
ထက်လျှံ
အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ Booster Dose ထိုးနှံရန် သင့်/ မသင့် နှင့်စပ်လျဉ်းပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
မေး ။ ။ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကနေ Booster Dose ကို လူတိုင်းထိုးနှံဖို့ မလိုအပ်ဘူးဆိုပြီး ပြောကြားထားမှုအပေါ် ရှင်းပြပေးပါဦး။
ဖြေ ။ ။ ကိုဗစ် - ၁၉ ရောဂါအတွက် ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံပြီးသူတွေအနေနဲ့ Booster Dose လို့ခေါ်တဲ့ နောက်တစ်ကြိမ်ထိုးနှံဖို့ လိုအပ်ခြင်း ရှိ/ မရှိနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က ထုတ်ပြန်ကြေညာတဲ့ အချက်အပေါ်မှာ မူတည် ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။
Booster Dose ကို အသက် ၆၅ နှစ်အထက် အသက်ကြီးသူတွေ၊ ပြင်းထန်စွာရောဂါ ဖြစ်ပွား နိုင်ခြေရှိတဲ့သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အန္တရာယ်ရှိတဲ့အခြေအနေမှာ တာဝန်ထမ်းဆောင် နေသူတွေကို ထိုးနှံပေးဖို့ လိုအပ်ပြီး တခြားသူတွေ မှာ ထိုးနှံဖို့ မလိုအပ်ပါဘူးလို့ ပြောထားပါတယ်။ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ယခုလို ပြောကြားရတဲ့ အကြောင်းပြချက် ၅ ချက် ရှိပါတယ်။
နံပါတ် (၁) Booster Dose ထိုးဖို့အတွက် ဆုံးဖြတ်ချက်ပေးဖို့ စောလွန်းပါတယ်။ ကာကွယ် ဆေးထိုးနှံရခြင်းက ရောဂါပြင်းထန်စွာ ခံစားရမှုတွေ၊ အသက်သေဆုံးရမှုတွေ၊ ဆေးရုံတက်ရောက်ရမှုတွေ မဖြစ်အောင် ရည်ရွယ်တာဖြစ်တဲ့အတွက် လက်ရှိ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်းက အဆိုပါ ရည်ရွယ်ချက်တွေကို ပြည့်မီနေပြီးသားဖြစ်တဲ့ အတွက် ကာကွယ်ဆေးထပ်မံထိုးဖို့ ဆုံးဖြတ်ရန် စောနေပါသေးတယ်လို့ ပြောထားပါတယ်။
နံပါတ် (၂) Booster Dose (ဝါ) Booster Shot ထိုးဖို့အတွက် ၁၆ နှစ်အထက် လူအုပ်စုတိုင်းကို ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်မှု ရှိ/ မရှိနဲ့ပတ်သက် ပြီး သက်သေအထောက်အထား ပြည့်ပြည့်စုံစုံ မရှိ သေးပါဘူး။ လက်ရှိအခြေအနေမှာ Booster Dose ကို အသက်ကြီးတဲ့သူတွေနဲ့ ပြင်းထန်တဲ့ရောဂါ ခံစားနေရသူတွေမှာ ထိုးနှံသင့်ပြီး ၁၆ နှစ်အထက် လူအုပ်စုအားလုံးကို ထိုးနှံပေးနိုင်ဖို့အတွက် အချိန်ယူစဉ်းစားသွားရမှာ ဖြစ်ပါတယ်။ အားလုံးကို Booster Dose ဆိုတဲ့ ကာကွယ်ဆေး တတိယ တစ်ကြိမ်ထိုးနှံဖို့ဆိုတာ ဆုံးဖြတ်ရခက်ခဲပါတယ်။ ပြင်းထန်ဝေဒနာ ခံစားရသူတွေအနေနဲ့ ကာကွယ် ဆေး တတိယအကြိမ် ထိုးနှံသင့်ပြီး မလိုအပ်ဘဲ အသက်ငယ်ရွယ်သူတွေကို ထိုးနှံပေးခြင်းက အချို့ ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့အတွက် ယခုအချိန်မှာ အသက် ၁၆ နှစ် အထက်တွေကို တတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ ခွင့်ပြုနိုင်တဲ့ လုံလောက်တဲ့ အကြောင်းပြချက် မရှိသေးပါဘူး။
နံပါတ် (၃) ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်မှု အာနိသင်က ကောင်းမွန်စွာရှိပါတယ်။ အနည်းဆုံး ခြောက်လ၊ ရှစ်လကနေ တစ်နှစ်ကျော်အထိ ရှိနိုင် ပါတယ်။ ဘယ်လောက်အထိ ကာကွယ်နိုင်တယ် ဆိုတာကို သုတေသနတွေ ဆက်လက်လုပ်ဆောင်နေ ပါတယ်။ လက်ရှိကာကွယ်ဆေးတွေရဲ့ ကာကွယ် နိုင်မှု အာနိသင်က ကောင်းပါတယ်။ The Lancet ဂျာနယ်မှာ ထုတ်ပြန်ချက်အရလည်း လူအားလုံး မှာ Booster ထိုးဖို့ စောလွန်းတယ်လို့ ထုတ်ပြန်ထား ပါတယ်။
ကာကွယ်ဆေးနဲ့ဆိုင်တဲ့ သုတေသနတွေမှာ Antibody ကို အဓိကထားတိုင်းတာသည်ကို တွေ့ရ ပြီး ကိုယ်ခံအားစနစ်ရဲ့ အခြားအရေးကြီးတဲ့ ရှုထောင့်တွေကို ကြည့်ရှုခြင်းမရှိတာတွေကို တွေ့ရ ပါတယ်။ ခန္ဓာကိုယ်အတွင်း ခုခံအားဆဲလ်တွေရဲ့ လုပ်ဆောင်ပုံနဲ့ ရောဂါပိုးဝင်လာရင် အဆင်သင့် တိုက်ထုတ်နိုင်ဖို့ ဆောင်ရွက်ထားတဲ့ (Neutralizing Antisera) ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ် ပါတယ်။ ခုခံအားနဲ့ဆိုင်တဲ့ ပညာရှင်တွေက ထောက်ပြထားတာက ကိုယ်ခံအား ဆဲလ်တွေ ဖြစ်တဲ့ B Cell , T Cell တွေက ခုခံအားစနစ်ကို ကြာမြင့်စွာ ကာကွယ်ပေးနိုင်တယ်လို့ ပြောဆို ထားပါတယ်။ ဒါကြောင့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူတွေအနေနဲ့ တတိယအကြိမ်ထိုးနှံဖို့ မလို အပ်ပါဘူးလို့ ပြောပါတယ်။
နံပါတ် (၄) လူငယ်၊ ဆယ်ကျော်သက်အရွယ် တွေမှာ ကာကွယ်ဆေးတတိယအကြိမ် ထိုးပေးဖို့ ဆိုတာက ကာကွယ်ဆေး ထိုးပေးလိုက်ခြင်းဖြင့် အန္တရာယ်ဖြစ်မှာကို စိုးရိမ်ပါတယ်။ ပညာရှင်များက လူငယ်များနဲ့ ဆယ်ကျော်သက်တွေကို အသက် ၁၆ နှစ်မှစ၍ ထိုးနှံပေးခွင့်ပြုလိုက်နိုင်ဖို့ သက်သေ ပြချက်လိုအပ်ပါတယ်။ အထူးသဖြင့် အသက်ငယ် သူတွေမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးခြင်းက အကျိုးရှိတယ်၊ ထိုးပေးသင့်တယ်လို့ သက်သေ ပြချက်က လူကြီးတွေနဲ့ နှိုင်းစာရင်မရှိပါဘူး။ တတိယအကြိမ် ဆေးထိုးခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးနဲ့ အန္တရာယ်ကို ချိန်ဆသုံးသပ်ဖို့ လိုအပ်ပါတယ်။
အသက် ၁၆ နှစ်ကနေ ၂၉ နှစ်အရွယ် လူငယ် တွေမှာ ကာကွယ်ဆေးထိုးခြင်းနဲ့ နှလုံးကြွက်သား ရောင်ရမ်းခြင်း အန္တရာယ်က မြင့်မားတယ်ဆိုတဲ့ တွေ့ရှိချက်က ရှိနေပါတယ်။ ဒါကြောင့် Booster Dose ပေးခြင်းက ဘယ်လောက်အထိ အန္တရာယ် ပေးနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အထောက်အထား မရှိသေးပါဘူး။ အထူးသဖြင့် ယောက်ျားလေးတွေမှာ mRNA ကာကွယ်ဆေး Pfizer ထိုးပြီးနောက် နှလုံးရောင်ရမ်းနိုင်တဲ့ အန္တရာယ်ရှိတာကိုတွေ့ရပြီး ကုသမှု ရရှိပါက ပြန်သက်သာတာကို တွေ့ရပါတယ်။ ဒါကြောင့် အသက် ၁၆ နှစ်အထက် လူအားလုံးကို တတိယ အကြိမ် ကာကွယ်ဆေးထိုးဖို့ လုံလောက်တယ်လို့ မတွေ့ရှိသေးပါဘူး။
နံပါတ် (၅) ကမ္ဘာပေါ်မှာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေတဲ့သူတွေ အများ ကြီးရှိနေချိန်မှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး သူအများစုကို ထပ်မံထိုးနှံပေးခြင်းထက် အဆိုပါ ကျန်ရှိနေသူတွေကို ထိုးနှံပေးခြင်းက ပိုမိုကောင်းမွန် ပါတယ်။ အရေးကြီးဆုံးအနေနဲ့ လူတိုင်းလူတိုင်း ကာကွယ်ဆေးနှစ်ကြိမ်ရရှိဖို့ ဖြစ်ပါတယ်။ Booster Dose ထိုးခြင်းက ထူးခြားတဲ့ပြောင်းလဲမှု၊ ခြားနား ချက်တွေ ဖြစ်မှာမဟုတ်ဘူးဆိုတာ ပြောထား ပါတယ်။
WHO ရဲ့ စက်တင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ရောဂါဖြစ်ပွားမှုက ၃ ဒသမ ၆ သန်း၊ သေဆုံးမှုက ၆ သောင်းလောက်ရှိတဲ့အတွက် အတော်ကျလာ တဲ့ အနေအထားဖြစ်ပါတယ်။ လက်ရှိအနေ အထားအရ ကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားမှုက ၂၂၈ သန်းနဲ့ သေဆုံးမှုက ၄ ဒသမ ၇ သန်း နီးနီးရှိနေပြီ ဖြစ်ပါတယ်။ ဝမ်းသာစရာကောင်းတာက မြန်မာ နိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှဒေသက ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုကျဆင်းနေတာကို တွေ့ရပါ တယ်။ ပြီးခဲ့တဲ့တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ရောဂါ ဖြစ်ပွားမှုအနေနဲ့ ၁၆ ရာခိုင်နှုန်း၊ သေဆုံးမှုအနေနဲ့ ၂၇ ရာခိုင်နှုန်းကျပါတယ်။
လက်ရှိအနေအထားအရ အောက်ဆီဂျင် လိုအပ် ချက်က အရင်ကထက်စာရင် အဆပေါင်းများစွာ ကျဆင်းသွားပါပြီ။ ဆေးရုံတွေမှာ လူနာလက်ခံ နိုင်မှုက လက်ခံနိုင်တဲ့ပမာဏရဲ့ ၉ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းလောက် တက်ရောက်မှုရှိနေတာ တွေ့ရပါတယ်။ တချို့ဆေးရုံတွေကို ကိုဗစ်ကုသရေး စင်တာအဖြစ် ဖွင့်လှစ်ထားတာကို ပိတ်သိမ်းတဲ့ အနေအထား ရောက်နေပြီဆိုတာ တွေ့ရပါတယ်။
ကာကွယ်ဆေးတွေကို အတိုင်းအတာတစ်ခု အထိ ထိုးနှံနိုင်တဲ့ အခြေအနေရောက်နေပြီ၊ WHO ရဲ့ ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှနိုင်ငံတွေက အခြေအနေကောင်းတစ်ခုကို ရရှိနေပြီ ဖြစ်ပါတယ်။ ဒါပြည်သူတွေက ကိုဗစ်စည်းကမ်းတွေကို လိုက်နာ တာပါသလို ကာကွယ်ဆေးတွေ အပြည့် အဝထိုးနှံလို့ ဖြစ်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးရင် Booster ထိုးဖို့ မလိုပါဘူး။ အခွင့်အရေးရလို့ မိမိရဲ့ ရုံး၊ အလုပ်ဌာနက ကာကွယ်ဆေး ထိုးပေးတယ်၊ ထပ်ထိုးလိုက်ဦးမယ် မလုပ်ပါနဲ့ မိမိအတွက် ပိုလာမယ့်ဆေးတွေကို တကယ်လိုအပ်တဲ့သူတွေမှာ ထိုးနှံရမှာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေ အနေအရ Booster Dose မလိုသေးဘူးဆိုတာ ပြောကြားလိုပါတယ်။
မေး ။ ။ Booster Dose နဲ့ ပတ်သက်ပြီး အခြား နိုင်ငံတွေမှာရော ဘယ်လိုထုတ်ပြန်ထား ပါသလဲ။
ဖြေ ။ ။ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု များပြားခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ Booster Dose နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံက ကာကွယ် ဆေး သန်း ၈၀၀ ထိုးနှံနိုင်ပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသားလူတွေက Booster ထိုးဖို့ လို/ မလိုနဲ့ပတ်သက်ပြီး အိန္ဒိယ နိုင်ငံက စက်တင်ဘာ ၁၈ ရက်ကထုတ်ဝေတဲ့ The Economic Times India မှာ Booster ထိုးဖို့ မလိုဘူးဆိုပြီး ဆောင်းပါးတစ်ခုပါရှိပါတယ်။
အိန္ဒိယနိုင်ငံက သက်ဆိုင်ရာ ဌာနတွေ၊ ကူးစက် ရောဂါပညာရှင်တွေ၊ ကိုယ်ခံအားနဲ့ဆိုင်တဲ့ ပညာ ရှင်တွေ၊ ဆေးပညာရှင် စသည်ဖြင့် ဘက်ပေါင်းစုံက ပညာရှင်တွေက Debate အနေနဲ့ ကိုဗစ် - ၁၉ သည် လက်ရှိအနေအထားအရ Booster ထိုးဖို့မလိုဘူး ဆိုတာ ဆွေးနွေးဆုံးဖြတ်ထားပါတယ်။ ကာကွယ် ဆေးထိုးနှံဖို့ ဦးတည်ရည်မှန်းလူဦးရေရဲ့ ၄ ပုံ ၁ ပုံထက် နည်းနေသေးတဲ့ အချိန်မှာတော့ ကိုဗစ် - ၁၉ ကာကွယ်ဆေး Booster ထိုးဖို့မလိုဘူး ဆိုတာပြောထားပါတယ်။ ကူးစက်ခံရဖို့ အခွင့် အလမ်းရှိနေတဲ့လူတွေ ကာကွယ်ဆေး ထိုးနှံဖို့ အများကြီးကျန်နေသေးတဲ့အတွက် ကာကွယ်ဆေး ထိုး တဲ့ စီမံချက်အနေနဲ့ဆောင်ရွက်ဖို့ အခုအချိန်မှာ Booster Dose မထိုးသင့်သေးပါဘူးလို့ ပြောထား ပါတယ်။
WHO က စက်တင်ဘာလကုန်မှာ ရည်မှန်း လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကို ကာကွယ်မှုပေးရမယ် လို့ ပြောကြားထားပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ကြိမ် အပြည့် ထိုးနှံပြီးသူတွေကို ရေတွက်မယ်ဆိုရင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ တစ်ကြိမ် ထိုးနှံပြီးသားပါ ထည့်တွက်ရင် ၁၅ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် ပြည့်ပြီလို့ ပြောလို့ရပါတယ်။ နောက်ပြီး WHO က ဒီဇင်ဘာလအကုန်မှာ ကာကွယ်လွှမ်းခြုံမှုက ၄၀ ရာခိုင်နှုန်းလို့ ပြောထားတယ်။ မြန်မာနိုင်ငံအနေနဲ့ ၅၀ ရာခိုင်နှုန်း ရည်မှန်းထားတယ်။ ကာကွယ် ဆေးတွေ နောက်ထပ် ၂၄ သန်းနဲ့ လူဦးရေ ၁၂ သန်းကို ထိုးနှံပေးမှာဖြစ်တဲ့အတွက် ကာကွယ် နိုင်မှု ၅၀ ရာခိုင်နှုန်းအထက် ရောက်ရှိမှာဖြစ်ပါတယ်။ ကျွန်မတို့ ရည်ရွယ်တာက ဖြစ်ပွားသေဆုံးမှုတွေကို လျော့နည်းစေဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် မထိုးရသေးတဲ့သူတွေကို ထိုးနှံဖို့က အရေးကြီးပါ တယ်။
ဒါကြောင့် ဘယ်လိုလူတွေကို Booster ထိုးရမလဲ စဉ်းစားဆုံးဖြတ်တဲ့အခါ ပြည်သူ့ကျန်းမာရေး အမြင်နဲ့ အားလုံးကို ကာကွယ်နိုင်မှုရဖို့အတွက် ရည်ရွယ်ပြီး စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။
အိန္ဒိယမှာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်တဲ့ အနေအထားရှိပြီး ထပ်မံဖြစ်ပွားမှာ စိုးရိမ်နေရဆဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အချက် ၅ ရှိပါတယ်။ နံပါတ် (၁) အချက်က အန္တရာယ်ရှိနိုင်တဲ့ လူအုပ်စု တွေက ကာကွယ်ဆေးမထိုးရသေးဘဲ ကျန်နေဆဲ ဖြစ်ပါတယ်။ နံပါတ် (၂) ကာကွယ်ဆေးရဲ့ အမျိုးအစား အပေါ်လည်း မူတည်ပါတယ်။ နံပါတ် ၃ အချိန် ကြာလာတဲ့အမျှ ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်မှု အာနိသင် လျော့သွားတဲ့အပေါ်လည်း မူတည်ပါ တယ်။ နံပါတ် (၄) Variant of Concern စိုးရိမ်ရတဲ့ အထူးဂရုပြုရတဲ့ မျိုးရိုးဗီဇတွေကလည်း ပြောင်းလဲ နေလို့ ဖြစ်ပါတယ်။ နံပါတ် (၅)ကုသရေးပိုင်းနဲ့ ကူးစက်ရောဂါဗေဒဆိုင်ရာမှာ လိုအပ်တဲ့ လုပ်ဆောင် ရမယ့် အချက်တွေက အများကြီး ရှိနေပါသေးတယ်။
ချမ်းသာတဲ့နိုင်ငံတွေက Booster Dose ထိုးဖို့ အတွက် စိတ်အားထက်သန်နေကြပါတယ်။ သို့သော် မိမိတစ်ယောက်တည်း ကာကွယ်နိုင်ရုံနဲ့ မရပါဘူး။ အားလုံးကာကွယ်နိုင်မှ စိတ်ချရမှာ ဖြစ်ပါတယ်။ လက်ရှိအိန္ဒိယမှာ ပြုလုပ်တဲ့ သုတေသနတွေအရ ဆိုရင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးရင် အနည်းဆုံး ၈ လကနေ ၁၀ လ ကောင်းမွန်စွာ ကာကွယ်နိုင်မှု ရတာ တွေ့ရှိရပါတယ်။ နောက်ပြီး The Lancet က ထုတ်ပြန်တဲ့ သုတေသနတွေ့ရှိချက်အရ ကာကွယ် ဆေးရဲ့ ထိရောက်မှုက ရောဂါပြင်းထန်စွာ ဖြစ်ပွားမှု၊ ဆေးရုံတက်ရောက်ရမှု၊ သေဆုံးမှုတွေကနေ လက်ရှိ အချိန်အထိ ကောင်းစွာကာကွယ်နိုင်စွမ်းရှိတုန်း ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးနောက် Breakthrough Infection ဖြစ်တယ်ဆိုတာ အလွန်နည်းပါတယ်။ ဆိုးဆိုးရွားရွားမဖြစ်ဘူး။ အခြားသူကို ကူးစက်ဖို့ အခွင့်အလမ်းရှိသော်လည်း နည်းပါတယ်။ လက်ရှိ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ အချိန်မှာ အိန္ဒိယနိုင်ငံအနေနဲ့ Booster Dose ထိုးဖို့ အတွက် မလိုအပ်ဘူးဆိုတာ ပညာရှင်တွေက တညီတညွတ် တည်း ဆွေးနွေးချက်ကို The Economic Times မှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒါဆိုရင် ကိုဗစ်- ၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးဖို့ စိတ်ဆန္ဒပြင်းပြနေသူတွေအနေနဲ့ မလိုသေးပါဘူး ဆိုတာကို ပြောလိုပါတယ်။
မေး ။ ။ ဖြည့်စွက်ပြောကြားလိုတာ ရှိရင် ပြောကြားပေးပါ။
ဖြေ ။ ။ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးတယ်။ ဒုတိယအကြိမ်ထိုးဖို့ လေးပတ် ခြားပါတယ်။ ပထမအကြိမ်ထိုးပြီးလို့ တစ်ပတ်/ ၁၀ ရက်လောက်မှာ ပိုးတွေ့တယ်၊ ကိုဗစ်-၁၉ ဝေဒနာ ခံစားနေရတယ်။ ဒုတိယအကြိမ်ကို ဘယ်တော့ထိုးရမလဲဆိုပြီး မေးကြတာရှိပါတယ်။ ဘာနဲ့ ရောထွေးနေလဲဆိုရင် အချို့တွေက တစ်ကြိမ် မှ ကာကွယ်ဆေးမရဖူးဘူး၊ ပိုးကူးစက်ခံရတဲ့ ဒီလို ပိုးတွေ့တဲ့သူတွေကို ကာကွယ်ဆေး ရရှိမှုအပေါ် မူတည်ပြီး ခြောက်လပြည့်ခါနီးမှ ထိုးပေးဖို့ ရည်မှန်း ထားပါတယ်။ လက်ရှိမှာ ပိုးတွေ့လူနာ ၄ သိန်းခွဲ ရှိပါတယ်။ ဒီ ၄ သိန်းခွဲအတွက်က စိုးရိမ်စရာမလိုတဲ့ အနေအထားရှိနေလို့ ဖြစ်ပါတယ်။
အချို့သုတေသနတွေအရ အရှေ့ပိုင်းကာလ မှာ ပိုးတွေ့ခဲ့သူရဲ့ ကိုယ်ခံအား ပိုကောင်းနေတာ တွေ့ရပါတယ်။ ဒါကြောင့် ပိုးတွေ့ပြီးပြီ၊ ကိုယ်ခံအား တွေရှိနေပြီဆိုရင် မစိုးရိမ်ပါနဲ့။ ကာကွယ်ဆေးကို ခြောက်လမတိုင်မီနဲ့ ခြောက်လ ပြည့်ပြီးချိန်မှာ ထိုးပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ထပ်ပြီး ရလာရင် ခြောက်လမဟုတ်ဘဲ သုံးလလည်းဖြစ် သွားနိုင်ပါတယ်။ သုံးလထက် မစောသင့်ပါဘူး။ WHO က ပညာရှင်တွေ ပြောကြားချက်အရ ဆိုရင် အချို့ကုသမှုနဲ့ အနည်းဆုံးရက် ၉၀ ခြားရမှာ ဖြစ်ပါတယ်။
ပထမအကြိမ်နဲ့ ဒုတိယအကြိမ် အကြား လေးပတ်ခြားတဲ့အချိန်မှာ လေးပတ်ထက်ကျော် သွားရင် မရဘူးလားဆိုတော့ ရပါတယ်။ တချို့ သုတေသနတွေမှာ ကာကွယ်ဆေး တစ်ကြိမ်နဲ့ တစ်ကြိမ် အကြား သုံးလအထိ ခြားနားခွင့်ပေးပါ တယ်။ ဒုတိယအကြိမ် ထိုးရမယ့်ကာလနဲ့ နီးလေ ကောင်းလေ ဖြစ်ပါတယ်။ ဒုတိယအကြိမ် မတိုင်မီမှာ ပိုးကူးစက်ခံရလို့ ဒုတိယအကြိမ်ကို နောက်ကျမှ ထိုးတဲ့သူတွေကို သီးခြားအနေနဲ့ ထိုးနှံပေးဖို့ ဩဂုတ် ၁၇ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက် ထဲမှာ ပြောကြားပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးဖို့ လုပ်ဆောင်နေ သူတွေအနေနဲ့ ဒီလိုအကြောင်း ကြောင်းကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးဖို့ နောက်ကျသူတွေကို အနီးဆုံး ပြန်လည်ထိုးနှံနိုင် အောင် စီစဉ်ပေးဖို့ လိုအပ်ပါတယ်။
နောက်တစ်ခုက ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးပြီ၊ ဒါကို ဖုံးကွယ်ပြီး နောက်ထပ် ကာကွယ် ဆေးထိုးတာက မဖြစ်သင့်ပါဘူး။ မိမိက ကာကွယ် ဆေးနှစ်ကြိမ်ထိုးပြီးပြီဆိုရင် ဘယ်လို အကြောင်းနဲ့မှ ထပ်ထိုးဖို့ မလိုပါဘူး။ အချုပ်အားဖြင့် Booster Dose က နှစ်ကြိမ်ထိုးပြီးသား လူတွေ အနေနဲ့ မလိုပါဘူးလို့ ပြောချင်ပါတယ်။ ကျေးဇူးတင် ပါတယ်။