
ရက်စွဲ။ ၅-၁၀-၂၀၂၁
၁။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/သေဆုံးမှုကို လျှော့ချရန်၊ ကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
၂။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရရှိရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင်စတင်၍ GAVI COVAX Facility နှင့် ညှိနှိုင်းခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သည့် မိတ်ဆွေ နိုင်ငံများနှင့် နိုင်ငံအချင်းချင်း(Bilateral)ညှိနှိုင်းခြင်းများ ဆောင်ရွက် ခဲ့ပြီး အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေး (၃၀)သန်း doses အား စာချုပ် ချုပ်ဆို၍ ဝယ်ယူခဲ့ပါသည်။ သို့ရာတွင် COVAX Facility မှ ၎င်း၏အခြား အဖွဲ့ဝင်နိုင်ငံများသို့ Round-4 အထိ ကာကွယ်ဆေးပံ့ပိုးမှုများ ဆောင်ရွက် ခဲ့သော်လည်း မြန်မာနိုင်ငံသို့ ယနေ့အချိန်အထိ ကာကွယ်ဆေးများ ပို့ဆောင်မှုမရှိသေးဘဲ ပို့ဆောင်မည့်ကာလနှင့်ပတ်သက်၍ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ခြင်းများရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံ တွင် ရောဂါဖြစ်ပွားမှုအခြေအနေအရ ကာကွယ်ဆေးတင်ပို့ခြင်းကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး မြန်မာနိုင်ငံသို့ ကာကွယ်ဆေးလှူဒါန်းမှု(၁.၅)သန်း doses နှင့် ဝယ်ယူမှု(၂)သန်း doses စုစုပေါင်း(၃.၅)သန်း doses သာ ပို့ဆောင်နိုင်ခဲ့ပါသည်။
b ကျောဖုံးမှ
၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်မံရရှိရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးတို့ကို အထူးဦးစားပေး လုပ်ငန်းများအဖြစ် လမ်းညွှန်မှု၊ ပံ့ပိုးမှုများပေးအပ်ခဲ့ရာ ၂-၁၀-၂၀၂၁ ရက်အထိ နိုင်ငံတော်၏အစီအစဉ်ဖြင့် ဝယ်ယူထားသော ကာကွယ် ဆေးနှင့် မိတ်ဆွေနိုင်ငံများမှ လှူဒါန်းသောကာကွယ်ဆေး စုစုပေါင်း (၂၃) သန်းကျော် doses အား လက်ခံရရှိပြီးဖြစ်ပါသည်။ ဆက်လက်၍ ၂၀၂၁ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားခြင်းနှင့် လှူဒါန်းခြင်းမှ ကာကွယ်ဆေး(၁၄)သန်း doses ထပ်မံရရှိမည်ဖြစ်ပါ သည်။ ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးကိုလည်း မိတ်ဆွေ နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တင်သွင်းထိုးနှံရာတွင် ပုဂ္ဂလိကကဏ္ဍမှလည်း ကျယ်ပြန့်စွာပါဝင် ဆောင်ရွက်ခြင်းပြုနိုင်ရန်အတွက် စနစ်တကျ တင်သွင်းခွင့်ပြုလျက် ရှိပါသည်။
၄။ နိုင်ငံတော်၏အစီအစဉ်ဖြင့် ဝယ်ယူထားသော ကာကွယ်ဆေး များ၊ လှူဒါန်းမှုများမှရရှိသော ကာကွယ်ဆေးများနှင့် ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းသော ကာကွယ်ဆေးများကို အသုံးပြု၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းလမ်းညွှန်နှင့် အညီ ရေးဆွဲထားသည့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရေးစီမံချက် (Myanmar National COVID-19 Vaccine Deployment Plan)အရ အသက်အုပ်စုအလိုက် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်း သားများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများတွင် ရောက်ရှိနေသူများ၊ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားလူငယ်များ စသည်ဖြင့် ဦးတည်အုပ်စု(၂၄)ခု သတ်မှတ်၍ ဦးစားပေးအစီအစဉ်များအလိုက် ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Vaccine Management Information System-VMIS)တွင် စနစ်တကျထည့်သွင်း၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါသည်။ ထိုသို့ထိုးနှံပေးရာတွင် မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိစေရေးနှင့် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျား/မ၊ လူမှုစီးပွားအဆင့်အတန်း၊ နိုင်ငံရေးနှီးနွှယ်မှုအရ ခွဲခြားခြင်း မပြုဘဲ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကာကွယ်ဆေးထိုးနှံပြီးပါက လည်း ထိုးနှံပြီးကြောင်း QR code ပါရှိသည့် လက်မှတ်များကိုလည်း ထုတ်ပေးလျက်ရှိပါသည်။
၅။ ၂၇-၁-၂၀၂၁ ရက်နေ့မှ ၄-၁၀-၂၀၂၁ ရက်နေ့အထိ လူဦးရေ စုစုပေါင်း(၈.၆၈)သန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပါသည်။ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃.၉၂)သန်း၊ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ၏ (၁၀.၆၃)ရာခိုင်နှုန်း ခန့်ကို အကြိမ်ပြည့်ထိုးနှံပေးပြီးဖြစ်ပါသည်။ ပထမအကြိမ် ထိုးနှံပြီးသူ မှာလည်း (၄.၇၆)သန်းရှိပါ၍ စုစုပေါင်းအကြိမ်ရေ (၁၂.၆)သန်း ထိုးနှံပြီး ဖြစ်ကာ ရည်မှန်းကာကွယ်ဆေးအကြိမ်ရေ၏ (၁၇.၀၈)ရာခိုင်နှုန်းအား ထိုးနှံပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးလွှမ်းခြုံမှုများ အပြည့်အဝရရှိစေရေးအတွက် မိမိတို့ ရရှိထားသည့် ကာကွယ်ဆေးများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၆။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်များ အပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များ ဆောင်ရွက်ရာနေရာများကို တရားမဝင်အဖွဲ့အစည်းများနှင့် အကြမ်းဖက်အဖွဲ့အစည်းများမှ ၃၀-၉-၂၀၂၁ ရက်နေ့အထိ အကြမ်းဖက်တိုက်ခိုက်မှု (၁၆)ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့်သာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက် နေသူများနှင့် ကာကွယ်ဆေးလာရောက်ထိုးနှံသူများတွင် အသက် သေဆုံးသည်အထိဖြစ်ပွားခြင်းနှင့် ထိခိုက်ဒဏ်ရာရဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။
၇။ ဤကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် ကြုံတွေ့ခဲ့ရ သည့် အခက်အခဲများရှိသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှု၊ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏စီမံခန့်ခွဲမှု၊ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် နှီးနွှယ်ဝန်ကြီးဌာနများ၊ စေတနာ့ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီပူးပေါင်း၍ ဓာတ်ခွဲနမူနာများ တိုးမြှင့်စစ်ဆေးပေးခြင်းအပါအဝင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတတိယလှိုင်း၌ အခြားကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာ နိုင်ငံတွင် ဒယ်လ်တာမျိုးဗီဇပြောင်းရောဂါပိုးကြောင့် ရောဂါဖြစ်ပွားမှု နှင့် ပိုးတွေ့ရှိမှုနှုန်းမြင့်မားခဲ့သော်လည်း ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာသည်နှင့်အတူ ရောဂါဖြစ်ပွားမှုနှင့် ပိုးတွေ့ရှိမှုနှုန်းများ သိသာစွာကျဆင်းလျက်ရှိရာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် အမှတ်စဉ်(၆)၊ သေဆုံးမှုအနေဖြင့် အမှတ်စဉ်(၅)နေရာတွင် ရှိနေပါသည်။
၈။ ၂၈-၇-၂၀၂၁ ရက်နေ့တွင် GAVI အဖွဲ့မှ လာရောက်၍ ကျန်းမာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး Pfizer ကာကွယ် ဆေးများ ပံ့ပိုးပေးနိုင်ရေး၊ UNICEF အဖွဲ့မှ အအေးလမ်းကြောင်း အဆင်သင့်ဖြစ်စေရေးအတွက် Ultra Cold Chain ရေခဲသေတ္တာများနှင့် ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့်ဆေးထိုးအပ် AD Syringe 0.5 ml များ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းခဲ့ပါသည်။ ၎င်းအပြင် ၃-၈-၂၀၂၁၊ ၁၂-၈-၂၀၂၁၊ ၁၆-၈-၂၀၂၁ နှင့် ၂၃-၈-၂၀၂၁ ရက်နေ့တို့တွင် GAVI, WHO နှင့် UNICEF အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ အခြေစိုက် WHO, UNICEF ရုံးမှ ကိုယ်စားလှယ်များပါဝင်၍ ကမ္ဘာ့ နိုင်ငံများသို့ Round-5 အဖြစ် ကာကွယ်ဆေးပံ့ပိုးရာတွင် မြန်မာ နိုင်ငံသို့ Pfizer ကာကွယ်ဆေး (၄,၀၄၈,၂၀၀) doses နှင့် Round-6 အဖြစ် Sinovac ကာကွယ်ဆေး (၂,၂၄၂,၈၀၀) doses ကို ပံ့ပိုးပေးနိုင် ရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
၉။ သို့ဖြစ်ပါ၍ GAVI COVAX Facility မှ ကာကွယ်ဆေးများ ပံ့ပိုးပေးမည်ဆိုပါက Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၏ ဦးဆောင်မှုများနှင့် ကာကွယ်ဆေးထိုးနှံခြင်းစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Vaccine Management Information System-VMIS) (vmis@mohs.gov.mm) တွင်ထည့်သွင်း၍ စနစ်တကျဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန