လာမည့်နှစ်ပေါင်း ၃၀ ကာလတွင် ကမ္ဘာပေါ်ရှိ မြို့ကြီးများ၌ နေထိုင်သူ လူဦးရေသည် လက်ရှိလူဦးရေ၏ နှစ်ဆဖြစ်လာဖွယ် ရှိသည်ဟုဆိုသည်။ မိမိတို့နိုင်ငံတွင်လည်း မြို့ပြများသို့ ပြောင်းရွှေ့ အခြေချမှုများပြားလျက်ရှိရာ စီးပွားရေးမြို့တော် ရန်ကုန်၏ လူဦးရေမှာလည်း လျင်လျင်မြန်မြန် တိုးလာခဲ့သည်။ လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ၇ ဒသမ ၈ သန်းကျော် နေထိုင်လျက်ရှိရာအများစုမှာ ရန်ကုန် မြို့တော်ကြီးနှင့် ဆင်ခြေဖုံးမြို့နယ်များတွင် နေထိုင်နေကြခြင်း ဖြစ်သည်။
မြို့ပြကြီးထွားလာခြင်းနှင့်အတူ တစ်ဖက်တွင်လည်း စွမ်းအင် လိုအပ်ချက်၊ သောက်သုံးရေ လိုအပ်ချက်၊ အိမ်ရာ လိုအပ်ချက်၊ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်၊ ဝန်ဆောင်မှု လိုအပ်ချက်များပါ ကြီးထွားလာသည်။ မြို့နေလူထု၏ လိုအပ်ချက်များစွာတို့ အနက် အများစုကို မြို့တော်စည်ပင်သာယာရေးကော်မတီက ထမ်းဆောင်ဖြည့်ဆည်းပေးနေရခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် အနည်းငယ်က စစ်တမ်းတစ်ခုတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အမှိုက်သိမ်းစနစ်၊ ခွေးလေခွေးလွင့် နှိမ်နင်းမှုနှင့် မြို့ပြဧရိယာအတွင်း ရေကြီးရေလျှံမှုများအပေါ် မြို့နေလူထု ၄၇ ရာခိုင်နှုန်းက စိတ်ကျေနပ်မှုနည်းပါးနေကြောင်း ဖော်ပြထားသည်ဟု သိရသည်။
ရန်ကုန်မြို့တွင် မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်ရှိပြီး နေ့စဉ် အမှိုက်တန်ချိန် ၂၃၀၀ မှ ၂၅၀၀ အထိ ထွက်ရှိကြောင်း၊ ရန်ကုန်မြို့နေ လူတစ်ဦးသည် တစ်နေ့လျှင် အမှိုက် ၀ ဒသမ ၅ ကီလိုဂရမ်ကို စွန့်ပစ်ကြောင်း သိရသည်။ စွန့်ပစ်အမှိုက်များကို အရင်းအမြစ်များ ခွဲခြားကြည့်ပါက ဆေးရုံ ဆေးခန်းထွက် အမှိုက် ၀ ဒသမ ၁၂ ရာခိုင်နှုန်း၊ စီးပွားရေး လုပ်ငန်းထွက် အမှိုက် ၅ ဒသမ ၈၄ ရာခိုင်နှုန်း၊ အိမ်ထောင်စုထွက် အမှိုက် ၈၂ ရာခိုင်နှုန်း၊ စက်မှုကုန်ထွက် အမှိုက် ၆ ရာခိုင်နှုန်း၊ ဈေးထွက်အမှိုက် ၃ ဒသမ ၁၄ ရာခိုင်နှုန်း ရှိသည်ဟုဆိုရာ အများ စုမှာ အိမ်ထောင်စုများက စွန့်ပစ်သော အမှိုက်များပင်ဖြစ်သည်။
စင်စစ်ရန်ကုန်လူထု ၄၇ ရာခိုင်နှုန်းက စိတ်ကျေနပ်မှု နည်းပါး နေသည့် အမှိုက်သိမ်းစနစ်၊ ခွေးလေခွေးလွင့်နှင့် ရေကြီးရေလျှံမှု တို့၏ အခြေခံအကျဆုံးသော အကြောင်းတရားမှာ အမှိုက်စွန့်ပစ် ခြင်းပင်ဖြစ်သည်။ အမှိုက်များကို စည်းနှင့်ကမ်းနှင့် စနစ်တကျ စွန့်ပစ်ကြမည်ဆိုပါက ခွေးလေခွေးလွင့်ပြဿနာနှင့် ရေကြီး ရေလျှံပြဿနာတို့လည်း တစ်ပါတည်း ပြေလည်သွားနိုင်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး၏ အမှိုက်ခွဲခြားစွန့်ပစ်မှု စနစ်တွင် အမှိုက်ကို အစိုနှင့် အခြောက်ဟူ၍ နှစ်မျိုးသာခွဲခြား ထားခြင်းဖြစ်သည်။ မီးဖိုချောင်ထွက် အမှိုက်များ၊ စားကြွင်း စားကျန်များ၊ ဘုရားပန်း စသည့် အမှိုက်စိုများကို အစိမ်းရောင် အမှိုက်အိတ်တွင်ထည့်၍ လုံခြုံစွာ ချည်နှောင်ကာ နေ့စဉ် စွန့်ပစ်နိုင်ပြီး စက္ကူ၊ ဖော့ဘူး၊ ပလတ်စတစ်၊ ကစားစရာ အကျိုး အပဲ့များ၊ သတ္တုအပိုင်းအစများ၊ ဝိုင်ယာကြိုးစများ စသည့် အမှိုက်အခြောက်များကို အပြာရောင် အမှိုက်အိတ်တွင်ထည့်၍ လုံခြုံစွာချည်နှောင်ကာ တစ်ပတ်လျှင် နှစ်ကြိမ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တို့တွင် စွန့်ပစ်နိုင်သည့် စနစ်ပင်ဖြစ်သည်။ အမှိုက် ပစ်သူက စနစ်တကျစွန့်ပစ်၍ အမှိုက်သိမ်းသူက မှန်မှန်သိမ်းလျှင် အဆင်ပြေသည့် နည်းလမ်းပင်ဖြစ်ပြီး ခွေးလေခွေးလွင့်ပြဿနာ နှင့် ရေမြောင်းများ ပိတ်ဆို့၍ ရေကြီးရေလျှံသည့် ပြဿနာတို့ကို လည်း ရာခိုင်နှုန်းအတော်များများ လျော့ပါးသွားစေနိုင်မည်ဟု ယုံကြည်မိသည်။
မြို့တော်ကြီး စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာရေး၊ တင့်တယ်လှပရေးတွင် မြို့နေလူထုက အဓိကကျသည့်အလျောက် ပြည်သူလူထု ပူးပေါင်းပါဝင်မှု၊ တာဝန်ရှိအဖွဲ့အစည်း၏ ကြိုးပမ်း စွမ်းဆောင်မှုဖြင့် နိုင်ငံ့မျက်နှာဖုံး စီးပွားရေးမြို့တော်ကြီးကို ဂုဏ်တင့်နိုင်ပါစေကြောင်း။ ။