ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ် ၃၅ /၂၀၂၁
နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်
( ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် )
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။
၂။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ ၊ ပုဒ်မ ၄၂-က နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်း အပိုဒ် ၃၅ တို့အရ ပို့ကုန်တင်ပို့သူက ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သတ်မှတ်ကာလ အတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်း ရမည်ဖြစ်ပါသည်။
၃။ AD လိုင်စင်ရဘဏ်များတွင် စာရင်းဖွင့်လှစ်ထားသည့် ပို့ကုန်တင်ပို့သူများအနေဖြင့် ရရှိလာသော ပို့ကုန်ရငွေများကို ၎င်း၏ ငွေစာရင်းတွင် ထည့်သွင်း၍ ရရှိသည့်အချိန်မှ ရက်ပေါင်း ၃၀ မပြည့်မီကာလ အတွင်း အဆိုပါပို့ကုန်ရငွေကို ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရ ဘဏ်များသို့ ရောင်းချခြင်း တို့ကို ဆောင်ရွက်နိုင်သည်။
၄။ ပို့ကုန်တင်ပို့သူများအနေဖြင့် မိမိ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ပြီးဖြစ် သည့် ပို့ကုန်ရငွေအနက်မှ အသုံးမပြုဘဲ လက်ဝယ်တွင်ကျန်ရှိသည့် ပို့ကုန်ရငွေများကို ပို့ကုန်ရငွေ ဝင်ရောက်ပြီး ရက်ပေါင်း ၃၀အတွင်း သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်သို့ ဈေးကွက်ပေါက်ဈေးဖြင့် မပျက်မကွက် ရောင်းချရမည်။
၅။ AD လိုင်စင်ရဘဏ်များမဟုတ်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့သည် ၎င်းတို့ ဝယ်ယူရရှိထားသည့် ပို့ကုန်ရငွေကို ရက်ပေါင်း ၃၀အတွင်း ကိုယ်တိုင်အတွက်သုံးစွဲခြင်း သို့မဟုတ် AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်ရန်ဖြစ်ပြီး ကျန်ရှိသောပမာဏကို ရက်ပေါင်း ၃၀ မပြည့်မီကာလအတွင်း AD လိုင်စင်ရဘဏ်များသို့သာ ဈေးကွက်ပေါက်ဈေးဖြင့် မပျက်မကွက် ရောင်းချရမည်။ အခြား လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ထပ်ဆင့်ပြန်လည်ရောင်းချခြင်း မပြုရ။
၆။ အထက်ဖော်ပြပါအတိုင်း ဆောင်ရွက်ရာတွင် ပို့ကုန်ရငွေ စတင်ဝင်ရောက်သည့် အချိန်မှစ၍ ပို့ကုန် ရငွေရရှိသူမှ တစ်ဆင့်ပြန်လည်ရောင်းချခြင်းအပါအဝင် AD လိုင်စင်ရဘဏ်သို့ အပြီးရောင်းချသည့် အချိန်ကာလ စုစုပေါင်းသည် ရက်ပေါင်း ၃၀ ထက် မကျော်လွန်ရပါ။
၇။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၃-၉-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၃၃/၂၀၂၁ အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးလိုက်သည်။
၈။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။
သန်းညိန်း
ဥက္ကဋ္ဌ