
ရန်ကုန် အောက်တိုဘာ ၄
၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲမှ မြန်မာအသင်းပါဝင်သည့် အုပ်စု D အပါအဝင် ကျန်ရှိသည့် အုပ်စုနှစ်ခုကို အောက်တိုဘာလ တတိယပတ်တွင် စတင်ကျင်းပမည်ဖြစ်သည်။
အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပလျက် ရှိပြီး စက်တင်ဘာလအတွင်း အုပ်စုခြောက်ခု ကျင်းပပြီးစီးသွားပြီဖြစ် သောကြောင့် အုပ်စုနှစ်ခုသာ ကျင်းပရန်ကျန်ရှိတော့ခြင်းဖြစ်သည်။ ကျင်းပရန်ကျန်ရှိသည့် အုပ်စု A တွင် တရုတ်(တိုင်ပေ)၊ ဘာရိန်း၊ လာအို၊ အုပ်စု D တွင် မြန်မာ၊ ယူအေအီး၊ လက်ဘနွန်နှင့် ဂူအမ်အသင်းတို့ ပါဝင်နေပြီး အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် အောက်တိုဘာ ၁၈ ရက် တွင် လက်ဘနွန်အသင်း၊ အောက်တိုဘာ ၂၁ ရက်တွင် ဂူအမ်အသင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ယူအေအီးအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု D ပွဲစဉ်များကို ကာဂျစ္စတန် နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ အုပ်စုရှစ်ခုအနက် အုပ်စု A နှင့် D တို့သာ ကျင်းပရန် ကျန်ရှိတော့ပြီး အုပ်စု B ၊ C ၊ E ၊ F ၊ G နှင့် H တို့မှာ ကျင်းပ ပြီးစီးသွားပြီဖြစ်သည်။ ကျင်းပပြီးစီးသွားသည့် အုပ်စုများအနက် အုပ်စု B တွင် ဗီယက်နမ်အသင်း၊ အုပ်စု C တွင် အင်ဒိုနီးရှားအသင်း၊ အုပ်စု E တွင် တောင်ကိုရီးယားအသင်း၊ အုပ်စု F တွင် ဖိလစ်ပိုင်အသင်း၊ အုပ်စု G တွင် အီရန်အသင်းနှင့် အုပ်စု H တွင် ထိုင်းအသင်းတို့ အုပ်စုပထမ နေရာရရှိပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း ၁၂ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ လက်ရှိတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့် အသင်း ၁၀ သင်း ထွက်ပေါ်ထားပြီး နှစ်သင်းသာ ကျန်ရှိတော့ခြင်းဖြစ်သည်။ အိမ်ရှင် အိန္ဒိယအသင်းအပါအဝင် နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ ဂျပန်အသင်း၊ ဒုတိယဆုရ သြစတြေးလျအသင်းနှင့် တတိယဆုရ တရုတ်အသင်းတို့မှာ ခြေစစ်ပွဲယှဉ်ပြိုင်ရန်မလိုဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရထားပြီး ခြေစစ်ပွဲအုပ်စုခြောက်ခုမှ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အီရန်နှင့် ထိုင်းအသင်းတို့မှာ ခြေစစ်ပွဲ အောင်မြင်ထားသည်။ ရဲရင့်လွင်