နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကလောမြို့နှင့် အောင်ပန်း မြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အောက်တိုဘာ ၃ ရက်တွင် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပြောကြား ရခြင်း၏ ရည်ရွယ်ချက်နှစ်ရပ်မှာ ကလောမြို့ကို ခရီးသွားမြို့တော် အဖြစ် လုပ်ဆောင်ကြရန်နှင့် ဒေသတွင်းထုတ်ကုန်ပစ္စည်းများ နှင့် ပတ်သက်၍ အဆင့်မီပြီး အရည်အသွေးပြည့်ဝသည့် Quality Product များဖြစ်အောင် ဆောင်ရွက်ကြစေလိုခြင်းတို့ပင် ဖြစ်သည်။
ကလောသည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ပြည်မ မြေပြန့် ဒေသတို့အကြား ရှေးကတည်းက တည်ရှိခဲ့သည့် ကုန်စည် ကူးသန်းရောင်းဝယ်ရာလမ်းကြောင်းပေါ်မှ ခရီးတစ်ထောက် မြို့ဖြစ်ပြီး ကိုလိုနီခေတ်တွင် တောင်ပေါ်စခန်းမြို့တစ်မြို့ဖြစ်လာသည်။ မြို့ပတ်ဝန်းကျင်တွင် တည်ရှိနေဆဲဖြစ်သည့် သစ်တောကြိုးဝိုင်းများ၊ ထင်းရှူးတောများ၊ လိမ္မော်စိုက်ခင်း၊ လက်ဖက်စိုက်ခင်းများနှင့် သဘာဝရှုခင်းမြင်ကွင်းကျယ်အလှအပ များ၊ မြို့တွင်း၌ရှိနေသည့် ကိုလိုနီခေတ်အဆောက်အအုံအချို့၊ ပထမကမ္ဘာစစ်ကာလက တူရကီစစ်သုံ့ပန်းများ ဆောက်လုပ်ခဲ့ သည့် ရထားလမ်းနှင့် ကလောဘူတာရုံ စသည်တို့က ကလော မြို့၏ ရုပ်ပိုင်းဆိုင်ရာအမွေအနှစ်များဖြစ်ပြီး မပျောက်မပျက် အောင် ထိန်းသိမ်းသွားရန်မှာ ဒေသသားတို့၏ တာဝန်ဖြစ်သည်။ ၎င်းအမွေအနှစ်များက ကလောမြို့ကို ရိုးရာမပျက် ဆက်လက် ဖွံ့ဖြိုးတိုးတက်သွားစေရန် အသုံးပြုကြရမည့် အရင်းအနှီးများ ဟုလည်း ဆို၍ရသည်။
“ကလောမြို့အား အပန်းဖြေမြို့အဖြစ် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်သာယာလှပရေး ဒေသခံပြည်သူများက ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့သို့လာရောက်ရာ လမ်းကြောင်း တစ်လျှောက်တွင် ထင်းရှူး၊ ခါတော်မီ၊ စိန်ပန်း၊ ချယ်ရီ အစရှိသည့် မျက်စိပသာဒကိုဖြစ်စေနိုင်သည့် အပင်များဖြင့် အလှဆင်စိုက်ပျိုး ထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ လမ်းများကိုလည်း အဆင့်မြှင့် တင်ပေးမည်ဖြစ်ကြောင်း၊ မြို့သာယာလှပရေးအတွက် သက်ဆိုင် ရာ ဌာနများကဆောင်ရွက်သကဲ့သို့ မြို့နေပြည်သူများ အနေဖြင့်လည်း မိမိတို့အိမ်နှင့် ပတ်ဝန်းကျင်များအား သန့်ရှင်း သာယာလှပအောင် ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝအလှ၊ ဖန်တီးသည့်အလှများ၊ ဒေသခံတို့၏ ဖော်ရွေသည့် စိတ်သဘော ထားများကြောင့် မြို့၏ ဂုဏ်သတင်းမွှေးပျံ့လာပြီး ပြည်တွင်း၊ ပြည်ပမှ လာရောက်အပန်းဖြေသူများ များပြားလာနိုင်ကာ ဝင်ငွေ များရရှိ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း၊ သဘာဝအလှအပတရားများကို ဖန်တီးပေးရန်လိုပြီး ခရီးသွားများကို အမြင်၊ ရနံ့၊ ဒေသထွက် ထုတ်ကုန်များဖြင့် ဆွဲဆောင်နိုင်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး ပြောကြားခဲ့ရာ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ မြို့နေ ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း အကောင်အထည် ဖော်ခြင်း၊ တစ်ဦးချင်းတာဝန်ယူခြင်းတို့ဖြင့် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါက ထင်းရှူးမြေ ကလောမြို့မှာ ကမ္ဘာကျော်လာ နိုင်မည်ဟု ယုံကြည်မိသည်။
ထို့ပြင် ကလောကိုအခြေပြု၍ မြင်းတိုက်နှင့် ဟဲဟိုးကြား ကျောက်မီးသွေးခေါင်းတွဲဖြင့် မီးရထားခရီးစဉ် ပြေးဆွဲရန် စီစဉ်နေခြင်းကလည်း ရှေးမူမပျက်တည်ရှိနေဆဲဖြစ်၍ ခရီးသွား ဧည့်သည်တို့ နှစ်သက်စွဲလမ်းကြသည့် ကလောဘူတာကလေးကို ပိုမို၍ သက်ဝင်လှုပ်ရှားလာစေမည်ဖြစ်သည်။ ကလောသည် သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ စွန့်စားခရီးသွားလုပ်ငန်းများ က အဓိကဖြစ်သည့်အပြင် ကလော၏ပတ်ဝန်းကျင် တောတောင် များက အင်းလေးကန်၏ရေဝေရေလဲဒေသများဖြစ်ရာ သဘာဝ ပတ်ဝန်းကျင်များ မပျက်မယွင်းအောင် ထိန်းသိမ်းရေးမှာ ကလော ၏ အသက်ဟုပင်ဆိုရမည်ဖြစ်သည်။ မြို့၏သဘာဝအလှအပများ ကို အထပ်မြင့်အဆောက်အအုံများဖြင့် ဖုံးလွှမ်းမသွားစေရေး၊ ရေထွက်များနှင့် ရေစီးရေလာများကို လမ်းများ၊ အဆောက်အအုံ များ၊ တံတိုင်းစည်းရိုးများဖြင့် ပိတ်ဆို့မသွားစေရေး၊ တောတောင် များအတွင်း အမှိုက်များ စည်းကမ်းမဲ့ မစွန့်ပစ်ရေးတို့ကို ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ ထင်းရှူးမြေကို ချစ်မြတ်နိုး သူများက အသိတရားဖြင့် ထိန်းသိမ်းနိုင်ကြပါစေကြောင်း ။ ။