
အပြစ်မဲ့ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ရန်နှင့် ဒေသတွင်းဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်
အဓိကစီစဉ်ညွှန်ကြားသူမှာ NLD ပါတီမှ ထားဝယ်မြို့နယ်၊ မဲဆန္ဒနယ်(၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း မိုးမိုးသူ (ဖမ်းဆီးရန်ကျန်) နှင့်
ထားဝယ်မြို့နယ်၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ဇော်လေး (ဖမ်းဆီးရန်ကျန်) တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရ
နေပြည်တော် အောက်တိုဘာ ၆
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများကို အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ် ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ ထားဝယ်မြို့ တိုင်းရင်းသားဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး (အမျိုးသမီးဝန်ထမ်း) တို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအနက်မှ လုပ်ကြံသတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင်ကျူးလွန်သူများဖြစ်သော တရားခံ ထွန်းထွန်းဦး၊ ရာဇာထွန်း၊ သက်ပိုင်ဦး၊ စိုင်းမင်းသူ၊ မင်းဆက်မှူးတို့ အပါအဝင် ဆက်စပ်တရားခံ အမျိုးသား ၂၀၊ အမျိုးသမီး သုံးဦး၊ စုစုပေါင်း ၂၃ ဦး ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက် အရ အောက်တိုဘာ ၄ ရက်တွင် ထားဝယ်မြို့ ဆန်းချီရပ်ကွက် ကမြောကင်းလမ်းရှိ Gold Sticker ဆိုင်ရှေ့၌ ဆက်စပ်တရားခံ မြတ်ကျော်သူ (ခ) ဖိုးကျား (ခ) ရဲလေး (၂၀ နှစ်) အား ၉ မမ ပစ္စတို တစ်လက်၊ ၎င်းကျည် လေးတောင့်၊ ကျည်အိမ် တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ပူးပေါင်းပါဝင် ကျူးလွန်
တရားခံ မြတ်ကျော်သူ (ခ) ဖိုးကျား (ခ) ရဲလေး ၏ ထွက်ဆို ချက်အရ ၎င်းသည် မေ ၁၄ ရက် တွင် ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက် ဆိပ်ကမ်းသာလမ်း မော်လမြိုင် ဗောတံတားအနီး တွင် အပြစ်မဲ့ပြည်သူ ဦးဖေသန်း ကို ဒလန်ဟုစွပ်စွဲကာ လက်လုပ် မိုင်းဖြင့် ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးရန် ကျန်တရားခံ အောင်ခိုင် က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် မင်းဆက်မှူး (ခ) ကိုမှူး၊ ထွန်းထွန်းဦးနှင့် ဖမ်းဆီး ရန်ကျန် တရားခံများဖြစ်သော ဌေးလွင်ဖြိုး (ခ) အာလူး၊ ဆက်ပိုင်၊ ဆံရှည်၊ သားကြီး (ခ) ဆူကီ၊ သားကြီး၊ စိုးမိုးထိုက် (ခ)ထိုက်ထိုက်၊ သက်ဦး၊ မောင်သက် (ခ) ဂျပု၊ ကိုပိုင်၊ နောင်အောင် တို့နှင့်အတူ ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
တရားခံ မြတ်ကျော်သူ (ခ) ဖိုးကျား (ခ) ရဲလေး ၏ ထွက်ဆို ချက်အရ ၎င်းသည် ဩဂုတ် ၂၉ ရက်တွင် တိုင်းဒေသကြီး တိုင်းရင်း သား ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဌာန၊ ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးသောင်းဒန်နှင့် ယာဉ်မောင်း ဝေလင်းအောင်တို့ နှစ်ဦးကို ထားဝယ်မြို့ ကြက်စား ပြင်ရပ်ကွက် ဆိပ်ကမ်းသာလမ်းရှိ တိုင်းဒေသကြီး တိုင်းရင်းသား ဖွံ့ဖြိုးရေး သင်တန်းကျောင်း အနောက်ဘက်တွင် သက်ဦး၊ မင်းဆက်မှူးနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော အောင်ခိုင်၊ ဝေဒီဂန်း၊ ဆုမာလေး၊ ဖုန်းမဲ၊ ခိုင်ခိုင်မာ၊ ထိုက်ထိုက်၊ ကောင်း ထက်ဇော်၊ အောင်ပိုင်ဦး တို့နှင့် အတူ လုပ်ကြံသတ်ဖြတ်ရာတွင် ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ပစ္စတိုဖြင့် ပစ်ခတ်
အလားတူ စက်တင်ဘာ ၂၀ ရက်တွင် ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် ရွှေတောင်စား ဘုရားလမ်း၊ “မလိငပိ” ဈေးဆိုင် ရှေ့တွင် ဘုမ္မော်ရပ်ကွက် စာရေး တာဝန်ထမ်းဆောင်သူ ဒေါ်စန်း စန်းဝေ (၅၇ နှစ်) ကို ရာဇာထွန်း က ပစ္စတိုဖြင့် သုံးချက် ပစ်ခတ်ခဲ့ သည့်ဖြစ်စဉ်တွင် မင်းဆက်မှူး (ခ) ကိုမှူး၊ ထွန်းထွန်းဦး၊ ကောင်းကောင်း (ဖမ်းဆီးရန်ကျန်) တို့နှင့်အတူ ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ထိုသို့ အပြစ်မဲ့ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ရန်နှင့် ဒေသ တွင်း ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဓိက စီစဉ် ညွှန်ကြားသူမှာ NLD ပါတီမှ ထားဝယ်မြို့နယ် မဲဆန္ဒနယ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြစ်သူ မိုးမိုးသူ (ဖမ်းဆီးရန်ကျန်) နှင့် NLD ပါတီမှ ထားဝယ်မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဇော်လေး (ဖမ်းဆီးရန်ကျန်)တို့ ဖြစ်ကြောင်း ဖော်ထုတ်သိရှိ ရသည်။
သတင်းပေးတိုင်ကြားနိုင်
အထက်ပါ ဖမ်းဆီးရမိသူ များကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာ နေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း နှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။
သတင်းစဉ်