ရှိနေရာက သာဓုခေါ်ပါ

Document Type
Image
Image not available

 

 

 

ဝေနေသောခါ ထုံသင်းပါသည်

ကမ္ဘာပေါ်က ပန်းတစ်မျိုး။

  ကြွေလေသောခါ သင်းပျံ့ပါသည်

ကမ္ဘာပေါ်က ပန်းတစ်မျိုး။

  ကမ္ဘာပေါ်တွင် ပန်းစုံလင်မို့

မြင်ဖို့၊ သိဖို့ ခက်ပါဘိ။

  ပန်းတစ်မျိုးက ကြိုင်သင်းလှလည်း

ကြွေကျသည့်ခါ မမွှေးတော့။

တစ်မျိုးပန်းက ကြိုင်သင်းစွတည့်

မြေခသည့်တိုင် ရနံ့လှိုင်လည်း

လှိုင်သည့်ရနံ့ ပြယ်တတ်သည်။

  ဤသည့်ပန်းက ကြိုင်သင်းလှ၏

မြေခသည့်တိုင် ရနံ့လှိုင်၏

လှိုင်သည့်ရနံ့ ပို၍ပျံ့၏

ပျံ့သည့်ရနံ့ ကမ္ဘာနှံ့၏

ပျံ့၏ နှံ့၏ မွှေးပါဘိ

ပြိုင်ရာမဲ့ကင်း သင်းပါဘိ။

ဤပန်းငယ်သည်

ဝေနေသောခါ ကြိုင်သင်းစွာနှင့်

ကြွေလေသောခါ ကြိုင်သင်းစွာနှင့်

ကမ္ဘာဆုံးတိုင် ရနံ့လှိုင်မို့

ကမ္ဘာမြေမှာ ရှားပါးပါလည်း

မြန်မာပြည်မှာ ရှင်သန်လာ၍

ချိန်ခါမရွေး ရနံ့မွှေးလျက်

သေးငယ်သော်လည်း မွှေးနေမြဲကား

ပြည့်သည်း ချစ်ပန်း ဗိုလ်အောင်ဆန်း

အာဇာနည်ပန်း ဦးအောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း မညှိုးပန်း။

အာဇာနည်ပန်း မညှိုးပန်းတည့်

လန်းဆန်းမြဲ 'နောင်'မွှေးကြိုင် 'နောင်'ပေါ့

နောင်တွင်အမြဲ မစဲမျက်ရည်

ကျဆင်းနေလျက် ဦးညွတ်ဆက်မည်

မပျက်စေပါ အာဇာနည်နေ့။

သက်သေအရာ ကမ္ဘာတည်သရွေ့။

ဗိုလ်ချုပ်မျှော်မှန်း 'ဒီ၊ ဖက်၊ ပြည်'လမ်းဝယ်

လမ်းခုလတ်မှာ ကျဆုံးရှာသည့်

အာဇာနည် ကိုးဦး 'သွေးကျေးဇူး'ကို

အထူးတစေ အောက်မေ့နေလျက်

ပြည်သူအားလုံး ပူမဆုံးဖြင့်

မြင့်ရာရောက်စေ လှူမျှဝေသည်

ရှိနေရာက သာဓုခေါ်ပါ။

 

မှတ်ချက်။ ။ 

ဒီ၊ ဖက်၊ ပြည် = ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု

(၇၁) နှစ်မြောက်  အာဇာနည်နေ့ကို   ဦးညွတ် အလေးပြုလျက်။

 

 

ကိုရဲ(ဥပဒေ)