စိုက်ပျိုးစရိတ်ချေးငွေနှင့် ကိုဗစ်-၁၉ အထူးချေးငွေများ ပေးဆပ်ရန်ကာလ တိုးမြှင့်ပြင်ဆင်သတ်မှတ်ကြောင်း တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

 

နေပြည်တော် အောက်တိုဘာ ၁ ရက်


၁။    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည် ဘဏ်တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစ၍ တောင်သူ လယ်သမားဦးကြီးများနှင့် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ကျေးဇူး ပြုရင်း ရပ်တည်လာခဲ့သည်မှာ (၆၈) နှစ်ရှိပြီ ဖြစ်ပါသည်။ ယခင်က စိုက်ပျိုးစရိတ်ချေးငွေတစ်ခုတည်းကိုသာ ထုတ်ချေးခဲ့ရာမှ ယနေ့ အချိန်တွင်  စိုက်ပျိုးစရိတ်ချေးငွေသာမက   ဖွံ့ဖြိုးရေးချေးငွေများ ဖြစ်သည့်   စိုက်ပျိုးရေးနှင့်  ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ၊ (JICA, Two Step Loan) ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးနှစ်ဆင့်ချေးငွေ (MEB, Two Step Loan)နှင့် ကိုဗစ်-၁၉ အထူး ချေးငွေစသည့်ချေးငွေ များကိုလည်း တိုးတက်ထုတ်ချေးလျက်ရှိပါသည်။


၂။    နိုင်ငံတော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ရသော သွားလာမှုကန့်သတ်ချက် များ၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုအခက်အခဲများ၊ သယ်ယူပို့ဆောင် မှု  အခက်အခဲများ  စသည်တို့ကြောင့်  နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူဦးကြီးများ၏  အခက်အခဲများကို  အထိုက်အလျောက် ပြေလည်စေရန်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးယူထား သော ယခင်နှစ်ချေးငွေများ ပြန်လည်ပေးဆပ်မှုနှင့် ယခုနှစ် စိုက်ပျိုး ကာလအမီ ချေးငွေသစ်များ ပြန်လည်ထုတ်ချေးရမှုတို့အတွက် အဆင် ပြေစေရန်   စိုက်ပျိုးစရိတ်ချေးငွေနှင့်  ကိုဗစ်-၁၉  အထူးချေးငွေ ပြန်လည်ပေးဆပ်ရန်ကာလများကို အောက်ပါအတိုင်း တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးထားပါသည် -


    (က)    ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပြန်လည် ပေးဆပ်ရန်ကာလကို ၃၁-၇-၂၀၂၁ ရက်နေ့အစား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။
    (ခ)    ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်ရန်ကာလကို ၁၅-၉-၂၀၂၁ ရက်နေ့အစား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကုန် အထိ။
    (ဂ)    ၂၀၂၁ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှု နောက်ဆုံးရက်ကို ၃၀-၉-၂၀၂၁ ရက်နေ့အစား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကုန်အထိ။
၃။    သို့ဖြစ်ပါ၍   တောင်သူလယ်သမား  ဦးကြီးများအနေဖြင့် သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများနှင့် အချိန်မီ   ဆက်သွယ်ဆောင်ရွက်နိုင်ကြပါရန် လေးစားစွာဖြင့် အသိပေးကြေညာ အပ်ပါသည်။


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်