(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့်ကာလကို ယခုလအတွင်း အတည်ပြုရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 

ရန်ကုန်   အောက်တိုဘာ   ၆


ဗီယက်နမ်အိုလံပစ်ကော်မတီသည် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ    အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ပြန်လည်ကျင်းပမည့်ကာလကို   ယခုလအတွင်း အတည်ပြုရန်     စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ရွှေ့ဆိုင်းထားသည့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေလတွင် ပြန်လည်ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။


ဗီယက်နမ်နိုင်ငံအနေဖြင့် ဒုတိယအကြိမ် အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ရထားသည့် (၃၁) ကြိမ် မြောက်  ဆီးဂိမ်းပြိုင်ပွဲကို  ယခင်က  ၂၀၂၁  ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ယခုနှစ်လယ်ပိုင်း တွင်   အရှေ့တောင်အာရှနိုင်ငံများ၌  ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာ သဖြင့်   လာမည့်နှစ်သို့  ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ် အိုလံပစ်ကော်မတီ သည်  ရွှေ့ဆိုင်းထား သည့်  ဆီးဂိမ်းပြိုင်ပွဲကို     ဧပြီလကုန်    သို့မဟုတ် မေလဆန်းတွင် ကျင်းပရန် လျာထားသော်လည်း ကပ်ရောဂါ အခြေ အနေများအပေါ်  ထည့်သွင်းတွက်ချက်ကာ မေလတွင်ပြုလုပ်ရန် စီစဉ် နေခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲကို ၁၉၅၉  ခုနှစ်မှ စတင်ကာ နှစ် နှစ် လျှင်တစ်ကြိမ် ပုံမှန်ကျင်းပလျက်ရှိပြီး ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ မှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရွှေ့ဆိုင်းရသည့် ပြိုင်ပွဲ အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ဆီးဂိမ်း ပြိုင်ပွဲ   ရွှေ့ဆိုင်းသွားသော်လည်း ထည့်သွင်းကျင်းပမည့်   အားကစား နည်းများ ပြောင်းလဲမည်မဟုတ်ဘဲ ယခင်သတ်မှတ်ထားသည့်အတိုင်း အားကစားနည်း ၄၀  ပြုလုပ်သွားမည်ဖြစ်သည်။


မြန်မာနိုင်ငံအနေဖြင့်  အားကစားနည်း ၁၈ မျိုး ဝင်ရောက်ယှဉ်ပြိုင် ရန်  စီစဉ်ထားပြီး   အားကစားနည်းအများစုမှာ လေ့ကျင့်ပြင်ဆင်မှုများ    ပြုလုပ်နေပြီဖြစ်သည်။ ထို့ပြင်    မြန်မာအားကစားအဖွဲ့ အချို့မှာ ပြည်ပ နိုင်ငံ၌  သွားရောက်လေ့ကျင့်လျက်ရှိသည်။                      

ရဲရင့်လွင်