
ဒေါက်တာမြတ်မိုး
ယခုလက်ရှိနိုင်ငံတော်၌ ကာကွယ်ဆေးထိုးနှံပေးနေမှုကို နိုင်ငံ့အရေး၊ အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။ အကျုံး၀င်သူအားလုံး မည်သူတစ်ဦးတစ်ယောက်မှ မကျန်စေရေး မူပေါ်တွင် အခြေခံထားသည်ဖြစ်၍ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို လုံးဝလက်လွှတ်မခံသင့် သည့် ကိစ္စရပ်လည်းဖြစ်သည်။ မိမိနှင့်မိမိ၏ ရင်သွေးငယ်ကျောင်းသားများ ဘေးကင်းလုံခြုံစိတ်ချမှုရရှိရန်အတွက် နိုင်ငံတော်၏တာဝန်ယူ တာ၀န်ခံမှုအပေါ်တွင် ယုံကြည်စိတ်ချစွာဖြင့် ကျောင်းသားမိဘပြည်သူများ၏ အားလုံးပူးပေါင်းပါ၀င်မှုသည် ကိုဗစ်ကပ်ရောဂါကို ကာကွယ်၊ ထိန်းချုပ်ရာတွင်လည်းကောင်း၊ စဉ်ဆက်မပြတ်ပညာရေး ခရီးလမ်းဖြောင့်တန်းစွာဖြင့် လျှောက်လှမ်းရာတွင်လည်းကောင်း လွန်စွာ အရေးကြီးပေသည်။
မကြာမီ နိုင်ငံတစ်ဝန်း ကျောင်းများလည်း ပြန်လည်ဖွင့်လှစ်တော့ မည်။ ကမ္ဘာ့ ကိုဗစ်ကပ်အခြေအနေကလည်း ပျောက်ကွယ်မည့်လမ်းစ မမြင်သေး။ မြန်မာနိုင်ငံတွင် တတိယလှိုင်းဖြစ်ပွားမှုကား ငြိမ်သက်စ ပြုလာပြီဖြစ်၍ သင်ကြားသင်ယူခွင့် အခွင့်အလမ်းနှင့် ပညာရေး လမ်းကြောင်းကိုတော့ နှောင့်နှေးနေ၍မဖြစ် ဆက်လက်ချီတက်ရ မည်သာ။
အခွင့်အလမ်းနှင့်အတူ စိန်ခေါ်မှုများကတော့ ကပ်ပါလာစမြဲပါ။ အဓိကအချက်က ကျောင်းသားမိဘများ၏ စိုးရိမ်ပူပန်မှုပင်ဖြစ်သည်၊၊ မိမိရင်သွေးငယ်များတွင် ကူးစက်နိုင်မှုအန္တရာယ်ရှိနိုင်မည့် အခြေ အနေကို ပူပန်ကြမည်မှာ သေချာပါသည်။ ခန့်မှန်းကာလ သီတင်းကျွတ် ပိတ်ရက်အပြီး ကျောင်းပြန်တက်ကြတော့မည့် ကျောင်းသားများ အတွက် ကာကွယ်ဆေးအမြန်ထိုးနှံပေးနိုင်ရန် စီမံချက်များကား စနစ်တကျရေးဆွဲပြီးဖြစ်သည်။ စီမံချက်အတိုင်းလည်း ဆောင်ရွက် နေပြီဖြစ်ပါသည်။
အားလုံးပါဝင်နိုင်ရေးမူနှင့်အတူ ထိုးနှံမည့်စီမံချက်
စီမံချက်၌ ၂၀၂၁ ခုနှစ် ဇွန်လတွင် ကျောင်းအပ်နှံထားပြီး ကျောင်းတက်မည့် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်အောက် ကျောင်းသား၊ ကျောင်းသူအားလုံး အကျုံးဝင်သည်။ ထိုးမည့်ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးဖြစ်သည်။ အောက်တို ဘာလ ၁၂ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးတွင် လေးပတ်ခြား၍ နှစ်ကြိမ် ထိုးနှံသွားရန် စီမံထားသည်။ ယခုစာရေးသည့်အချိန်တွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိနှင့် ပျဉ်းမနားမြို့နယ်တို့ တွင် ကနဦးရှေ့ပြေးစမ်းသပ်ထိုးနှံပေးနေပြီဖြစ်သည်။
ဆေးထိုးရန် စုရပ်များလည်း စီစဉ်ပြီးဖြစ်သလို စုရပ်များသို့ ကျောင်းသားများကို ကျောင်းကားများဖြင့် စုစည်းခေါ်ဆောင်ပေး မည်ဟု သိရှိရသကဲ့သို့ ဘုန်းတော်ကြီးပညာသင်ကျောင်းများနှင့် IDP စခန်းများရှိ ကျောင်းများပါမကျန် ထိုးနှံပေးသွားမည်ဟုသိရ သည်။ အကောင်အထည်ဖော်ရာတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် အစိုးရအဖွဲ့အစည်းများ၊ ဆရာဝန်များ၊ လူကယ်/ ပြန် ဌာနဆိုင်ရာများပါ ပါဝင်သည်။ စုရပ်တစ်ခုချင်းအလိုက် ထိုးနှံမည့်အရေအတွက်ပေါ် မူတည်၍ ဆရာ ဆရာမ အရေအတွက်နှင့် နည်းပညာပိုင်းဖြင့် စာရင်း ရေးသွင်းမှုကို စနစ်တကျ စီစဉ်ထားရှိသည်ဟု သိရှိရပါသည်။
ဘေးထွက်ဆိုးကျိုးနည်းပြီး အန္တရာယ်ကင်းသည့်အားသာချက်များ
Sinovac ဟုခေါ်သည့် ကာကွယ်ဆေးကို လေ့လာကြည့်ရာ ဘေကျင်းအခြေစိုက် Sinovac ဆေးဝါးကုမ္ပဏီထုတ်ဖြစ်ပြီး တရုတ် နိုင်ငံတွင်လည်း အသက်သုံးနှစ်မှ ၁၈ နှစ်အထိ ထိုးနှံပေးရန် အရေးပေါ် အသုံးပြုခွင့်ရရှိရန် WHO က ခွင့်ပြုပေးပြီးသားဖြစ်သည်။ သေဆုံး ပြီးသား ကိုရိုနာဗိုင်းရပ်စ် အပိုင်းအစအမှုန်အမွှားများဖြစ်၍ ကာကွယ် ဆေးထိုးပြီးက လူ့ခန္ဓာထဲတွင် ကိုယ်ခံအားကို ထုတ်လုပ်ပြီး ရရှိလာ သည့် ကိုယ်ခံအားစနစ်ကြောင့် မိမိထံဝင်လာသည့် ဗိုင်းရပ်စ်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိအောင် ထုတ်လုပ်ထားသည့် စနစ်ဖြစ်၍ စိတ်ချရပါသည်။ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး အန္တရာယ်ကင်းသည် ဟုဆိုပါသည်။
Sinovac သည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် သိုလှောင်ထိန်း သိမ်းရမည့် နိမ့်သော အပူချိန်တွင် အအေးဓာတ်လိုအပ်ချက်နည်းပါး သည့်အတွက် အခြားသော Astrazeneca ကာကွယ်ဆေးနည်းတူ အသုံး၀င်သည်။ စမ်းသပ်ခဲ့သည့် ရလဒ်များအရ အစွမ်းထက်သည့် ကာကွယ်ဆေးတစ်မျိုးဟုလည်း ဆိုပါသည်။ အင်ဒိုနီးရှား၊ တူရကီ၊ ချီလီ၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် အာဖရိကနိုင်ငံများတွင် ထိုးနှံ ပေးနေပြီဖြစ်သည်။ စမ်းသပ်ချက်များအရ အနည်းငယ်မောပန်း နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခေါင်းမူးခြင်း ရှိနိုင်ပြီး အခြားသောကာကွယ် ဆေးများနည်းတူ ဆေးထိုးသည့်နေရာတွင် အနည်းငယ် နာကျင်မှု၊ အရေပြားယားယံ၍ အင်ပြင်ထွက်ခြင်းစသည့် ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါသည်။
ဘရာဇီးနိုင်ငံမှ စမ်းသပ်ချက်အရ ပြင်းထန်သည့် ဆိုးကျိုးများ မတွေ့ရှိရဘဲ အပြုသဘောဆောင်သည့်ရလဒ်များသာ တွေ့ရှိရသည်ဟု ဆိုသည်။ ပြင်းထန်သော ကိုဗစ် ရောဂါဖြစ်မှုနှင့် ဆေးရုံတက်ရောက် ရမှုကို ၁၀၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်ဟု သိရှိရပါသည်။ WHO က အသိအမှတ်ပြုထားသည့် မည်သည့်ကာကွယ်ဆေးမျှ ရာနှုန်းပြည့် ကာကွယ်ပေးနိုင်သည်တော့မဟုတ်ပါ။ သို့သော် ဘာဆေး ပဲရရ ရောဂါ အပြင်းအထန်ခံစားရမှု၊ ဆေးရုံတက်ရောက်ကုသခံရမှု၊ အသက်သေဆုံးမှုကိုတော့ အထိုက်အလျောက် ကာကွယ်နိုင်သည်သာ ဖြစ်သည်။
စိုးရိမ်ပူပန်မှုကိုလျော့ပါးစေချင်
ကာကွယ်ဆေး၏ အချက်အလက်အချို့က မိဘများ၏ စိုးရိမ်မှုကို အထိုက်အလျောက် ဖြေလျှော့ပေးနိုင်မည်ထင်ပါသည်။ မထိုးမနေရ တော့မဟုတ်၊ မိမိ၏ရွေးချယ်ခွင့်၊ ကျောင်းအုပ်နှင့် မိဘ လက်ဆင့် ကမ်း သဘောတူညီချက် လက်မှတ်ဖြင့်သာ ထိုးနှံရန် ဖြစ်ပါသည်ဟု ဆိုထားသည်။ သို့သော် ကိုဗစ်ကြားက ကျောင်းသား/ ကျောင်းသူ များ၏ ပညာရေးအစီအစဉ်သည် ရေတိုမဟုတ်၊ ရေရှည် အစီအစဉ်ဖြစ်၍ မိမိရင်သွေး၏ ကျန်းမာရေးအတွက် အားသာချက်ဖြစ်နိုင်မည့်အချက်များကိုမူ မိဘများအနေဖြင့် လျစ်လျူမရှုမိစေရန် အကြံပြုလိုပါသည်။ ကျောင်းသား/ကျောင်းသူများအားလုံး ကာကွယ် ဆေးထိုးနှံနိုင်မှသာ ကျောင်းတက်နေသည့် အတန်းဖော် ကျောင်းသား/ကျောင်းသူအားလုံးလည်း ဘေးကင်းလုံခြုံစိတ်ချရမည်ဖြစ်သည်။
အချက်အလက်များအရလည်း ဆရာ/ဆရာမ အားလုံး၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်သည် ကာကွယ်ဆေးများ ထိုးနှံထားပြီးဖြစ်သည်ဟု သိရှိရသည်။ သို့မှသာ အားလုံးလွှမ်းခြုံသော ဘေးကင်းလုံခြုံသည့် ပညာသင်ယူခွင့် အခွင့်အလမ်းဟူသည့် ရည်ရွယ်ချက်တစ်ခု ပြည့် မြောက်နိုင်မည်ဖြစ်သည်။ အသက် ၁၂ နှစ်အထက် ကျောင်းသားလူငယ် များသည် ကာကွယ်ဆေးထိုးနှံရေးစီမံချက်အရ ဦးတည်အုပ်စု ၂၄ ခုတွင် ပါဝင်ပြီးဖြစ်ရာ ထိုးနှံပြီးစီးမှု ရည်မှန်းကာကွယ်ဆေး အကြိမ်ရေရာခိုင်နှုန်းနှင့် အကြိမ်ပြည့် ထိုးနှံပြီးသူ ရာခိုင်နှုန်း လွှမ်းခြုံမှုသည် အပြည့်အဝရောက်ရှိနေမည့် အနေအထားတစ်ခုသို့ ပိုမိုနီးစပ်သွားမည်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
တစ်ဦးချင်းစီ၏ပါဝင်မှုနှင့်အတူ အပြန်အလှန်
ကူညီစောင့်ရှောက်ရာရောက်
ကိုဗစ်- ၁၉ အထူးသဖြင့် ဒယ်လ်တာမျိုးကွဲကို ကာကွယ်၊ထိန်းချုပ် နိုင်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ဆေးထိုးနှံပေးနိုင်ခြင်း သည်သာ အထိရောက်ဆုံးဖြစ်ပြီး အလွန်အရေးပါသော လက်နက် တစ်ခုဖြစ်သည် ဆိုသောအချက်သည် ယခုအချိန်အထိ အားလုံးနီးပါးက လက်ခံထားသော အချက်ဖြစ်သည်။
ကျောင်းသားလူငယ်များအနေ ဖြင့်လည်း မိမိတို့ကိုယ်တိုင် ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် မိမိ၏ မိဘ အတူနေ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးများကို ကိုဗစ်ရောဂါဘေးမှ ကာကွယ်စောင့်ရှောက်ပေးပြီးသား ဖြစ်သွားသည်။
ထိုမှတစ်ဆင့် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ရောဂါကူးစက်ပြန့် ပွားမှု၊ ဖြစ်ပွားမှုနှင့် သေဆုံးမှုကိုလည်း လျော့ကျသွားစေမည်ဖြစ်သည်။ ကိုဗစ်ကပ်ကြီးကို ကာကွယ်ဟန့်တားရာတွင် မိမိတစ်ဦးချင်းစီ၏ ပါဝင်မှုသည် မည်မျှအရေးပါသည်ကို တွေ့ရပါလိမ့်မည်ဟု ညွှန်ပြ ချင်ပါသည်။ ထို့ကြောင့်လည်း မိဘများအနေဖြင့် မိမိတို့၏ ကျောင်းနေ အရွယ် ရင်သွေးငယ်များကို အပြည့်အဝ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး အာရုံစိုက်ကြရန်နှင့် ပူးပေါင်းပါဝင်ရေး အလွန်အရေးကြီးသည်ဟု ဆိုချင်ပါသည်။
ကလေးများတွင်လည်း လူကြီးများကဲ့သို့ပင် ကူးစက်နိုင်သည်သာ...
အချက်အလက်များအရတော့ လူကြီးများနှင့် နှိုင်းယှဉ်လျှင် ကလေး များတွင် ကိုဗစ်ကူးစက်ပြန့်ပွားမှု နည်းပါးသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ကိုဗစ်သည် ကလေးသူငယ်များ အပါအ၀င် အသက်အရွယ် မရွေး ကူးစက်နိုင်သည်သာဖြစ်သည်။ ကူးစက်မှုပမာဏ များလာသည် နှင့်အမျှ ကလေးများထံ ကူးစက်မှုနှုန်းလည်း လိုက်ပါမြင့်တက်လာ မည်ပင်ဖြစ်သည်။ အသက်အရွယ်ကြီးသူများနှင့် အဓိကအန္တရာယ်ရှိ ထိခိုက်လွယ်သောသူများကိုသာ ပိုးစစ်ဆေးနိုင်ပြီး အတိုင်းအတာတစ်ခု အထိ ကျယ်ပြန့်သော ပိုးစစ်ဆေးမှုမပြုလုပ်နိုင်ခြင်းကြောင့် ကလေး ငယ်များတွင် ကူးစက်နေမှုအခြေအနေကို အသေးစိတ်မသိနိုင်ခြင်း သည်လည်း အကြောင်းရင်းတစ်ရပ်ဖြစ်သည်။
ကလေးငယ်များတွင် ကိုဗစ်လက္ခဏာမပြသခြင်း၊ လက္ခဏာပြသ လျှင်လည်း ပြင်းထန်ဆိုးရွားမှုမရှိခြင်း၊ ထို့ကြောင့်လည်း ဆေးရုံ တက်ရောက်ကုသခံရမှုနည်းပါးခြင်း စသည့်အခြေအနေများကြောင့် လူကြီးများနှင့်နှိုင်းယှဉ်လျှင် ကူးစက်ပြန့်ပွားမှု နည်းပါးနေသည်ဟု ဆိုနိုင်ပါသလား။ အချက်အလက်များအရတော့ လူကြီးတွေထံတွင်တွေ့ရှိရသောအချက်များအတိုင်း ကလေးများ၏ နှာခေါင်းနှင့် အာခေါင်တွင်လည်း ကူးစက်နိုင်ခြေရှိသော ကိုဗစ်ဗိုင်းရပ်စ်ပိုးပမာဏ တွေ့ရှိနေရခြင်းပင်ဖြစ်သည်။ ပိုးရှိနေသော ကလေးမှတစ်ဆင့်လည်း အခြားသူများထံ ကူးစက်နိုင်ခြေရှိနေသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
အမေရိကန် CDC မှရရှိသောအချက်အလက်များအရလည်း ကိုဗစ် ကြောင့် ဆေးရုံတက်ရသော ကလေးသုံးယောက်တွင် တစ်ယောက်နှုန်း ICU အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ကုသရမှုနှုန်းသည် လူကြီးများတွင် တွေ့ရှိကုသရသည့် နှုန်းထားအတိုင်းပင်ဖြစ်သည်ဟု ဆိုထားရာ ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံ ပေးခြင်းသည် လူကြီးများကဲ့သို့ပင် အထူးလိုအပ်သည်ဆိုသည်ကို ပြသနေခြင်းပင် ဖြစ်ပါသည်။
ထို့အပြင် ကလေးများတွင် လူကြီးများကဲ့သို့ပင် အလွယ်တကူပိုး ကူးစက်ခံရနိုင်ခြင်း၊ ရောဂါပြင်းထန်နိုင်ခြင်း ရှိ မရှိ စသည့် အချက် များအပေါ်တွင် လွှမ်းမိုးသောအကြောင်းအချက်များလည်း ရှိနေ ပါသေးသည်။ မျိုးရိုးလိုက်ရောဂါများ၊ အာရုံကြောရောဂါများ၊ ဇီဝ ဖြစ်ပျက်မှုဖြစ်စဉ်၊မွေးရာပါနှလုံးရောဂါ၊ အဝလွန်မှု၊ ဆီးချို၊ ပန်းနာရင်ကျပ်၊ Sickle cell ရောဂါဟုခေါ်သည့် တံစဉ်ပုံသွေးနီဥ ကလာပ်စည်းဆိုင်ရာ သွေးအားနည်းရောဂါများနှင့် ကိုယ်ခံအားကျဆင်းနေသော ကလေး များသည် အခြားသောကလေးများထက် ကိုဗစ်ပိုးကူးစက်လွယ်ပြီး ပိုပြီးပြင်းထန်သည့် အခြေအနေမျိုး ရှိနိုင်သောကြောင့် ကာကွယ်ဆေးကို ထိုးသင့်ပါကြောင်း အကြံပြုလိုပါသည်။
နိုင်ငံအချို့၏ ပညာရေးခရီးနှင့် ကာကွယ်ဆေးထိုးအစီအမံ
ထို့ပြင် စာသင်ခန်းတွင်းရှိ ကျောင်းသားများအနေဖြင့်လည်း ခပ်ခွာခွာနေရန် စည်းကမ်းကအစ စည်းကမ်းများ သတ်မှတ်ထားသည် ဆိုဦးတော့။ အချိန်ကြာ သင်ကြားသင်ယူရသည့် အခြေအနေမျိုးတွင် ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန် ခက်ခဲနိုင်ပါသည်။ ခြောက်ပေအတွင်းမှာ ၁၅ မိနစ်ခန့်ကြာအောင် စကားမပြောမိရန် ထိန်းသိမ်းရသည်မှာ ကလေးများ၏ သဘောသဘာဝအရ မလွယ်ကူ ဘဲ တစ်ချိန်မဟုတ်တစ်ချိန် ထိတွေ့နိုင်ပါသည်။ အထက်ပါအချက် များသည် မိဘများအနေဖြင့်ရော၊ ကလေးများပါ စိုးရိမ်မှုပိုကြီးမားရန် တင်ပြနေခြင်းမဟုတ်ပါ။ ကလေးများအတွက် ကာကွယ်ဆေးကို ပို၍ အာရုံစိုက်မိစေရန် စေတနာဖြင့်အကြံပြုလိုရင်းသာဖြစ်ပါသည်။
ကိုဗစ်အန္တရာယ်လျော့ပါးသည်နှင့် ကျောင်းများ ပြန်ဖွင့်ပြီး ပညာရေးခရီးနှင်ကြသည်မှာ မိမိတို့တစ်နိုင်ငံတည်းမဟုတ်။ နိုင်ငံ အချို့တွင် ကျောင်းတက်မည့် အထူးသဖြင့် အသက် ၁၂ နှစ်မှ ၁၇ နှစ်အကြား ကလေးများအတွက် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး စီမံစိုင်းပြင်းနေကြသည်ကို တွေ့ရပါသည်။
အိမ်နီးချင်း အရှေ့ တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကျောင်းသားများအား ကာကွယ်ဆေးထိုးနှံ ပေးသည့်သတင်းများ အဆက်မပြတ် ကြားသိနေရသည်။
ထိုနိုင်ငံများ၌ စင်ကာပူနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများတွင် ကိုဗစ်ဖြစ်ပွားမှု အများဆုံးဖြစ်သည်ကိုလည်း တွေ့ရှိရသည်။ မြန်မာ နိုင်ငံအနေဖြင့်တော့ အဆင့် ၆ တွင် ရပ်တည်နေပါသည်။
အသက် ၁၂ နှစ်အထက် ကျောင်းတက်မည့် ကျောင်းသားလူငယ် များအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခြင်းသည် ကျန်းမာရေးကဏ္ဍ အတွက်ရော ပညာရေးကဏ္ဍအတွက်ပါ အောင်မြင်မှုတစ်ခုဖြစ်ပါ သည်။ ကိုဗစ်တတိယလှိုင်းကြောင့် ပညာရေးခရီး ခဏတာ ရပ်နားရ သည့်အခါ မိဘများရော၊ ကျောင်းသား၊ ဆရာများပါ စိတ်ခံစားမှုများ ဖြစ်ရသည်။ မိဘများက ကျောင်းပြန်ဖွင့်ဖို့မျှော်ကြသည်၊ ကလေးများ က ကျောင်းပြန်တက်ပြီး စာသင်ချင်ကြသည်။ သူငယ်ချင်းများနှင့် ပြန်တွေ့ချင်ကြမည်။ မိဘ၊ ကျောင်းသား၊ ဆရာများ၏ စိတ်ချမ်းသာမှု ခံစားချက်က တစ်ထပ်တည်းဖြစ်သည်။ စိမ်းလန်းစိုပြည်မှုတို့နှင့် ကျောင်းပရိဝုဏ်အတွင်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ဖြင့် သင်ကြားသင်ယူနေကြသော ကျောင်းသား/ ကျောင်းသူလေးများနှင့် ဆရာ/ ဆရာမများ၏ ပုံရိပ်များကိုကြည်နူးဖွယ်ရာ မကြာမီ တွေ့မြင် ကြရပေတော့မည်...။
ကလေးများ၏ အနာဂတ်ဟာ စာသင်ခန်းများပင် မဟုတ်ပါလား...။
- Log in to post comments