လာလီဂါပွဲစဉ် (၈) တွင် ဘာစီလိုနာကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့သည့် အက်သလက်တီကို မက်ဒရစ်

 

စပိန်လာလီဂါပွဲစဉ် (၈) ၏ အကောင်းဆုံး ပွဲစဉ်ဖြစ်သည့်    အက်သလက်တီကို မက်ဒရစ်အသင်းနှင့်  ဘာစီလိုနာအသင်း တို့ပွဲစဉ်ကို အောက်တိုဘာ ၃ ရက် နံနက် ပိုင်းက  ဝန်ဒါမက်ထရိုပိုလီတာနိုကွင်း၌ အကြိတ်အနယ်    ယှဉ်ပြိုင်ကစားခဲ့ရာ အက်သလက်တီကို မက်ဒရစ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့်   အနိုင်ရရှိခဲ့သည်။  အက်သလက်တီကို  မက်ဒရစ်အသင်း အတွက်   သွင်းဂိုးများကို   လီမာနှင့်  ဆွာရက်ဇ်တို့က သွင်းယူပေးနိုင်ခဲ့သည်။ 


ဘာစီလိုနာအသင်းသည် စက်တင် ဘာ ၃၀ ရက်က ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပေါ်တူဂီကလပ်   ဘင်ဖီကာအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ယနေ့ပွဲစဉ်ကို  အနိုင်ရရှိရေး  ဦးတည် လာခဲ့သော်လည်း   အက်သလက်တီကို မက်ဒရစ်အသင်းကို   နှစ်ဂိုး-ဂိုးမရှိဖြင့် ထပ်မံရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းသည်      ပြိုင်ပွဲစုံ နောက်ဆုံးခြောက်ပွဲတွင် နိုင်ပွဲတစ်ပွဲသာ ရရှိထားပြီး   သရေနှစ်ပွဲနှင့် ရှုံးပွဲ သုံးပွဲ အထိ ရှိလာပြီဖြစ်သည်။ 


ဘာစီလိုနာအသင်းသည် ယခုပွဲစဉ်တွင် အက်သလက်တီကို မက်ဒရစ် အသင်းထက် ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းမှုအသာဖြင့် ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သော်လည်း ဒီပေး  ဦးဆောင်ပွဲထွက်လာသည့် တိုက်စစ်ပိုင်းက ကစားပုံမကောင်းဘဲ   ရရှိလာသည့်   အခွင့်အရေး ကောင်းများကို ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းမရှိသောကြောင့်   ရှုံးပွဲနှင့် ထပ်မံကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ် အသင်းက ဘာစီလိုနာအသင်းထက်     ဂိုးကန်သွင်းမှုနည်းပါးခဲ့သော် လည်း ရရှိလာသည့် အခွင့်အရေးများကို   အကောင်းဆုံးအသုံးချနိုင် ခဲ့သည့်အတွက် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ 


အက်သလက်တီကို မက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၃ မိနစ်တွင် ဆွာရက်ဇ်၏ ဖန်တီးမှုမှတစ်ဆင့်  လီမာက  သွင်းယူပေးပြီး ဒုတိယဂိုးကို    ပွဲချိန်  ၄၄  မိနစ်တွင်  လီမာ၏   ဖန်တီးမှုမှတစ်ဆင့် ဆွာရက်ဇ်က သွင်းယူပေးနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင်  နှစ်သင်းစလုံးလူစားအပြောင်းအလဲများပြုလုပ်လာခဲ့သော်လည်း ထပ်မံဂိုးသွင်းယူ နိုင်ခြင်းမရှိသောကြောင့်  အက်သလက်တီကို    မက်ဒရစ်အသင်းက နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 


အက်သလက်တီကို မက်ဒရစ်အသင်းသည် ယနေ့ပွဲစဉ်တွင် ဘာစီ လိုနာအသင်းကို အနိုင်ရရှိခဲ့သောကြောင့် လာလီဂါပွဲစဉ် (၈) အပြီးတွင် နိုင်ပွဲ ငါးပွဲ၊ သရေ နှစ်ပွဲ၊ ရှုံးပွဲတစ်ပွဲဖြင့် ၁၇ မှတ် ရရှိထားသည်။ ပြိုင်ဘက် ဘာစီလိုနာအသင်းက ပွဲစဉ် (၈) အပြီးတွင် သုံးပွဲနိုင်၊ သုံးပွဲသရေ၊ တစ်ပွဲ ရှုံးနိမ့်ထားသည့်အတွက် ၁၂ မှတ်သာ ရရှိထားသည်။    

 အောင်ဇော်