သက်ကြီးရွယ်အိုနှင့် ဒစ်ဂျစ်တယ်ကမ္ဘာ

မျက်မှောက်ခေတ်သည် အိုင်တီခေတ်ဖြစ်သည်။  သတင်းအချက် အလက်နည်းပညာသည် လူတိုင်းရှောင်လွှဲ၍ မရနိုင်အောင် နေ့စဉ် ဘဝများ၌ တစ်သားတည်းဖြစ်နေသောခေတ်ဟု  ဆိုရမည်။ ကွန်ပျူ တာ၊ အင်တာနက်၊ မိုဘိုင်းဖုန်းစသည့် နည်းပညာများနှင့် နည်းပညာ ဆိုင်ရာပစ္စည်းများကို  လူတိုင်း  သုံးစွဲနိုင်ရန်မှာ တစ်ခေတ်တစ်ခါက  လူတိုင်းစာတတ်မြောက်ရေးကဲ့သို့ပင်    အရေးကြီးလိုအပ်သည်။ လူတိုင်းစာတတ်မြောက်ရေး   အရေးကြီးသကဲ့သို့ပင်      ဒစ်ဂျစ်တယ် တတ်မြောက်ရန်၊ ကျွမ်းကျင်ရန်လည်း အရေးကြီးသည်။   အိုင်တီ ခေတ်တွင်  ဒစ်ဂျစ်တယ်တတ်မြောက်ကျွမ်းကျင်မှသာ  အများနှင့် ရင်ပေါင်တန်း၍ ရှင်သန်နိုင်မည်ဖြစ်သည်။


မိမိတို့၏ နေ့စဉ်ဘဝများတွင် လူမှုကွန်ရက်များက အပြန်အလှန် ဆက်သွယ်နိုင်သည့် လမ်းမများဖြစ်လာသည်။  လူမှုကွန်ရက်များမှ ပင် သတင်းအချက်အလက်များရယူ၊ ဖြန့်ဝေကြသည်။ အလုပ်တူသူ၊ ဝါသနာတူသူများအချင်းချင်း သင်းပင်းအုပ်စုဖွဲ့စည်းကာ   အတွေ့ အကြုံများ၊ ပညာရပ်များ အပြန်အလှန်ဖလှယ်ကြသည်။ အလုပ်အကိုင် ရှာဖွေသူများတွင်လည်း ဘွဲ့လက်မှတ်တစ်ခုအပြင်   ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဆိုင်ရာ အထောက်အထားနှင့် လက်တွေ့ကျွမ်းကျင်မှုတို့ လည်း မရှိမဖြစ်လိုအပ်လာသည်။ ဈေးဝယ်ရာ ဈေးရောင်းရာတွင် လည်းကောင်း၊ လေယာဉ်လက်မှတ်၊  ကားလက်မှတ်ဝယ်ယူရာတွင် လည်းကောင်း၊ အလုပ်အကိုင်ရှာဖွေရာတွင် လည်းကောင်း၊ အလုပ် သမား ရှာဖွေရာတွင် လည်းကောင်း၊ ပညာရပ်အမျိုးမျိုး   သင်ကြား သင်ယူရာတွင် လည်းကောင်း၊ အနုပညာဖန်တီးမှုများ ပြုလုပ်ရာတွင် လည်းကောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး အစရှိသမျှသော လူ့အရေးအရာဟူသမျှ အားလုံးတို့တွင်  ဒစ်ဂျစ်တယ် က မပါမဖြစ်၊ မသိမတတ်၍ မရသောခေတ်ကို မိမိတို့ ရောက်ရှိနေကြ ပြီ ဖြစ်သည်။ 


ဤတွင် ဒစ်ဂျစ်တယ်တတ်မြောက်မှု ကွာဟချက်က ပြဿနာ တစ်ခုဖြစ်သည်။ လူငယ်လူရွယ်များအတွင်း ဒစ်ဂျစ်တယ်နားလည် တတ်ကျွမ်းမှုက ခေတ်နှင့်တစ်သားတည်းဖြစ်ပြီး မြင့်လည်းမြင့်မား ကြသည်။ ကောင်းစွာတတ်မြောက်ကြသလို ထိထိရောက်ရောက်လည်း အသုံးချနိုင်စွမ်းရှိကြသည်။ ကောင်းစွာမတတ်မြောက်၍   အသုံးမချ နိုင်ကြသူများမှာ  လူကြီးများ၊     သက်ကြီးရွယ်အိုများဖြစ်သည်။ ၎င်းတို့၏ ငယ်စဉ်ဘဝ ပညာသင်ကြားခဲ့ရသည့်အချိန်တွင် အိုင်တီ နည်းပညာများသည် ယခုခေတ်ကဲ့သို့ မမြင့်မားသေးသလို လူတိုင်း၏  နေ့စဉ် ဘဝများဆီသို့ ရောက်မလာသေးသည့်   အချိန်ကာလဖြစ်သည်။ ငယ်စဉ်က မရင်းနှီးခဲ့သော နည်းပညာများက အသက်ကြီးရင့်သည့် အချိန်မှ မိမိတို့၏ပတ်ဝန်းကျင်သို့ ရောက်လာသောအခါ  အလှမ်းဝေးသည့်ပညာရပ်များဖြစ်သွားပြီး အသုံးမချတတ်ခြင်း၊ စိတ်လည်း မဝင်စားတော့ခြင်းဖြင့် ဒစ်ဂျစ်တယ်ကဏ္ဍတွင်  သက်ကြီးရွယ်အိုတို့ နောက်ကျကျန်နေခဲ့ရသည်။


မိမိတို့နိုင်ငံတွင် အသက် ၆၀ နှင့်အထက်  လူဦးရေမှာ လေးသန်းခွဲ ကျော်ရှိကြောင်း ၂၀၁၄ ခုနှစ် လူဦးရေနှင့်   အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ သိရှိရသည်။ ယင်းလူဦးရေက နှစ်စဉ်ပျမ်းမျှ ၂ ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်ဟုလည်း ခန့်မှန်းတွက်ချက်ထား သည်။  မြန်မာနိုင်ငံ၏ သက်ကြီးရွယ်အိုအများစုမှာ ကျေးလက်များ မှာထက် မြို့ပြများတွင် ရှိနေသည်ဟုလည်း ဆိုသည်။ အသက်အရွယ် အရ ဝင်ငွေရှာဖွေသည့်  လုပ်ငန်းခွင်များ၏ ပြင်ပသို့ ရောက်နေခြင်း၊ ကျန်းမာကြံ့ခိုင်မှုလျော့ပါးလာခြင်း၊    လူမှုရေးအရ အထီးကျန်ဆန် သည့် အခြေအနေသို့    ရောက်ရှိနေခြင်း၊      ဆင်းရဲမွဲတေခြင်းစသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် သက်ကြီးဘိုးဘွားတို့မှာ ဒစ်ဂျစ်တယ် နည်းပညာများနှင့် အလှမ်းဝေးနေကြရသည်။


ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဆောင်ပုဒ် မှာ ‘‘သာတူညီမျှ  ဒစ်ဂျစ်တယ်ကဏ္ဍ     သက်ရွယ်မရွေးပါဝင်ကြ’’ (Digital Equity For All Ages)  ဟူ၍ ဖြစ်ရာ ခေတ်ကာလအခြေအနေကို ထင်ဟပ်ပြီး သက်ကြီးဘိုးဘွားတို့၏ လိုအပ်ချက်ကို ဖော်ပြနေခြင်း လည်းဖြစ်သည်။ သက်ကြီးရွယ်အိုများသည် လူ့လောကကို ဖြတ်သန်း ခဲ့သည့် အတွေ့အကြုံများရှိသောသူ၊ လောကအတွက် တစ်နည်းနည်း အကျိုးပြုခဲ့သူများဖြစ်သော်လည်း   လျင်မြန်စွာတိုးတက်နေသည့် ဒစ်ဂျစ်တယ်ကဏ္ဍတွင်မူ  နောက်ကျနေရသူများဖြစ်ရာ    အဘိုးအဘွား များ  မျက်မှောက်ခေတ်နှင့်       အံဝင်ခွင်ကျရှင်သန်နေထိုင်နိုင်ရေး၊   ဒစ်ဂျစ်တယ်ကဏ္ဍတွင် လူငယ်များနည်းတူ   ပါဝင်နိုင်ရေးအတွက် လက်တွဲကူညီ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။             ။