
ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အောက်တိုဘာ ၇ ရက် နံနက်ပိုင်း က နာမည်ကြီး အီတလီအသင်း နှင့် စပိန်အသင်းတို့ပွဲစဉ်ကို ဆန်စီယို အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်း က နှစ်ဂိုး- တစ်ဂိုးဖြင့် အီတလီ အသင်းကို အနိုင်ရရှိပြီး နေးရှင်း လိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက် လှမ်းနိုင်ခဲ့သည်။ စပိန်အသင်း အတွက် သွင်းဂိုးများကို တောရက်စ်က သွင်းယူပေးပြီး အီတလီအသင်းအတွက် သွင်းဂိုးကို ပယ်လီဂရီနီက သွင်းယူပေး ခဲ့သည်။
အီတလီအသင်းသည် ယနေ့ပွဲစဉ်တွင် စပိန်အသင်းကို ရှုံးနိမ့်ခဲ့သော ကြောင့် နေးရှင်းလိဂ်ဗိုလ်လုပွဲစဉ်နှင့် လွဲချော်ခဲ့ရသလို ၃၇ ပွဲဆက် ရှုံးပွဲမရှိ စံချိန်မှတ်တမ်းကောင်းလည်း ကျိုးပျက်ခဲ့ရသည်။ စပိန်အသင်း အနေဖြင့် ဇူလိုင် ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပြိုင်ပွဲ ဆီမီး ဖိုင်နယ်၌ အီတလီအသင်းအား ပယ်နယ်တီအဆုံးအဖြတ်တွင် လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်မှုကို ယခုနေးရှင်းလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ပြန်ဆပ် နိုင်ခဲ့သည်။
ချီယေဆာ၊ ဘာနာဒက်စ်ချီ၊ အင်ဆစ်ဂနီတို့ ဦးဆောင်ပွဲထွက်လာ သည့် အီတလီအသင်းသည် အိုယာဇာဘယ်၊ တောရက်စ်၊ ဆာရာဘီယာ တို့ ဦးဆောင်ပွဲထွက်လာသည့် စပိန်အသင်းကို အသာရရှိရေး ကြိုးစား လာခဲ့သော်လည်း အသင်းလိုက်စွမ်းဆောင်ရည်ပိုင်းတွင် လိုအပ်ချက် ရှိနေသည့်အတွက် ရှုံးပွဲနှင့် ကြုံတွေ့ကာ ဗိုလ်လုပွဲစဉ်နှင့် လွဲချော်ခဲ့ခြင်း ဖြစ်သည်။ စပိန်အသင်းက ယနေ့ပွဲစဉ်တွင် အီတလီအသင်းထက် သာလွန်သည့် ကစားဟန်၊ အနိုင်ရရှိလိုသည့် စိတ်ဓာတ်တို့ကို ထုတ်ပြ နိုင်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် စပိန်အသင်းတွင် စုဖွဲ့မှုအား ကောင်းမွန်သည့်အတွက် အသင်းလိုက် စွမ်းဆောင်ရည်ပိုင်းတွင်လည်း အီတလီအသင်းထက် အသာရခဲ့သည်။ ထို့ကြောင့် စပိန်အသင်းသည် ပွဲချိန်အများစုကို ထိန်းချုပ်ကစားနိုင်ခဲ့သည်။
ပွဲချိန် ၁၇ မိနစ်တွင် စပိန်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး အိုယာဇာဘယ် ၏ ဖန်တီးမှုမှတစ်ဆင့် တောရက်စ်က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၄၂ မိနစ်တွင် အီတလီအသင်းမှ ဘိုနူချီ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည့် အတွက် နစ်နာခဲ့ရသည်။ ထို့ကြောင့် အီတလီအသင်းသည် လက်ကျန် မိနစ်များကို တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရသည်။ ပထမပိုင်း ပွဲချိန်ပြီးခါနီးတွင် စပိန်အသင်း ဒုတိယဂိုးရရှိကာ အိုယာဇာဘယ်၏ ဖန်တီးမှုမှတစ်ဆင့် တောရက်စ်ကပင် သွင်းယူပေးနိုင်ခဲ့သည်။ စပိန် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးခဲ့သော ဖာရန်တောရက်စ် သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်နောက်ပိုင်း စပိန်အသင်း အတွက် သွင်းဂိုး ၁၁ ဂိုး အထိ ရှိလာပြီဖြစ်သည်။ အီတလီအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၃ မိနစ်တွင် ချီယေဆာ၏ ဖန်တီးမှုမှတစ်ဆင့် ပယ်လီဂရီနီက သွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သော အီတလီအသင်းသည် တနင်္ဂနွေနေ့ တွင် ဘယ်လ်ဂျီယံနှင့် ပြင်သစ်အသင်းတို့ထဲမှ ရှုံးနိမ့်သည့်အသင်းနှင့် တတိယနေရာအတွက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ စပိန်အသင်းက ဘယ်လ်ဂျီယံနှင့် ပြင်သစ်အသင်းတို့ထဲမှ အနိုင်ရရှိသည့်အသင်းနှင့် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်