ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း

Type

နိုင်ဦး(DOCA)  

 

လူသားများကို  အာဒံနဲ့ဧဝက  ပေါက်ဖွားလာတယ် ပြောပြော၊   ဗြဟ္မာကြီးတွေက   မွေးဖွားပေးတယ်ဆိုဆို၊  မျောက်ကနေ   ဆင်းသက်လာတယ်လိုပဲ    သတ်မှတ် သတ်မှတ် လူသားများ ဖြစ်တည်လာခဲ့သည်မှာ နှစ်ပေါင်း ၅၉ သန်းကျော်   ကြာမြင့်ခဲ့ပြီဖြစ်သည်။   ခေတ်တွေ အမျိုးမျိုး၊ စနစ်တွေအမျိုးမျိုးကြားထဲမှ  ကမ္ဘာအရပ်ရပ် တွင်  လူသားများ  အကျိုးအတွက်  တီထွင်ဖန်တီးမှုတွေ၊  ကြံစည်တွေးခေါ်မှုတွေ  အများကြီးပြုလုပ်ခဲ့ကြတယ်။ လူ့အခွင့်အရေးစတဲ့     အခွင့်အရေးပေါင်းစုံကိုလည်း တောင်းဆိုခဲ့ကြတယ်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ရွာ တွင် နေထိုင်လျက်ရှိနေသဖြင့် အခြားနိုင်ငံများနည်းတူ မိမိနိုင်ငံသားများ အခြားကမ္ဘာ့နိုင်ငံများရှိ နိုင်ငံသားများ နည်းတူ  အခွင့်အရေးများရရှိစေရေးအတွက်  ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိနေပါသည်။
 
အလေးအနက်ထားဆောင်ရွက်လျက်ရှိ 
 
ထိုသို့ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့အထိမ်း အမှတ်နေ့များအနက်  ကမ္ဘာသူ၊  ကမ္ဘာသားများ နေ့စဉ် ဖြတ်သန်းလျက်ရှိကြသည့်  စားရေး၊ ဝတ်ရေး၊  နေရေး ဟူသည့်  အရေးသုံးပါးနှင့်ပတ်သက်၍ စားသုံးသူများကို ကာကွယ်ပေးရန်၊       မျှတသည့်စီးပွားရေးစနစ်ကို ဖော်ဆောင်ရန်၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက် သည့်လုပ်ငန်းများကို  အားပေးရန်အတွက် ကမ္ဘာ့နိုင်ငံ တိုင်းတွင်  အလေးအနက်ထားဆောင်ရွက်လျက်ရှိနေ ကြသည်။   ကမ္ဘာ့စားသုံးသူ    အခွင့်အရေးများနေ့ အခမ်းအနားများကိုကျင်းပ၍    စားသုံးသူများရော၊ လုပ်ငန်းရှင်များကိုပါ  အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်မှာ  အထင်ရှားဆုံးဖြစ်သည်။     ထိုသို့  ဆောင်ရွက်ခဲ့သဖြင့် ထိုက်သင့်သော  အောင်မြင်မှု များရရှိခဲ့ပြီးဖြစ်သော်လည်း  ပို၍ပို၍ အောင်မြင်မှုရရန် ကြိုးစားဆောင်ရွက်နေမည်သာဖြစ်သည်။  ဤသို့  ကမ္ဘာ့ စားသုံးသူအခွင့်အရေးများ အထိမ်းအမှတ်ပွဲများဖြစ်ပေါ် လာခြင်းသည်  လွယ်လွယ်ကူကူ  မဟုတ်ခဲ့ပေ။  နှစ်များစွာ အဆင့်များစွာကို ကမ္ဘာ့စားသုံးသူများအတွက် ဖြတ်သန်း ခဲ့ရပေသည်။ 
 
၁၉၆၂ခုနှစ်  မတ်လ ၁၅ ရက်နေ့တွင် အမေရိကန် သမ္မတဖြစ်သူ ဂျွန်အက်(ဖ်) ကနေဒီက   “စားသုံးသူတွေ ဆိုတာ  ကျွန်တော်တို့အားလုံးပါဝင်ပါတယ်၊  အဲဒီ စားသုံး သူတွေဆိုတာဟာ  ကမ္ဘာပေါ်မှာ စီးပွားရေးအရ အင်အား အကြီးဆုံးအုပ်စုတစ်စု၊ အစိုးရဘက်ကရော ၊ ပုဂ္ဂလိက ဘက်ကပါ  စီးပွားရေးနှင့်ပတ်သက်လို့  ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှန်သမျှရဲ့ ကောင်းမွေ၊ဆိုးမွေကို ခံစားရတဲ့ သူတွေပါ၊ အဲဒီစားသုံးသူတွေဟာ အဲဒီလောက်ကိုအရေး ကြီးတဲ့အုပ်စုပေါ့၊ ဒါပေမယ့် အဲဒီလူတွေရဲ့ အသံကိုကျ တော့နားမထောင်ဘဲ  ငေးနေကြပါတယ်၊  မေ့နေကြပါ တယ်”ဟု  အမေရိကန်ကွန်ဂရက်တွင်  ပြောကြားခဲ့ပါ သည်။  အမေရိကန်သမ္မတ  ဂျွန်အက်(ဖ်)ကနေဒီသည် စားသုံးသူများ၏အခွင့်အရေးများနှင့်ပတ်သက်၍ ပြောကြား ခဲ့ သည့် မတ်လ ၁၅ ရက်နေ့ကို ကမ္ဘာ့စားသုံးသူ အခွင့် အရေးများနေ့အဖြစ်သတ်မှတ်ကာ   ကမ္ဘာ့နိုင်ငံအသီးသီး တွင်  ထိုနေ့ကျရောက်တိုင်း  ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့  အခမ်းအနားများကို  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း မတ်လ  ၁၅  ရက်နေ့ကျရောက်တိုင်း  ကမ္ဘာ့စားသုံးသူများနေ့ အခမ်းအနားများကို  ကျင်းပပြုလုပ်၍  စားသုံးသူပြည်သူ များ  စားသုံးသူကာကွယ်ရေးဆိုင်ရာ  အသိပညာများ တိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ 
 
အမေရိကန်သမ္မတ    ဂျွန်အက်(ဖ်) ကနေဒီက စားသုံးသူများသည်      နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးနေမှုများ၊    ကူညီပေးနေမှုများကို တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက လျစ်လျူရှု နေမှုများကို ထင်ထင်ရှားရှား သိမြင်အောင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။   လုပ်ငန်းရှင်များသည်   စားသုံးသူများရှိမှ  လုပ်ငန်းများ  အောင်မြင်နိုင်သည်ကိုမေ့လျော့နေကြပြီး စားသုံးသူများ၏   ရပိုင်ခွင့်ဖြစ်သော  စားသုံးသူများ၏ အခြေခံအခွင့်အရေးများကို အလေးမထားဘဲ   မိမိအကျိုး အမြတ်ရရှိရေးအတွက်သာ  ရှေးရှုဆောင်ရွက်လျက်ရှိကြ ပေသည်။ 
 
ထို့ကြောင့်ပင်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  စားသုံးသူရေးရာဦးစီးဌာနသည်  မြန်မာ နိုင်ငံရှိ ၅၁ သန်းကျော်သော စားသုံးသူပြည်သူများအတွက် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော စားသုံး သူအခွင့်အရေးများ  အပြည့်အဝရရှိရေး၊  ထုတ်ကုန်များ လုံခြုံစိတ်ချရ မှုရှိစေရေး၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော ကုန်စည်ဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်ရေး၊ ဆုံးရှုံးနစ်နာမှု များကို ကုစားဖြေရှင်းပေးနိုင်ရေးအတွက် ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊  စားသုံးသူကိုယ်စား လှယ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ 
 
နည်းဥပဒေ ရေးဆွဲလျက်ရှိ
 
မြန်မာနိုင်ငံသည် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ဖွံ့ဖြိုးပြီး နိုင်ငံများ၏  အောင်မြင်သော  စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ၊ အာဆီယံ နိုင်ငံများ၏ ကောင်းမွန်၍ အောင်မြင်မှုရရှိသော စားသုံးသူ အကာအကွယ်ပေးရေး  လုပ်ငန်းများအတိုင်း မြန်မာနိုင်ငံရှိ ပြည်သူများအတွက်   အကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိပါသည်။ စားသုံးသူများ လူသုံးအိမ်သုံးပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ငွေကြေးဆုံးရှုံးနစ်နာမှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု မရှိစေ ရေးအတွက် အကာအကွယ်ပေးနိုင်ရန် စားသုံးသူကာကွယ် ရေး ဥပဒေ (၂၀၁၉) ကို ပြဋ္ဌာန်း၍ ဥပဒေနှင့်အညီ အကာ အကွယ်ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် စားသုံးသူများကို ပိုမိုကာကွယ်ပေး နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ရေးဆွဲလျက်ရှိရာ မကြာမီပြဋ္ဌာန်းနိုင်တော့မည်ဖြစ်သည်။ 
 
မြန်မာနိုင်ငံသည်   ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပါ  သည်။ ယခင်က    ကုန်စည်ထုတ်လုပ် တင်သွင်းဖြန့်ဖြူး ရောင်းချသူများ၏ စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက် မှု မရှိခြင်းကြောင့် စားသုံးသူပြည်သူ အမြောက်အမြားသည် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းမှု မရှိသော၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုမရှိသော လူသုံးအိမ်သုံးပစ္စည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများကြောင့် ရောဂါဆန်းများ၊ သေကျေဒဏ်ရာ ရရှိမှုများကို   အလူးအလဲခံစားခဲ့ရသည်။    အခြားဖွံ့ဖြိုးပြီး နိုင်ငံများရှိ စားသုံးသူပြည်သူများကဲ့သို့  အခွင့်အရေးမရ၊ တိုင်တန်းရန်နေရာမရှိ၊    ထိခိုက်နစ်နာဆုံးရှုံးမှုများကို သိလျက်နှင့် ရင်စည်းခံစားခဲ့ကြရသည်။ ယခုမူ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  စားသုံးသူရေးရာ ဦးစီးဌာနက  စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တစ်နိုင်ငံလုံး လွှမ်းခြုံကာ အချိန် ယူ အသိပညာပေးဆောင်ရွက်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ နစ်နာဆုံးရှုံးမှုများကို  ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသဖြင့် စားသုံးသူများ၊ စားသုံးသူအခွင့်အရေးအရ ရရှိမည့်အကျိုး ခံစားခွင့်များ၊ ကုစားပိုင်ခွင့်များကို  ပိုမိုသိရှိလာကြသည်။ စားသုံးသူရေးရာဦးစီးဌာနနှင့် စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများတွင်  ပိုမိုပူးပေါင်းပါဝင်လာကြသည်။ နစ်နာဆုံးရှုံးမှုများကို အချိန်နှင့်တစ်ပြေးညီ တိုင်တန်းလာ ကြသည်။ စားသုံးသူအကာအကွယ်ပေးရေးအတွက် အလေ့ အကျင့်ကောင်းများ ပိုမိုရရှိလာကြသည်။ စားသုံးသူအခွင့် အရေးများကို ပိုမိုနားလည်လာကြသည်။
 
စားသုံးသူအခွင့်အရေးများအစ
 
ကမ္ဘာပေါ်တွင် ရှေးယခင်က လက်ခံကျင့်သုံးခဲ့ကြသော Caveat Emptor ( ဝယ်ယူသော ပစ္စည်းကောင်း၊ မကောင်း စစ်ဆေးကြည့်ရှုရန်မှာ ဝယ်ယူသူ၏ တာဝန်သာဖြစ်သည်) သို့မဟုတ်   Let The Buyer Beware (ဝယ်သူများသာ သတိပြုရန်)စသည့်ဥပဒေများသည်  စားသုံးသူအကာ အကွယ်ပေးရေးကို စိုးမိုးချုပ်ကိုင်ထားခဲ့ကြသည်။ တစ်နည်း ဆိုရလျှင် စားသုံးသူများသည် မမျှတသည့် ကုန်စည်များနှင့် လိမ်လည်ရောင်းချသည့် ကုန်စည်များ၏ အကျိုးသက် ရောက်မှုများကို မိမိထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် ကာကွယ်ရန်  အခွင့်အရေးမရကြပေ၊ ဝယ်ယူခြင်းမပြုမီ (သို့မဟုတ်)   အသုံးပြုခြင်းမပြုမီ   ကြည့်ရှုစစ်ဆေးသည့် အလေ့အကျင့်များ    ပြုလုပ်ခွင့်မရရှိကြပေ၊    ကုန်သွယ် လုပ်ငန်းရှင်များ၏ စိတ်ကြိုက်ရောင်းချသော ပစ္စည်းများကို သာ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသည်ဖြစ်စေ၊  မရှိသည် ဖြစ်စေ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဝယ်ယူသုံးစွဲခဲ့ကြရသည်။ 
 
နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု ပိုမိုများပြားလာခြင်းကြောင့် သက်ဆိုင်ရာ အစိုးရများက စားသုံးသူအခွင့်အရေးရရှိစေရေးအတွက် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းထုတ်ပြန်ကာ တားမြစ် လာကြသည်။ သို့သော် လုံးလုံးလျားလျား အောင်မြင်မှု များ ရရှိမှုနည်းပါးခဲ့သည်။ စားသုံးသူပြည်သူများသည် ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ကြုံတွေ့နေရဆဲပင် ဖြစ်သည်။ ကုန်စည်ထုတ်လုပ်၊   ရောင်းချ၊   ဖြန့်ဖြူးသူများသည် ရိုးသားသော  စားသုံးသူများကို  Media လုပ်ငန်းများ အသုံးပြု၍     လိမ်လည်လှည့်ဖြားရောင်းချနေမှုများကို ဆက်လက်ဆောင်ရွက်နေဆဲပင်  ဖြစ်သည်။  စားသုံးသူ အခွင့်အရေးများအား     အပြည့်အဝရရှိစေရေးအတွက် အကာအကွယ်ပေးမည့်       ထိရောက်လုံလောက်သော စည်းမျဉ်း၊ ဥပဒေများမရှိသဖြင့် စားသုံးသူနှင့် ထုတ်လုပ် သူများကြားတွင် ပြဿနာများ   ပိုမိုကြီးထွားကျယ်ပြန့် လာပါသည်။
 
အရှိန်လျှော့သွား
 
ထို့ကြောင့်ပင် စားသုံးသူများစားသုံးသူအခွင့်အရေး များကို အကာအကွယ်ပေးရန်နှင့်  ကုန်စည်ထုတ်လုပ် သူ၊ လုပ်ငန်းရှင်တို့၏ ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းများ အပေါ် မသမာမှုပြုမှုမှကာကွယ်ရန်      ၁၉၀၆    ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုကွန်ဂရက်မှ အစားအသောက် နှင့် ဆေးဝါးသီးသန့်အက်ဥပဒေကို  ပြဋ္ဌာန်းနိုင်ခဲ့သည်။ ထိုဥပဒေအတိုင်း လိုက်နာဆောင်ရွက်စေခဲ့သည်။ သို့သော် ကုန်စည်ဝန်ဆောင်မှုပြုသူ   လုပ်ငန်းရှင်များသည်  ပန်းပန်  လျက်ဆဲပင်ဖြစ်သည်။   စားသုံးသူများ  နစ်နာဆုံးရှုံးမှုများ ခံစားနေဆဲပင်ဖြစ်သည်။   သို့သော်  အက်ဥပဒေပြဋ္ဌာန်း ပြီးဖြစ်၍  အရှိန်လျှော့သွားကြသည်။  အခြားနိုင်ငံများမှ လည်း  အမေရိကန်ပြည်ထောင်စုတွင်    ပြဋ္ဌာန်းကျင့်သုံး လျက်ရှိသော   အစားအသောက်နှင့် ဆေးဝါးသီးသန့်အက် ဥပဒေကိုအတုယူကာ မိမိနိုင်ငံများတွင် ပြဋ္ဌာန်းကျင့်သုံး လာကြသည်။ 
 
၁၉၆၀ ပြည့်နှစ်တွင် စားသုံးသူအကာအကွယ်ပေး ခြင်းများသည်  ဥရောပနှင့်  မြောက်အမေရိကတို့တွင် စတင်ခဲ့သည်။  ထိုကာလအတွင်း  အင်အားကြီးမားသည့် အဖွဲ့အစည်းကြီးများသည် ကမ္ဘာ့စီးပွားရေးကို ချုပ်ကိုင် လွှမ်းမိုးနိုင်ရန်       ဦးတည်ဆောင်ရွက်လာကြသည်။ ထို့ကြောင့်ပင် စားသုံးသူများသည် ၎င်းတို့ရရှိမည့်အခွင့် အရေးများနှင့်   နစ်နာဆုံးရှုံးမှုများကို   ၎င်းတို့ကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ရန် ကြိုးစားလာကြသည်။ စီးပွားရေး လုပ်ငန်းရှင်နှင့်   စားသုံးသူအကြား မျှတသည့်  စည်းမျဉ်း စည်းကမ်းများကို  အစိုးရမှထုတ်ပြန်ခဲ့ကြသည်။ ၁၉၇၀ ပြည့်နှစ်တွင် နိုင်ငံတကာအဆင့်အထိ ပျံ့နှံ့ရောက်ရှိသွား ကြသည်။  စားသုံးသူအကာအကွယ်ပေးရေးနယ်ပယ် တွင် ကမ္ဘာ့ကုလသမဂ္ဂအမျိုးသားရေးဆိုင်ရာ ဖွဲ့စည်းမှုနှင့် ဥပဒေပြဋ္ဌာန်းခြင်းများကို       လေ့လာဆန်းစစ်မှုပြုရန် စီးပွားရေးနှင့်  လူမှုရေးကောင်စီမှ  အထွေထွေအတွင်း ရေးမှူးချုပ်ထံ မေတ္တာရပ်ခံခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂမှ စီးပွားရေးနှင့် လူမှုရေးကောင်စီသည် နိုင်ငံတကာပြည်သူ များ၏ စားသုံးသူအခွင့်အရေးများကို အကာအကွယ်ပေး နိုင်ရေးအတွက် လည်းကောင်း၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းကောင်း၊ ကျန်းမာ ရေး ဘေးကင်းလုံခြုံမှုနှင့် စားသုံးသူများ ကောင်းကျိုးရရှိ စေရန် ဆောင်ရွက်နိုင်သည့်အရေးကြီးသည့် အစိတ် အပိုင်းအဖြစ် အသိအမှတ်ပြုလာခဲ့သည်။
 
နိုင်ငံဖွံ့ဖြိုးတိုးတက်မှု
 
ယနေ့ကမ္ဘာပေါ်တွင်  ခေတ်မီဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ လူတို့၏ နေထိုင်စားသောက်မှုပုံစံများ လည်း  ပြောင်းလဲလာကြပါသည်။  လူတို့သည် အစား အသောက်များကို    လွယ်ကူစွာစားသုံးလာကြသဖြင့် စီးပွားရေးလုပ်ငန်းရှင်များကလည်း    လူတို့၏လိုအပ် ချက်များနှင့်အညီ အလွယ်တကူ အသင့်စားစားသောက် ကုန်ပစ္စည်းများကို တာရှည်ခံစေရန်၊ အနံ့အရသာနှင့် ပြည့်စုံစေရန် ၊ မျက်စိပသာဒရှိစေရန်တို့ကိုသာ ဦးစားပေး ၍ စျေးနှုန်းသက်သာသော တရားမဝင်ဓာတုဆေးဝါးများ၊ ခွင့်မပြုဓာတုဆိုးဆေးများကို လှိုင်လှိုင်သုံးကာ အသုံးပြု ထုတ်လုပ်လာကြသဖြင့် ပြည်သူများသည် အရွယ်မတိုင်မီ ရောဂါဆန်းများဖြစ်ပွားခြင်း၊     နာတာရှည်ဖြစ်ခြင်း၊ သေကျေပျက်စီးခြင်းများ  ကြုံတွေ့လာရပြီး လူ့စွမ်းအား အရင်းအမြစ်များဆုံးရှုံးကာ နိုင်ငံတော်ဘတ်ဂျက်များ လည်း ထိခိုက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကိုပါ ထိခိုက် လာသည်အထိ ဖြစ်လာသည်ကိုတွေ့ရှိရသည်။
 
ထိုသို့ စီးပွားရေးလုပ်ငန်းရှင်အချို့၏  ဘယ်သူ သေသေ  ငတေမာလျှင်ပြီးရောဟူသော       သဘောဖြင့် မိမိတိုးတက်ကြီးပွားရေးအတွက်သာ     ဦးတည်ပြီး ပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှု၊ သေကျေပျက်စီးမှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကို ဥပေက္ခာပြုကာ ထုတ်လုပ် လာကြသဖြင့် စားသုံးသူ ပြည်သူများ အတိဒုက္ခရောက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို  နှောင့်နှေးစေလာနိုင်သည်။ အန္တရာယ်ဖြစ်လာသဖြင့်    စားသုံးသူပြည်သူများကို  အကာအကွယ်ပေးနိုင်ရေးအတွက် နိုင်ငံအသီးသီးတွင် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေများပြဋ္ဌာန်းကာ ဆောင်ရွက်လာကြပါသည်။
 
စားသုံးသူအခွင့်အရေးများ
 
မြန်မာနိုင်ငံတွင်  ကျင့်သုံးလျက်ရှိသော  စားသုံးသူ ကာကွယ်ရေးဥပဒေသည်  ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံက    စားသုံးသူအကာအကွယ်ပေးရေးအတွက် ၁၉၈၅ ခုနှစ်   ဧပြီလ ၁၆ ရက်နေ့တွင်    ဆုံးဖြတ်ချက်အမှတ်  ( ၃၀/၂၄၈ )ဖြင့် ချမှတ်ခဲ့သော စားသုံးသူအခွင့်အရေးများ ကဲ့သို့ပင် မြန်မာနိုင်ငံရှိ ၅၁ သန်းကျော်ရှိသော ပြည်သူများ အားလုံး စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေး အတွက်  ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။  စားသုံးသူရေးရာ ဦးစီးဌာနရှိ  ဝန်ထမ်းများသည် ဥပဒေပါပြဋ္ဌာန်းချက်များ၊ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ     သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍   ပညာပေးဟောပြော ဆွေးနွေးခြင်း၊  အသိပညာပေးခြင်း၊    နည်းပညာများ ဖြန့်ဖြူးပေးခြင်း၊ ကွင်းဆင်းစစ်ဆေး အရေးယူခြင်းများကို  ဆောင်ရွက်လျက်ရှိပါသည်။
 
စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အရ  စားသုံး သူများရရှိမည့် အခွင့်အရေးများမှာ   အောက်ပါအတိုင်း ဖြစ်ပါသည်။  ထိုအခွင့်အရေးများနှင့်ပတ်သက်၍   မိမိ ကိုယ်တိုင်သိရှိပါက  မိမိ မိသားစု၊ ဆွေမျိုးသားချင်း၊ အိမ်နီးချင်းများသို့ပါ အသိပေးဖြန့်ဝေပေးပါက  တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် အောင်မြင်နိုင်မည် ဖြစ်ပါသည်-       
 
 ကုန်စည်နှင့်ဝန်ဆောင်မှုကို 
ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေခြင်း
 
လူ့အသက်နှင့်  ကျန်းမာမှုတို့ကို  ခြိမ်းခြောက် အန္တရာယ်ပေးနိုင်သော ကုန်စည်များ၊ ထုတ်လုပ်မှုဖြစ်စဉ် များနှင့် ဝန်ဆောင်မှုများမှ အကာအကွယ်ရရှိနိုင်ခြင်းပင် ဖြစ်ပေသည်။ အချို့သောလုပ်ငန်းရှင်များသည် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်    မကိုက်ညီသော   ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်းဖြင့် စားသုံးသူ များအတွက် လုံခြုံစိတ်ချရမှု ရှိ/မရှိကို အလေးမထားဘဲ ကိုယ်ကျိုးရှာ အမြတ်ထုတ်နေကြပါသည်။ ထို့ကြောင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ထုတ်လုပ်ရန်အတွက် ညွှန်ကြားထားသည့်   ညွှန်ကြားချက်များ   သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာလိုက်နာရမည့် အသိပေးမှုများကို လိုက်နာ ခြင်းဖြင့် စားသုံးသူများ၏ အသက်၊ ကိုယ်ခန္ဓာနှင့် ပစ္စည်း များကို အန္တရာယ်ဖြစ်ပေါ်ခြင်းမရှိအောင် ပြုလုပ်ပေးထား ခြင်းသည်လည်း ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို  ဘေးအန္တရာယ်ကင်းရှင်းစွာ  အသုံးပြုနိုင်စေခြင်းအတွက် ပေးသင့်သောအခွင့်အရေးပင် ဖြစ်ပါသည်။ 
 
ကုန်စည်နှင့်ဝန်ဆောင်မှုများကို 
စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်
 
ကျေနပ်နှစ်သိမ့်မှုဖြစ်စေနိုင်သော အရည်အသွေး အာမခံနိုင်စွမ်းနှင့်   ရောင်းဝယ်မှုဖြစ်စဉ်တွင်  ပြောဆို ကတိပြုထားသည့်   ဈေးနှုန်းများ၊ စည်းကမ်းချက်များ၊ အာမခံပေးမှုများအတိုင်း    ဝယ်ယူစဉ်နှင့်   ဝယ်ယူပြီး နောက်ပိုင်းတို့တွင်  စားသုံးသူများက  စိတ်ကြိုက်ရွေးချယ် နိုင်ခွင့်   ရရှိစေနိုင်ခြင်းသည်လည်း  စားသုံးသူ၏အခွင့် အရေးတစ်ရပ်ပင် ဖြစ်ပါသည်။ 
 
ကုန်စည်နှင့် ဝန်ဆောင်မှု၏ မှန်ကန်ပြည့်စုံသော
 သတင်းအချက်အလက်များ ရရှိစေခြင်း
 
မှန်ကန်သောရွေးချယ်မှုများ  ပြုလုပ်နိုင်ရန်အတွက် တိကျမှန်ကန်သော  သတင်းအချက်အလက်များ  ရရှိနိုင် ခြင်းနှင့် ရိုးသားမှုမရှိသော    သို့မဟုတ်   မှန်ကန်မှုမရှိသော ကြော်ငြာခြင်းနှင့် တံဆိပ်တပ်ဆင်ခြင်းတို့မှ အကာအကွယ် ရရှိနိုင်ခြင်းပင်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ ကုန်စည်နှင့်ဝန်ဆောင်မှုများ  ရောင်းချရာတွင် မှားယွင်းသည့် တင်ပြမှုများ၊ အလွန်အမင်း ချဲ့ကားပြောဆို မှုများပါဝင်နေသော ကြော်ငြာများ၊ အညွှန်းတံဆိပ်တပ်ဆင် ခြင်းများသည် စားသုံးသူများအကြား နစ်နာဆုံးရှုံးမှုများနှင့် နားလည်မှုလွဲမှားစေခြင်းများကို  ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေး တစ်ခုအနေဖြင့်ဖော်ပြသော သတင်းအချက်အလက်များနှင့်  ဖော်ပြမှုအညွှန်းများသည်       မှန်ကန်ပြီးပြည့်စုံရမည့် အခွင့်အရေးသည်လည်း   စားသုံးသူ၏   အခွင့်အရေးပင် ဖြစ်ပါသည်။ 
ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပါဝင်ကြားနာခြင်း ရရှိစေရန် 
ကုန်စည်  သို့မဟုတ်  ဝန်ဆောင်မှုများ အသုံးပြုမှု ကြောင့် ဖြစ်ပေါ်လာသော မကျေနပ်မှု၊ အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်ရန် အရေးဆိုတိုင်တန်းနိုင်ခွင့်၊ စားသုံးသူများ ၏ အကျိုးရှိမှုအတွက် ခံစားထင်မြင်ယူဆချက်များကို ပြောဆိုတင်ပြနိုင်ခွင့်၊ သင့်လျော်သောအကာအကွယ်ပေးမှု များ    ရရှိနိုင်ခွင့်သည်လည်း   အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။ 
 
ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် 
အသိပညာများ၊ အခွင့်အရေးနှင့် အချက်အလက်များကို 
သိရှိလေ့လာခွင့်ရရှိစေရန်
 
စားသုံးသူဆိုင်ရာ   အခြေခံအခွင့်အရေးများနှင့် တာဝန်ရှိမှုများကို   သိရှိနိုင်စေခြင်း၊  ၎င်းတို့ကို မည်သို့ အသုံးပြုနိုင်သည်ကို   ကောင်းမွန်စွာသိရှိပြီး  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ယုံယုံကြည်ကြည် ရွေးချယ်ဝယ်ယူနိုင်စေခြင်း၊ ထုတ်လုပ်ရောင်းချသူများက၎င်းတို့၏   ကုန်ပစ္စည်းများကို အသုံးပြုသည့်အခါတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များကို   စားသုံးသူများ နားလည်အောင်   ပြောဆိုရောင်းချခြင်းများရရှိစေရန် အတွက် လိုအပ်သောကျွမ်းကျင်မှုများနှင့် အသိပညာများ ရရှိနိုင်စေခြင်း ဖြစ်ပါသည်။ 
 
ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း
 
စားသုံးသူများသည် မိမိအမှန်တကယ်အသုံးပြုရန် သို့မဟုတ်   စားသုံးရန်အတွက်    ဝယ်ယူအသုံးပြုရာ၌ ဝယ်ယူသည့်ပစ္စည်းသည်     စားသုံးသူလိုအပ်ချက်အတိုင်း ဖြစ်စေရေးသည်   စားသုံးသူများရရှိမည့်  အခွင့်အရေး တစ်ရပ်ပင်ဖြစ်ပါသည်။    ဥပမာ- ထမင်းပေါင်းအိုး တစ်လုံး ဝယ်ယူရာ၌    မီးကြိုး၊  အရန်ပစ္စည်းများ၊ အထောက်အကူ ပစ္စည်းများပါဝင်သည်ဟု ဖော်ပြထားသော်လည်း  အမှန် တကယ် ဝယ်ယူအသုံးပြုသောအခါ မီးကြိုးများ၊ အရန်ပစ္စည်း များ၊အထောက်အကူပြုပစ္စည်း များ မပါဝင်၍    ထပ်မံဝယ်ယူ အသုံးပြုရခြင်းသည် စားသုံးသူထံမှ မတရားခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းပင် ဖြစ်ပါသည်။  ၎င်းအပြင်  ထိုထမင်း ပေါင်းအိုး၏      အခြားတံဆိပ်များနှင့်  အရည်အသွေး၊     စျေးနှုန်းကွာရခြင်း အားနည်းချက်ကိုပါ ပြောပြပေးရမည်။    သို့မှသာ စိတ်ကျေနပ်မှုရရှိမည်ဖြစ်ပါသည်။
 
ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသော 
ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိစေခြင်း
 
စားသုံးသူသည်  ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုရာ၌  လုပ်ငန်းရှင်များက  သဘောတူညီချက်နှင့် အညီ  ပေးအပ်နိုင်မှုမရှိခြင်း၊ အရည်အသွေးညံ့ဖျင်းခြင်း၊ မှားယွင်းသောကုန်စည်နှင့်       ဝန်ဆောင်မှုများပေးသဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက လုပ်ငန်းရှင်က စားသုံးသူ အား  လျော်ကြေးပေးခြင်း၊  ပစ္စည်းအစားထိုးပေးခြင်းနှင့် စားသုံးသူက တရားမျှတသော  တောင်းဆိုမှုအတိုင်း ရရှိစေ ခြင်းဖြစ်ပါသည်။
 
ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် 
ရှင်သန်နိုင်ခွင့်ရရှိစေခြင်း 
 
စားသုံးသူပြည်သူများ အန္တရာယ်ကင်းသော ကုန်စည်နှင့်ဝန်ဆောင်မှုကိုရရှိပြီး ကျန်းမာချမ်းသာစွာဖြင့် လူနေမှုဘဝကို ဖြတ်သန်းပိုင်ဆိုင်ခွင့်ရရှိစေနိုင်ခြင်း သည်လည်း စားသုံးသူများရရှိမည့် အခွင့်အရေးတစ်ရပ်ပင် ဖြစ်ပါသည်။ ဤသို့ ပိုင်ဆိုင်ခွင့်ရရှိရန်မှာ စားသုံးသူ ကိုယ်တိုင်ရော  မိမိ၏မိသားစုများအတွက်ပါ အန္တရာယ် ကင်းသော ကုန်စည်ဝန်ဆောင်မှုများကို ရွေးချယ်၍ စားသောက်သုံးစွဲရန် သင့်/မသင့် ဝေဖန်ပိုင်းခြား သိရှိနိုင်မှ သာ ဖြစ်နိုင်ပေမည်။
 
သို့ဖြစ်ပါ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူ ပြည်သူများဖြစ်သည့်  ၅၁ သန်းကျော်သော ပြည်သူများ အတွက်       စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ  သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လူမျိုးမရွေး၊ ဘာသာ မရွေး၊ ဆင်းရဲ၊ ချမ်းသာမရွေး၊ အဆင့်အတန်းမရွေး စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိရေး၊ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းသော လူသုံး၊ အိမ်သုံးပစ္စည်းများ၊ ဝန်ဆောင်မှုများ ရရှိသုံးစွဲနိုင်ရေးအတွက် စေတနာထား ကာ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများကို နေပူပူ၊ မိုးရွာရွာ စားသုံးသူအကာအကွယ်ပေးရေး ထီးကလေးဖြင့် မိုးထားပေးချင်ပါသည်။ စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍  ထိခိုက်နစ်နာဆုံးရှုံးမှုများသာမက  သံသယ ရှိသောကုန်စည်နှင့်  ဝန်ဆောင်မှုများ တွေ့ရှိရပါကလည်း မိမိတို့နီးစပ်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် များရှိ စားသုံးသူရေးရာဦးစီးဌာနများတွင် တိုင်ကြားနိုင်ပြီး  တိုင်ကြားလာမှုများနှင့်ပတ်သက်၍    ကုစားဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့်  ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့အား ဂုဏ်ပြုရေးသား ဖော်ပြအပ်ပါသည်။