ယနေ့(စက်တင်ဘာလ ၂၈ ရက်နေ့) သည် (၁၅) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါနေ့(15th World Rabies Day) ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခွေးရူးပြန်ရောဂါဆိုင်ရာ အသိပညာပေးမှု များကို ပြည်သူများအား လှုံ့ဆော်ပညာပေးခြင်းဖြင့် ဂရုပြုလာစေပြီး ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ ခွေးရူးရောဂါ လုံးဝ ကင်းစင်စေရေးကို အဓိကဦးတည်ရည်မှန်းခြင်းဖြစ်သည်။
ခွေးရူးရောဂါ ကမ္ဘာပေါ်တွင် တည်ရှိလာသည်မှာ နှစ်ပေါင်း ၄၀၀၀ ကျော်ခဲ့ပြီဖြစ်ပြီး ယနေ့ထိတိုင် တည်ရှိနေဆဲဖြစ်သလို ကြောက်စရာကောင်းနေဆဲလည်း ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အဆိုအရ ခွေးရူးရောဂါကြောင့် တစ်နှစ်လျှင်လူ ၅၅၀၀၀ သေဆုံးလျက်ရှိရာ ယင်းအနက် ၃၁၀၀၀ မှာ အာရှမှဖြစ်ပြီး ၂၄၀၀၀မှာ အာဖရိကမှ ဖြစ်သည်ဟုဆိုသည်။ ခွေးရူးပြန်ရောဂါကြောင့် ကမ္ဘာ ပေါ်တွင် ၁၅ မိနစ်တိုင်းမှာ လူတစ်ဦးနှုန်း သေဆုံးနေရခြင်းဖြစ်ပြီး အများစုမှာ မိမိတို့ နိုင်ငံတည်ရှိရာ အာရှတိုက်မှ ဖြစ်နေသည်။ ခွေးရူး ပြန်ရောဂါဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ခွေးလေခွေးလွင့် များက အဓိကဖြစ်ပြီး ခွေးလေ ခွေးလွင့်များကို နှိမ်နင်းခြင်းဖြင့် ခွေးရူးပြန်ရောဂါကြောင့် လူသေဆုံးမှုနှုန်းကို လျှော့ချနိုင်ခဲ့သည်ကို တွေ့ရသည်။ တစ်ဖက်တွင်လည်း ခွေးလေခွေးလွင့်များကို ရှင်းလင်း ရာတွင် ခွေးချစ်သူများ၏ ကန့်ကွက်ဟန့်တားမှုများ ကြုံတွေ့ရသည့် အတွက် သားဆက်ခြားနည်း၊ သားကြောဖြတ်နည်းများ ကျင့်သုံးသည့် အခါ လေလွင့်ခွေးများကို ဆေးထိုး/ခွဲစိတ်ရန်အတွက် ဖမ်းဆီးရန် ခက်ခဲခြင်း၊ ကုန်ကျစရိတ် မြင့်မားသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခြင်း စသည့်အခက်အခဲများရှိကြောင်း သိရသည်။ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတစ်ဝန်း တွင် ခွေးကောင်ရေ ၃ ဒသမ ၈ သန်းခန့်ရှိသည့်အနက် ၇၀ ရာခိုင်နှုန်း မှာ လေလွင့်ခွေးများဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် လမ်းဘေးခွေးများ၏ ၅၀ ရာခိုင်နှုန်းတွင် ခွေးရူးရောဂါပိုးများ သယ်ဆောင်ထားကြောင်း လည်း သိရသည်။
ခွေးရူးရောဂါပိုး(Rabies Virus) ကို လင်းနို့၊ ရှဉ့်၊ မြေခွေး စသည့် တောရိုင်းတိရစ္ဆာန်များတွင်လည်းကောင်း၊ ခွေး၊ ကြောင်၊ နွား၊ ဆိတ် စသည့်အိမ်မွေးတိရစ္ဆာန်များတွင်လည်းကောင်း တွေ့ရပြီး ပိုးရှိသည့် တိရစ္ဆာန်၏ ကိုက်ခြင်း၊ ကုတ်ခြင်း ခံရခြင်းဖြင့် ကူးစက်တတ်သည်။ အဓိကအားဖြင့် ခွေးမှကူးစက်မှုက အများဆုံးဖြစ်သည့်အတွက် ခွေးရူးရောဂါဟု ခေါ်ဆိုခြင်းဖြစ်သည်။ ရောဂါ၏ ပြင်းထန်မှုအရ လူ ၁၀၀ လျှင် ၉၉ ယောက် သေဆုံးနိုင်သော်လည်း ကာကွယ်ဆေး ရှိနေသည့်အတွက် အချိန်မီထိုးနှံပေးနိုင်ပါက ပြန်လည်ကောင်းမွန် လာနိုင်သည်။ ခွေးရူးကိုက်ခံရသည့်အခါ ခွေးရူးပြန်ရောဂါပိုးသည် အာရုံခံ နာဗ်ဆဲလ်များမှတစ်ဆင့် ဦးနှောက်ဆီသို့ တစ်ရက်လျှင် တစ်စင်တီမီတာနှုန်းဖြင့် ပျံ့နှံ့သည့်အတွက် ခွေးရူးပြန်ရောဂါကာကွယ် ဆေးကို ချက်ချင်းထိုးနှံနိုင်ရန် အရေးကြီးသည်။ ခွေးရူးရောဂါပိုး ဦးနှောက်အတွင်းသို့ ရောက်သွားလျှင်မူ ကုသနိုင်ခြင်း မရှိတော့ဘဲ အသက်ဆုံးရှုံးနိုင်သည်။
ခွေးရူးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ပြင်ပမှ အခြားတိရစ္ဆာန်များနှင့် မထိတွေ့စေရန် ကာကွယ်ခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။ ခွေးရူးရောဂါ ကာကွယ်ဆေးထိုး စီမံချက်ဖြင့် လာရောက်ထိုးနှံပေးပါကလည်း မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကို မပျက်မကွက် ထိုးနှံမှု ခံယူရန်နှင့် မိမိပတ်ဝန်းကျင်၌ ခွေးရူးပြန် ရောဂါပိုးကင်းစင်စေရန်အတွက် ပူးပေါင်းပါဝင်ကြဖို့ လိုအပ်သည်။ လူကို အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်တို့ ကိုက်ခြင်းကို ခံရပါကလည်း ဒဏ်ရာကို ရေများများသုံး၍ ဆပ်ပြာနှင့် ဒက်တော ကဲ့သို့သော ပိုးသန့်စင်ဆေးရည်တို့ဖြင့် သန့်စင်အောင်ဆေးကြောပြီး ဆရာဝန်ထံ အဆောလျင်ဆုံးပြသ၍ ကုသမှုခံယူသင့်သည်။ ဆရာဝန်ညွှန်ကြား ချက်များကို လိုက်နာ၍ ကာကွယ်ဆေးကို အပြည့်အဝထိုးနှံရန်လည်း လိုအပ်သည်။
မြန်မာနိုင်ငံသည် ခွေးရူးရောဂါအန္တရာယ်အများဆုံးနိုင်ငံများ တွင် ပါဝင်နေပြီး နှစ်စဉ်ခွေးကိုက်ခံရမှု သိန်းနှင့်ချီ၍ရှိကာ ခွေးရူးပြန် ရောဂါကြောင့် သေဆုံးမှုများလည်း ရှိနေသည်။ သို့ဖြစ်ရာ လေလွင့် ခွေးများ ထိန်းချုပ်ရေး၊ အိမ်မွေးတိရစ္ဆာန်များ ခွေးရူးပြန်ရောဂါ ကာကွယ်ရေး၊ ခွေး၊ ကြောင်တို့ အကိုက်ခံရပါက ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို အချိန်မီထိုးနှံရေးနှင့် ခွေးရူးရောဂါဆိုင်ရာ အသိပညာဗဟုသုတများ လူတိုင်းသိရှိနိုင်ရေး ပညာပေးခြင်းတို့ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ခွေးရူးရောဂါအန္တရာယ်မှ ရှောင်ကြဉ်နိုင် ကြပါစေကြောင်း။ ။