ကိုဗစ်-၁၉ ကပ်ရောဂါသည် မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုးများ ပေါ်ပေါက်လာသည့်အချိန်တွင် အရှိန်အဟုန် ထပ်မံမြင့်တက်ခဲ့ သည်။ ကမ္ဘာတွင် ဆေးဝါးထုတ်လုပ်သည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင် ကပ်ရောဂါဒုတိယလှိုင်းကာလအတွင်း ဒယ်လ်တာ မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်းများ အဆမတန်မြင့်တက်ခဲ့ရာ အကျိုးဆက်အားဖြင့် ၎င်းနိုင်ငံမှ ထုတ်လုပ် သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်ပတင်ပို့မှုများ ဆိုင်းငံ့ လိုက်ရခြင်းဖြစ်သည်။ ယင်းသို့ ဆိုင်းငံ့လိုက်သည့်အတွက် အိန္ဒိယ နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူထားသည့် မြန်မာအပါ အဝင် နိုင်ငံများသည်လည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ဘီလီယံ ဖြန့်ဝေသွားရန် ရည်ရွယ်ပြီး ဆေးအများစုကို အိန္ဒိယမှ မှာယူထားခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ COVAX အစီအစဉ်သည်လည်းကောင်း အခက်အခဲများနှင့် ကြုံတွေ့ ခဲ့ကြရသည်။
ယင်းသို့သော အခြေအနေတွင် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံအချို့၏ မမျှတသော၊ လူ့အခွင့်အရေးလျစ်လျူရှုသော လုပ်ရပ် တို့က ကမ္ဘာ့အသိုင်းအဝိုင်းတွင် ပြောစရာတစ်ခုအဖြစ် ပေါ်ထွက်လာ သည်။ ကမ္ဘာ့နိုင်ငံပေါင်း ထက်ဝက်ကျော်ကျော်တို့ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်လုံးမျှပင် မရရှိသေးသည့်အခြေအနေတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေး ၇၅ ရာခိုင်နှုန်းက နိုင်ငံ ၁၀ နိုင်ငံဆီသို့ ရောက်ရှိ နေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVAX အစီအစဉ်သည် ကာကွယ်ဆေးများကို ဝယ်ယူပြီး ကာကွယ်ဆေးလိုအပ်နေသော ဆင်းရဲသည့်နိုင်ငံများကို အခမဲ့လှူဒါန်း၍ ငွေကြေးအသင့်အတင့် တတ်နိုင်သည့် နိုင်ငံများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးသည့် အစီအစဉ်ဖြစ်သည်။ COVAX အနေဖြင့် အိန္ဒိယမှ မှာယူထားသည့် ကာကွယ်ဆေးများ မရရှိတော့သည့်အခါ ချမ်းသာသည့် အလှူရှင် နိုင်ငံများမှ လှူဒါန်းသည့် ဆေးတို့ကိုသာ မှီခိုခဲ့ရပြီး ထောက်ပံ့မှုများ နှေးကွေးခဲ့ကြောင်း၊ ချမ်းသာသောနိုင်ငံများက ကာကွယ်ဆေးများကို လိုသည်ထက် ပိုကာ ဝယ်ယူသိုလှောင်ထားပြီး သက်တမ်းကုန်ဆုံးခါနီး ကာကွယ်ဆေးများကို COVAX အစီအစဉ်မှတစ်ဆင့် လက်ခံနိုင်စွမ်း ရှိသည့် နိုင်ငံများသို့ ဖြန့်ဖြူးပေးနေကြောင်းများလည်း နိုင်ငံတကာ သတင်းများအရ သိရသည်။
မြန်မာနိုင်ငံသည် မိမိနိုင်ငံသူ နိုင်ငံသားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိနိုင်ရန် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေး သန်း ၃၀ စာချုပ်ချုပ်ဆိုဝယ်ယူခြင်း၊ COVAX အစီအစဉ်နှင့် ညှိနှိုင်းခြင်းတို့ကို ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းက ဆောင်ရွက်ခဲ့သည့်အပြင် အိန္ဒိယမှ ကာကွယ်ဆေးမရရှိတော့သည့်အခါတွင်လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ကာကွယ်ဆေးများ ထပ်မံဝယ်ယူခြင်း၊ ပြည်တွင်း၌ ထုတ်လုပ် နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို စနစ်တကျ၊ အရှိန်အဟုန်မပျက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ခြင်းလုပ်ငန်း လမ်းညွှန်နှင့်အညီ ဆောင်ရွက်ခဲ့သည်။ ကာကွယ်ဆေး ထိုးနှံပေးရာတွင်လည်း “မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေ ရေး”မူဝါဒနှင့်အညီ လူမျိုး၊ ဘာသာ၊ လိင်ခွဲခြားမှုမရှိ၊ လူမှုစီးပွား အဆင့်အတန်း၊ နိုင်ငံရေးနှီးနွှယ်မှုအရလည်း ခွဲခြားမှုမရှိဘဲ ဦးတည် အုပ်စု ၂၄ ခု သတ်မှတ်ထိုးနှံပေးနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအတွက် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကပင် ညှိနှိုင်းထားခဲ့သည့် COVAX အစီအစဉ်မှာ အခြားနိုင်ငံများသို့ Round-4 လေးကျော့လေးကြိမ် ဖြန့်ဝေပေးခဲ့သော်လည်း မြန်မာနိုင်ငံသို့မူ ယခုအချိန်ထိ ဆေးတစ်လုံး မျှ ရောက်မလာသေး။ ဂါဗီကိုဗက်အစီအစဉ်က ပြီးခဲ့သည့် ဖေဖော်ဝါရီ လမှစကာ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၂ နိုင်ငံသို့ ကာကွယ်ဆေး သန်း ၉၀ ပေးပို့ခဲ့ရာတွင် မြန်မာနိုင်ငံမပါ။ မည်သို့ဆိုစေ ကပ်ရောဂါဟူသည် စောင့်ဆိုင်းနေအပ်သည့် အရာမဟုတ်သည့်အလျောက် မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးအတွက် ကိုယ့်ခွန်၊ ကိုယ့်အား ကိုယ့်ပြည်သူ ပြည်သားတို့၏ အသိတရားနှင့် ပူးပေါင်း ပါဝင်မှုတို့ဖြင့် ကပ်ရောဂါလုံးဝကင်းစင်သည်အထိ ကြိုးပမ်းဆောင် ရွက်သွားကြရမည်သာ ဖြစ်ပါကြောင်း။ ။