကို လေ့ကျင့်သင်ကြား ပေးထားဖို့လိုပါတယ်။ ဒါ့အပြင် ကလေးတွေကို ဂိမ်းအလွန်အကျွံမကစားဖို့၊ အိပ်ရေး ဝအောင်အိပ်ဖို့၊ အစားအသောက်တွေကို အာဟာရ ပြည့်ဝအောင်၊  အားရှိအောင်စားတတ်တဲ့  အလေ့ အထဖြစ်အောင်   ဆောင်ရွက်ပေးဖို့   လိုပါတယ်။ ဒါဆိုရင် ကလေးတွေက ကိုယ်ခံအားလည်း ကောင်း မယ်၊  ကာကွယ်ရေးနည်းလမ်းတွေကိုလည်း  သိရှိ လိုက်နာအကျင့်ပါနေရင်    ကျောင်းပြန်တက်တဲ့ အချိန်မှာ  အဆင်သင့်ဖြစ်နေမှာ  ဖြစ်ပါတယ်။  ဒီလို အရွယ်ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ် စွာ နေထိုင်စားသောက်တတ်တာတွေက အသက် ကြီးလာသည်အထိ အလေ့အထဖြစ်ပြီး အမြစ်တွယ် သွားမယ်ဆိုရင်   မိမိတို့နိုင်ငံမှာ    ကျန်းမာကြံ့ခိုင် ပြီး ပညာရည်ပြည့်ဝတဲ့  မျိုးဆက်သစ်လူငယ်တွေ အများကြီး ပေါ်ထွက်လာမှာဖြစ်ပါတယ်။


မေး    ။    ။    ကျောင်းပို့ ကျောင်းကြိုယာဉ်တွေအနေနဲ့             လိုက်နာဆောင်ရွက်သင့်တဲ့ အချက်တွေ ကို ပြောကြားပေးပါဦး။
ဖြေ    ။    ။    မိဘတွေအနေနဲ့ ကလေးကနေမကောင်း             ဘူး၊    ဖျားနေတယ်၊   အနံ့မရဘူးဆိုရင် ကျောင်းကို    လုံးဝမလွှတ်ဖို့    အရေးကြီးပါတယ်။ ကလေးကိုယ်တိုင်ဖျားတာပဲဖြစ်ဖြစ်၊ မိသားစုထဲမှာ ကိုဗစ်-၁၉ သံသယလက္ခဏာ  ခံစားနေရသူရှိတာ၊ ကိုဗစ်-၁၉  အတည်ပြုလူနာနဲ့  လွန်ခဲ့တဲ့  ၁၄ ရက် အတွင်း    အနီးကပ်ထိတွေ့ထားသူရှိတာ  အဲဒီလို လူတွေနဲ့လည်း  ကလေးနဲ့အနီးကပ် ထိတွေ့ထား တာ ရှိရင်  ကျောင်းကို  ခွင့်တိုင်ကြားပြီး  ကလေးကို ကျောင်းမတက်ခိုင်းပါနဲ့။ ရောဂါသံသယလက္ခဏာ ရှိသူနဲ့ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိထားသူတွေ ကလည်း ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။  ကလေးမှာ  လက္ခဏာ ရှိရင်၊   အတည်ပြုလူနာနဲ့  အနီးကပ်ထိတွေ့မှုရှိရင် ကလေးကို ကျန်းမာရေးစစ်ဆေးပြီး ပိုးတွေ့ရှိပါက ဆေးဝါးကုသမှုတွေ  စောစီးစွာ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ 


ကျောင်းကြိုပို့ယာဉ်ပေါ်ကို   တက်မယ်ဆိုရင် ကိုယ်အပူချိန်တိုင်းတာခြင်းကို စနစ်တကျ ဆောင် ရွက်ရမှာ ဖြစ်ပါတယ်။ အပူချိန် ၁၀၀ ဒသမ ၄ ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်လွန်ရင် လိုက်ပါစီးနင်းခြင်း မပြုလုပ်သင့်ဘူး။ မိဘအုပ်ထိန်းသူကို အကြောင်း ကြားရမယ်။ ကျောင်းအဝင်ဝရောက်လို့ ကိုယ်အပူ ချိန်တိုင်းရင် ၁၀၀ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်ရင် ‌    ကျောင်းက ဝင်ခွင့်မပြုဘဲ      မိဘ အုပ်ထိန်းသူကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။


အရင်တုန်းက ကလေးတွေမှာဖြစ်တာ နည်း တယ်လို့ ရှေ့ပိုင်းသုတေသနတွေမှာ ပြောခဲ့တာ ရှိပါ တယ်။ ဒါပေမယ့် ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်မျိုးဗီဇကွဲက ကလေးတွေကြားမှာ ဖြစ်ပွားမှုတွေ ပိုမိုများတာကို တွေ့လာရပါတယ်။ သူ့ကြောင့်ရောဂါပြင်းထန်မှုတွေ အတိုင်းအတာတစ်ခုအထိ ရှိလာတယ်။ သေဆုံးမှု တွေတောင်  အနည်းငယ်စပြီး ရှိလာတာကို တွေ့ရ ပါတယ်။   ကလေးတွေမှာ   ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ပေါ့ဆလို့မရဘဲ သတိပြုလိုက်နာ ရမှာ ဖြစ်ပါတယ်။ 


ကျောင်းက    စီစဉ်ထားတဲ့    ဖယ်ရီပဲဖြစ်ဖြစ်၊ အပြင်က   ဖယ်ရီပဲဖြစ်ဖြစ်   အဓိကအချက်အနေ နဲ့     ကျောင်းကြိုပို့ယာဉ်ပေါ်မှာ    ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်မဖြစ်ဖို့၊ တစ်ခုံမှာ    တစ်ယောက်ပဲထိုင်ဖို့၊   တစ်ယောက်နဲ့ တစ်ယောက် ဓားလွယ်ခုတ်အနေအထားနဲ့ထိုင်ဖို့၊ မျက်နှာချင်းဆိုင်     မထိုင်ဖို့၊   အဲကွန်းယာဉ်တွေ  ဖြစ်ရင်တောင်  အဲကွန်းမသုံးဘဲ  လေဝင်လေထွက် ကောင်းအောင် တံခါးတွေ တတ်နိုင်သရွေ့ ဖွင့်ထား ဖို့၊    ယာဉ်ပေါ်တက်တဲ့အချိန်နဲ့    ဆင်းတဲ့အချိန်မှာ တတ်နိုင်ရင်    အယ်လ်ကိုဟော    ၆၀  ရာခိုင်နှုန်း ပါတဲ့ ရေမလိုလက်သန့်စင်ဆေးရည်ကို အသုံးပြုဖို့၊ ယာဉ်နောက်လိုက် ပါခဲ့ရင် သူက Level 2 PPE ဖြစ် တဲ့ Apron, Mask, Face Shield နဲ့ လက်အိတ်တို့ကို ဝတ်ဆင်ထားဖို့ လိုပါတယ်။  ယာဉ်မောင်းနဲ့ ကလေး တွေအကြားမှာလည်း   ပလတ်စတစ်အကာတွေ ကာရံပေးထားရမှာ ဖြစ်ပါတယ်။ 
ကလေးတွေကို ကြိုပို့တဲ့ မိဘအုပ်ထိန်းသူတွေ အနေနဲ့ ကျောင်းမှာစာရင်းပေးထားတဲ့သူ တစ်ဦး တစ်ယောက်ကပဲ ကြိုပို့တာလုပ်သင့်တယ်။ အသက် အရွယ်ကြီးရင့်သူ၊  သွေးတိုး၊  နှလုံး၊  ဆီးချို စတဲ့ ရောဂါအခံရှိသူတွေက ကျောင်းပို့ကျောင်းကြိုတာ တွေ မဆောင်ရွက်သင့်ပါဘူး။ 


မေး    ။    ။    ကလေးတွေအနေနဲ့         ကျောင်းမှာ             လိုက်နာဆောင်ရွက်ရမယ့်အချက်တွေကို ပြောကြားပေးပါဦး။
ဖြေ    ။    ။    ကလေးတွေကို    လိုက်ပို့တဲ့သူတွေက             ကျောင်းထဲကို    မဝင်ရပါဘူး။  အခြား ကျောင်းသားရဲ့ မိဘတွေနဲ့ ထိတွေ့မှုမဖြစ်အောင်၊ ကျောင်းရှေ့မှာ လူစုလူဝေးမဖြစ်အောင် ကျောင်းပို့ ပြီးရင် ချက်ချင်းပြန်ရပါမယ်။ ကလေးတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက်   ခြောက်ပေအကွာ စနစ်တကျတန်းစီပြီးမှ  ဝင်ရမယ်။  စာသင်ခန်းထဲကို မဝင်ခင်  အနည်းဆုံးစနစ်တကျ  လက်တစ်ခါဆေးဖို့     လိုပါတယ်။ မသန်စွမ်းတဲ့ကလေးတွေပါရင် သူတို့ကို ဦးစားပေးပြီး အရင်ဝင်ရောက်စေရမှာ ဖြစ်ပါတယ်။ 


မိမိအတွက်   သတ်မှတ်ထားတဲ့ခုံနေရာမှာပဲ ထိုင်ရပါမယ်။ မလိုအပ်ဘဲ အခြားသူငယ်ချင်းနေရာ  တွေကို မသွားသင့်ဘူး။ Mask ကို တောက်လျှောက် တပ်ထားရမယ်။    စာသင်ခန်းထဲမှာ    လေဝင်လေ ထွက်ကောင်းဖို့၊     အလင်းရောင်ကောင်းစွာ   ရရှိဖို့၊ နေရောင်ခြည်ရရှိဖို့ လိုပါတယ်။ မျက်နှာချင်းဆိုင် ပြတင်းတံခါးတွေ     ဖွင့်ထားဖို့လိုပါတယ်။     ဒါမှ တစ်ဖက်က တိုက်လာတဲ့လေက တစ်ဖက်ဖွင့်ထားတဲ့ ပြတင်းပေါက်က     ပြန်ထွက်သွားမယ်။   ဒါဆိုရင် အခန်းထဲမှာ ဗိုင်းရပ်စ်ပိုးပါတဲ့ အစက်အမှုန်တွေရှိ နေရင်တောင် လေနဲ့အတူပါသွားမယ်။ Mask တွေ ချွတ်မထားဖို့၊ ပါးစပ်၊ နှာခေါင်းတွေကို လက်မဆေး ဘဲ    မကိုင်မိဖို့၊   ပစ္စည်းတွေကိုမျှဝေပြီး    မသုံးစွဲဖို့ လိုပါတယ်။ 
အတန်းနည်းနည်းကြီးတဲ့     ကလေးတွေမှာ အတန်းခေါင်းဆောင်အလှည့်ကျထားပြီး အသိပေး တာ၊    သတိပေးတာတွေ၊    ကိုဗစ်-၁၉  ရောဂါနဲ့ ပတ်သက်ပြီး   အတန်းရှေ့ထွက်  ပြောတာမျိုးတွေ လုပ်ဖို့ လိုပါတယ်။ 


မေး    ။    ။    မုန့်စားဆင်းချိန်တွေမှာ ဘယ်လိုအချက်             တွေကို လိုက်နာဆောင်ရွက်ရမယ်ဆိုတာ သိရှိလိုပါတယ်။
ဖြေ    ။    ။    စားသောက်မယ်ဆိုရင် Mask ကို ချွတ်ရ             တော့မယ်။    ဒါကြောင့်   ဒီအချိန်မှာ ကလေးတွေက   ကိုယ့်အတွက်သတ်မှတ်ပေးထားတဲ့ နေရာမှာစားရမယ်။  စုပေါင်းပြီး  မစားဖို့၊  မိမိရဲ့ နေရာမှာ စားဖို့    အရေးကြီးပါတယ်။  ကျောင်းမုန့် ဈေးတန်းတွေ ဖွင့်ဖို့ခွင့်မပြုတဲ့ ကျောင်းတွေမှာဆိုရင် အိမ်က  ထည့်ပေးလိုက်တဲ့ ရေ၊ အစားအသောက်၊ ထမင်းဘူးကို  သတ်မှတ်ထားတဲ့နေရာမှာပဲ  စနစ် တကျစားဖို့၊ စားသောက်ပြီးတာနဲ့ တစ်ရှူးနဲ့သန့်စင် ပြီး စနစ်တကျစွန့်ပစ်ဖို့၊ စနစ်တကျလက်ပြန်ဆေးဖို့၊ Mask ပြန်တပ်ဖို့၊  ဒီအချိန်မှာ Mask က စိုစွတ်နေရင်၊ ညစ်ပေနေရင်  အသစ်တစ်ခုနဲ့  လဲလှယ်တပ်ဆင်ဖို့  အရေးကြီးပါတယ်။ အစာတစ်ခုခုစားခါနီး လက်ကို လက်သန့်စင်ဆေးရည်နဲ့ ဆေးကြောရမယ်၊ ခြောက် တဲ့အထိ ခဏထားရပါမယ်။ 
ကျောင်းမှာသုံးတဲ့  လက်သန့်စင်ဆေးရည်က ကလေးတွေ ကြိုက်တဲ့  အရောင်၊  အနံ့ဖြစ်နေရင် ပါးစပ်ထဲထည့်မှာ    စိုးတဲ့အတွက်   လက်သန့်စင် ဆေးရည်က အရောင်မပါတာ၊ အစားအသောက်အနံ့ တွေမပါတာ ဖြစ်သင့်ပါတယ်။ 


မေး    ။    ။    အိမ်ပြန်ရာမှာ       ဘယ်လိုအချက်တွေ             ကို လိုက်နာဆောင်ရွက်ရမယ်ဆိုတာ ပြောကြားပေးပါ။
ဖြေ    ။    ။    အိမ်ပြန်ဖို့စာသင်ခန်းထဲက ထွက်တဲ့အခါ             စုပြုံပြီးမထွက်ဘူး၊ စနစ်တကျ ခပ်ခွာခွာ နေပြီး ထွက်မယ်။ စာသင်ခန်းကထွက်တဲ့အခါမှာ လက်ကို   တစ်ခေါက်ထပ်ဆေးရမှာ    ဖြစ်ပါတယ်။ မိဘတွေက ကလေးတွေ ကျောင်းဆင်းမယ်ဆိုရင် မဆင်းခင်ကတည်းက      အပြင်မှာ      အများကြီး ရောက်နေပြီ။ ကားတွေ၊ လူတွေ အများကြီးစုပြုံနေပြီး ကလေးကို ကြိုကြတယ်။ ဒါတွေက လူစုလူဝေးဖြစ် တဲ့  သဘောဖြစ်တယ်။  ဒါမျိုးမဖြစ်ဖို့   အရေးကြီး ပါတယ်။  ကလေးထွက်လာမယ့်အလှည့်ကို   စနစ် တကျ ခပ်ခွာခွာလေးနေပြီး ကြိုသင့်တယ်။  ကလေး တွေက တစ်နေ့တာ ကျောင်းမှာ  စနစ်တကျနေထိုင် ပြီး     စာသင်ကြားလာတယ်၊    ကျောင်းကပြန်တဲ့ ချိန်မှာ  လူစုလူဝေးနဲ့  တွေ့တာမျိုး   မဖြစ်စေချင် ပါဘူး။ 


ကျောင်းကြိုပို့ယာဉ်ကို စီးရမယ်ဆိုရင် ယာဉ် မောင်း၊    ယာဉ်နောက်လိုက်ကအစ    ကိုဗစ်-၁၉ စည်းကမ်းတွေလိုက်နာဖို့၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေဖို့၊  လေဝင်လေထွက်ကောင်းဖို့၊  လက်သန့်စင် ဆေးရည်အသုံးပြုဖို့ ဒါတွေကို ဆောင်ရွက်ဖို့ လိုပါ တယ်။ ဖြစ်နိုင်ရင် ကျောင်းကြိုပို့ ယာဉ်တွေပေါ်မှာ ကိုဗစ် - ၁၉  ရောဂါ  ကာကွယ်ရေးနဲ့  ပတ်သက်တဲ့ သီချင်းတွေ  ဖွင့်ပေးတာ၊ ဆပ်ပြာနဲ့ ရေအသုံးပြုပြီး လက်ဆေးတဲ့ကာတွန်းတွေကို  ပြပေးတာတွေကို ‌လုပ်ဆောင်ပေးရင် ကာကွယ်ရေးနည်းလမ်းတွေ ကို ကလေးတွေအနေနဲ့ အသိပညာတွေ ပိုမိုရရှိလာ မှာ ဖြစ်ပါတယ်။ 
မေး    ။    ။    ဖြည့်စွက်ပြောကြားလိုတာရှိရင်   ပြော             ကြားပေးပါ။

ဖြေ    ။    ။ ကိုဗစ် - ၁၉ ဆိုတာ   အရောင်မရှိ၊  အနံ့             အရသာမရှိဆိုတော့ ရှိမှန်းမသိနိုင်ဘူး၊ ရှိမှန်းသိနိုင်တာက    ဉာဏ်ပညာ   ဖြစ်ပါတယ်။ ဉာဏ်ပညာဆိုတာက ကျောင်းနဲ့ ပညာရေးစနစ်မှာ အခြေခံပါတယ်။ ပညာရေးစနစ်ကောင်းမှ လူမှုရေး၊ စီးပွားရေး၊  ကျန်းမာရေး  စတဲ့နယ်ပယ်အားလုံးမှာ  ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ကျန်းမာကြံ့ခိုင်တဲ့ နိုင်ငံသား ကောင်းတွေ၊ မျိုးဆက်သစ်တွေ အများကြီးပေါ်ထွက် လာမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာက ပညာရေး စနစ်က ပြန်လည်ရှင်သန်လာဖို့ လိုပါတယ်။ ရောဂါ ကူးစက်မှုတွေ      ကျဆင်းမှုအပေါ်    မူတည်ပြီး နိုင်ငံတော်ကလည်း ကျောင်းတွေပြန်ဖွင့်ဖို့ ဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်။


ဒီလိုပြန်ဖွင့်တဲ့အချိန်မှာ ရောဂါကာကွယ်ရေး နည်းလမ်းတွေနဲ့အညီ နေထိုင်တတ်ဖို့က လက်ဦး ဆရာက မိဘဖြစ်ပါတယ်။ မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့တွေ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီ ရဲ့ လမ်းညွှန်မှုနဲ့ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကာကွယ်ရေးအစီအမံ တွေ ဆောင်ရွက်နေပါတယ်။ 


မိဘအုပ်ထိန်းသူတွေအနေနဲ့  ကလေးတွေကို အိမ်မှာ ကာကွယ်ရေးနည်းလမ်းတွေကို သင်ပေး လိုက်ရုံတင်မကဘူး၊ ဆရာဆရာမတွေနဲ့ ပူးပေါင်းပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်နိုင်မယ့် ပတ်ဝန်းကျင် ကောင်းတွေကို ဝိုင်းဝန်းပြီး ဖန်တီးပေးဖို့လိုပါတယ်။ ဆရာ ဆရာမတွေအနေနဲ့လည်း ရောဂါကာကွယ် ရေး နည်းလမ်းတွေကို   ကျောင်းသားတွေ   ပိုမိုသိရှိ လိုက်နာနိုင်ဖို့ ကျောင်းသင်ခန်းစာတွေမှာ ကိုဗစ်- ၁၉  ကာကွယ်ရေးနဲ့   ပတ်သက်တဲ့   ကဗျာတွေ၊ စာစီစာကုံး ရေးတာတွေ၊ Peer Education လို ကျောင်းသားတစ်ဦးက   ထွက်ပြီး   အလှည့်ကျ ကာကွယ်ရေးနည်းလမ်းတွေကို ပြောပြစေတာတွေ ဆောင်ရွက်သင့်ပါတယ်။ မိဘ၊ ဆရာ ပူးပေါင်းပြီး ကလေးတွေမှာ   Mask ရှိရဲ့လား၊  လက်ဆေးတဲ့ နေရာလုံလောက်ရဲ့လား၊ လေဝင်လေထွက်ကောင်း ရဲ့လား   စသဖြင့်    လိုအပ်ချက်တွေကို    ပူးပေါင်း ဆောင်ရွက်ဖြည့်ဆည်းပေးဖို့ လိုပါတယ်။ 


ဒီလို ပူးပေါင်းဆောင်ရွက်နိုင်ဖို့က မိဘတွေရော၊ ဆရာတွေကိုယ်တိုင်ရော      ကျောင်းအကျိုးတော် ဆောင်အဖွဲ့ဝင် ကိုယ်တိုင်ကလည်း    ကျန်းမာရေး ကောင်းဖို့  လိုပါတယ်။   ဒီနေရာမှာ   အဓိကကျတဲ့ အချက်ကလည်း   ကာကွယ်ဆေးထိုးခြင်းဖြစ်ပါ တယ်။   အခုဆိုရင်   ကျောင်သားအရွယ်တွေကိုပါ ထိုးပေးနိုင်တဲ့  ကာကွယ်ဆေးတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။ ကျောင်းသားအရွယ်တွေ ကာကွယ် ဆေး  မထိုးရသေးမီကာလမှာ  သူတို့နဲ့အနီးကပ် ထိတွေ့နေရတဲ့ မိဘ၊ ဆရာတွေ၊ မိသားစုဝင်တွေ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခြင်း ခံယူထားရင် ကလေးတွေကို  ထိရောက်စွာ အတိုင်းအတာတစ်ခု အထိ   ကာကွယ်မှုတွေ   ပေးထားနိုင်တာလည်း ဖြစ်ပါတယ်။ 
ကျေးဇူးတင်ပါတယ်။