ပန်းကလေးများ ကိုဗစ်ဆေးထိုးကြမည်

Type

 

ပေါက်ပေါက်
 

ကိုဗစ်- ၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဖြစ်ပွားခဲ့ပြီး မိမိတို့နိုင်ငံကိုပါ  ကူးစက်မှု များပြားလာသည့်အတွက် မြန်မာနိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသော  အခြေခံပညာကျောင်းများ  (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်   ပညာရေးကျောင်းများအပါအဝင်)ကို ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ ယာယီပိတ်ထားခဲ့ရသည်။  ယခုအခါ ရောဂါပိုးကူးစက်ပြန့်ပွားနှုန်းသည် ယခင်ကလောက် မပြင်းထန်တော့ဘဲ နေ့စဉ်ကူးစက်မှုနှုန်း ရှစ်ရာခိုင်နှုန်းနှင့် ခုနစ်ရာခိုင်နှုန်းကြား ကျဆင်းလာသည့်အတွက် ကျောင်းသား ကျောင်းသူများ စာသင်နှစ်တစ်နှစ် မဆုံးရှုံးစေရန်နှင့် နစ်နာမှုမရှိစေရေး အမြန်ဆုံး ကျောင်းပြန်လည်တက်ရောက်နိုင်ရန် အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည်ကာလအလွန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်  ပြင်ဆင် လျက်ရှိသည်။  လူငယ်လူရွယ်များ  အနာဂတ်မပျောက်အောင်     ကျောင်းများပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေးသည် အရေးကြီးသဖြင့် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနှုန်း  ကျဆင်းမှုအပေါ်မူတည်၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် စက်တင်ဘာလတတိယပတ်မှစ၍ နိုင်ငံတော်က ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ 


ပန်းကလေးများ ကိုဗစ်ဆေးထိုးကြမည်


“ပန်းကလေးများပွင့်တော့မည်  ဖူးတံဝင့်လို့ချီ နေခြည်မှာရွှေရည်လောင်း  ငါတို့စာသင်ကျောင်း” ဆိုသည့်အတိုင်း      အခြေခံပညာကျောင်းများ မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကလေး များအား ကျန်းကျန်းမာမာဖြင့် စာပေသင်ကြားနိုင် ရန်ရည်ရွယ်၍    ကိုဗစ်ကာကွယ်ဆေး    ထိုးနှံမည့် အစီအစဉ်ကို   ဦးစားပေး   ထည့်သွင်းထားပါသည်။ ပညာရေးဝန်ကြီးဌာန      အခြေခံပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား         ကျောင်းသူများအား   ကိုဗစ် - ၁၉ ကူးစက်မြန် ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက နေပြည်တော် ရှိ  ဘုရင့်နောင်ရိပ်သာ  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 


ပန်းကလေးများ   ကိုဗစ်ဆေးထိုးနှံမည့်    အစီ အစဉ်အတွက် (က) နိုင်ငံသားစိစစ်ရေးကတ်  မရရှိ သေးသည့်   ကျောင်းသား    ကျောင်းသူများအား စာရင်းရေးသွင်းရာတွင် အခက်အခဲနှင့် မှားယွင်းမှု မရှိစေရေး သက်ဆိုင်ရာဌာနများအလိုက် ပေါင်းစပ် ဆောင်ရွက်သွားရန်၊ (ခ)  ဆေးထိုးနှံပေးရာတွင် လိုက်နာရမည့်အချက်များအား မိဘများပါ သိရှိ စေရန်အတွက် ကြိုတင်လှုံ့ဆော်ခြင်းနှင့် ဆေးထိုး သည့်နေရာများတွင် အသိပေးချက်များ ဖော်ပြခြင်း တို့ကို    လုပ်ဆောင်ရန်၊    (ဂ)ကာကွယ်ဆေးထိုး လုပ်ငန်းများ    ဆောင်ရွက်နေသည့်ကာလအတွင်း လုံခြုံရေးနှင့်ပတ်သက်၍     တပ်မတော်၊   မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ ပေါင်းစပ်ပြီး စနစ်တကျ ဖွဲ့စည်း တည်ဆောက်ရန်၊ (ဃ) ကာကွယ်ဆေးထိုးစင်တာ များကို မြို့နယ်များအလိုက် ခွဲခြား၍ ကျောင်းသား ကျောင်းသူများနှင့်   မိဘများ    အလွယ်တကူ လာရောက်နိုင်သည့် ဆုံချက်ဗဟိုနေရာများတွင် ရွေးချယ်ဆောင်ရွက်သွားရန်၊ (င) ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ကျောင်းသား ကျောင်းသူ များ၏     ရှိရင်းအင်အား၊      ကျောင်းအပ်နှံသည့် အင်အား၊ ကျောင်းတက်ရောက်ခဲ့သည့် စာရင်း ဇယားအပါအဝင် ဆေးထိုးနှံပြီးစီးမှု၊ ကာကွယ်ဆေး လက်ကျန်နှင့် ဆက်လက်ထိုးနှံမှုအစီအစဉ် စသည် တို့ကို ကြည့်ရှုသုံးသပ်၍ ဆေးအလေအလွင့် မရှိစေရန် စီမံ၍ ကာကွယ်ဆေးထိုးနှံခြင်းကို ပြီးစီးအောင် မြင်အောင် ဝိုင်းဝန်းဆောင်ရွက်သွားရန် ဆွေးနွေးကြ ကြောင်း သိရသည်။


ကလေးနှင့် ကိုဗစ်အန္တရာယ်


အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဗဟိုဌာန (CDC)၏ ထုတ်ပြန်ချက်အရ ကလေး နှင့် ဆယ်ကျော်သက်များတွင်လည်း   ကိုဗစ်ရောဂါ ကူးစက်နိုင်ကြောင်း၊ ကလေးများတွင် Biological Factor (ခေါ်)သဘာဝဇီဝဖြစ်စဉ် ကိုယ်ခံအားစနစ်က ကောင်းစွာဖွံ့ဖြိုးပြီး ရောဂါပိုးကို တိုက်ထုတ်နိုင်စွမ်း ရှိသဖြင့်  ကလေးများသည်   လူကြီးများလောက် ရောဂါလက္ခဏာ  ပြင်းထန်စွာမခံစားရနိုင်ကြောင်း၊ သို့သော် ကလေးများတွင် ရောဂါဖြစ်ပွားပြီးနောက် နောက်ဆက်တွဲရောဂါဝေဒနာများ ခံစားရတတ်ပြီး အထူးသဖြင့် ခန္ဓာကိုယ်ရှိအင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသောလက္ခဏာတွေ့ရကာ   တချို့ကလေး များတွင် ရောဂါပြင်းထန်မှုများ ခံစားရနိုင်ကြောင်း၊ အဝလွန်သောကလေး၊ ဆီးချိုရှိသူ၊ ပန်းနာရင်ကျပ်ရှိ သူ၊ အဆုတ်မကောင်းသူ၊  သွေးထဲတွင်  သွေးနီဥ ပုံပျက် နေသောရောဂါရှိသူ၊ ကိုယ်ခံအားကျဆင်းသူ စသည့်  ကလေးများတွင်   ကိုဗစ်ရောဂါဖြစ်ပါက သာမန်ကလေးများထက်    အန္တရာယ်ပိုရှိကြောင်း သိရသည်။


မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာလ တတိယပတ်ခန့်အထိ ထုတ်ပြန်မှု စာရင်းအရ တစ်နိုင်ငံလုံး ကိုဗစ်- ၁၉ ရောဂါဖြစ်ပွား မှု၏ ခုနစ်ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ကြောင်း၊ သေဆုံးမှုအနေဖြင့်  အသက် ၁၅ နှစ်အောက် သေဆုံးမှုသည် တတိယလှိုင်းအစမှ စက်တင်ဘာလ ၆ ရက်နေ့အထိ  ၂၁ ဦးရှိကြောင်း သိရသည်။   အမေရိကန်  ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန   (CDC)၏   ပြောပြချက်အရ လက်ရှိအချိန်အထိ  စာရင်းဇယားအချက်အလက် များအရ အသက် ၁၈ နှစ်အောက်ကလေးများ ရောဂါ ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးရောဂါဖြစ်ပွားမှု၏ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် ဖော်ပြပါအခြေအနေများကို ခြုံငုံသုံးသပ် ကြည့်ပါက  ကလေးများက  လူကြီးများလောက် ကိုဗစ်အန္တရာယ် ဆိုးဆိုးရွားရွား မဖြစ်နိုင်သော်လည်း မပေါ့ဆသင့်ဘဲ  ကိုယ်ခံအားကောင်းမွန်စေရန် အရေးကြီးပြီး ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းက ကိုဗစ်ရောဂါကို ရှောင်လွှဲနိုင်သော အဓိကအကြောင်း ရင်း ဖြစ်ပေသည်။


နိုင်ငံတကာကလေးများ ကာကွယ်ဆေးထိုးနှံပေးနေမှုများ


ကိုဗစ်- ၁၉ ကပ်ရောဂါ တတိယလှိုင်း “ဒယ်လ် တာပိုး” ကူးစက်ပြန့်ပွားမှုတွင် နိုင်ငံတချို့ရှိ ကလေး သူငယ်အချို့၌ ကူးစက်မှုများဖြစ်ပေါ်ခဲ့ပြီး တရုတ် နိုင်ငံထုတ် Sinovac ကာကွယ်ဆေးကို ထိုးနှံထား ခြင်းဖြင့် ကလေးသူငယ်များ   ဘေးထွက်ဆိုးကျိုး နည်းပါးစွာဖြင့် ကာကွယ်နိုင်ကြောင်း သိရသည်။ အကယ်၍ ရောဂါကူးစက်ခံရပါက  ရောဂါပြင်းထန် စွာခံစားရမှုကို ထိထိရောက်ရောက် လျှော့ချနိုင်သည့် အကျိုးကျေးဇူးများစွာရှိကြောင်း သိရသည်။  ယခု အခါ အဆိုပါ ကာကွယ်ဆေးကို  ကလေးနှင့်လူငယ် များအား ထိုးနှံပေးလျက်ရှိရာ    တရုတ်နိုင်ငံ၌ အသက်သုံးနှစ်မှ ၁၇ နှစ်ကြား ၆၃ သန်းကိုလည်း ကောင်း၊ ချီလီနိုင်ငံ၌ အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားရှိ ကလေးသူငယ်   ၁၁ သိန်းကျော်ကိုလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌   အသက်ခြောက်နှစ်မှ ၁၇ နှစ်ကြားရှိ ကလေးသူငယ် သုံးသိန်းငါးသောင်းကျော် ကိုလည်းကောင်း ကာကွယ်ဆေး     စိတ်ချလက်ချ ထိုးနှံပေးပြီးဖြစ်ကြောင်း    လေ့လာသိရှိရသည်။   ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားနှုန်း သိသာစွာ ကျဆင်းလာမည့်       မကြာမီကာလတွင်      ကလေး လူငယ်များအား ကာကွယ်ဆေးထိုးနှံပေးပြီး     ပညာဆက်လက်သင်ကြားနိုင်စေရန်     ဆောင်ရွက် ခြင်း ဖြစ်ပေသည်။


မြန်မာပြည်တွင်း ဆေးထိုးနှံခြင်း အစီအစဉ်များ


ယခုအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ အဆက်မပြတ်ရောက်ရှိနေပြီး ဦးစားပေးအုပ်စု အလိုက် ဆေးထိုးနှံခြင်းလုပ်ငန်းများ  ဆောင်ရွက် လျက်ရှိကာ ကာကွယ်ဆေးထိုးနှံထားခြင်းသည် ရောဂါကူးစက်မှုကို လျှော့ချနိုင်ပြီး စိတ်ချရသော အခြေအနေရှိသောကြောင့် ကာကွယ်ဆေးထိုးနှံခြင်း ကို အသိတရားဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်နေ ကြပြီဖြစ်သည်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က စက်တင်ဘာလကုန်အထိ လူဦးရေ၏ ၁၀ ရာခိုင် နှုန်းကို ကာကွယ်မှုပေးနိုင်ရန် ညွှန်ကြားထားပြီး မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၁ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၈ ဒသမ ၂၆၄ သန်း ကျော်ရှိပြီး ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးနှံပြီးသူ ၃ ဒသမ ၈၆၃ သန်း၊ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၄ သန်းရှိကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ကာကွယ်ဆေး စုစုပေါင်း ၁၈ သန်းရှိပြီး တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့က လှူဒါန်းထားသော ကာကွယ်ဆေး စုစုပေါင်း     ငါးသန်းကျော်   ရရှိထားကြောင်းနှင့် Sinovac ကာကွယ်ဆေး   ခုနစ်သိန်းကျော်ရှိကြောင်း သိရသည်။   မြန်မာနိုင်ငံတွင်    ၂၀၂၁ ခုနှစ် အကုန် ဒီဇင်ဘာလတွင် အသက် ၁၈ နှစ် အထက် လူဦးရေ ၏    ၅၀    ရာခိုင်နှုန်းကို   ကာကွယ်ဆေးထိုးနှံပြီး ဖြစ်အောင် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။


အောက်တိုဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ တို့တွင် တရုတ်နိုင်ငံမှ လှူဒါန်းသည့်ကာကွယ်ဆေး နှစ်သန်း ထပ်မံရောက်ရှိလာမည်ဖြစ်ရာ ၎င်းဆေး အား ကျောင်းသား ကျောင်းသူများကို ထိုးနှံပေး နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံများအလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု နှင့် သေဆုံးမှုစာရင်းများတွင် မြန်မာနိုင်ငံသည် အဆင့် ၆၂ တွင်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများ တွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးမှုစာရင်းများ၌ မြန်မာ နိုင်ငံကအဆင့် ၅ နေရာတွင်ရှိနေသည်။ “ဒယ်လ် တာ” အပါအဝင်  ဗီဇမျိုးကွဲသစ်များ  အန္တရာယ် ကြောင့် တချို့နိုင်ငံများတွင် စတုတ္ထလှိုင်းကို ရင်ဆိုင် နေကြရသည်။ ထို့ကြောင့် ကာကွယ်ဆေးကြိုတင် ထိုးနှံထားခြင်းက အကောင်းဆုံးကာကွယ်မှုဖြစ်စေ ပါမည်။  


အိမ်တွင်း ကြိုတင်ပြင်ဆင်မှု


ဈေးကွက်ထဲရှိ နှာခေါင်းစည်းတချို့က အလယ် တန်းကလေးများ၏ မျက်နှာတွင် အံဝင်ခွင်ကျ (ကွက်တိ) မဖြစ်ဘဲ လစ်လပ်မှုများ ရှိနေတတ်ရာ အပြည့်အဝ   ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတစ်ထပ်၊ ၎င်းအပေါ်တွင်  ချည်သားအဝတ်နှာခေါင်းစည်းတစ်ထပ်  စုစုပေါင်း နှာခေါင်းစည်းနှစ်ထပ်တပ်သော   အလေ့အကျင့်ကို  အိမ်တွင်        ကြိုတင်လေ့ကျင့်ပေးထားနိုင်ပါက မကြာမီ    ကျောင်းပြန်ဖွင့်သည့်အခါ    အဆင်ပြေ နိုင်မည်ဖြစ်ပါသည်။ ထို့ပြင်  ကျောင်းဖွင့်ချိန်အမီ ကိုယ်ခံအားကောင်းစေရေးအတွက်   ကလေးများ အား အိပ်ရေးဝဝအိပ်စက်ခိုင်းရန်၊ ဂိမ်းအလွန်အကျွံ မကစားစေရန်၊ အာဟာရပြည့်ဝသော အစားအစာ များ   ကျွေးမွေးရန်၊  အရောင်အသွေးစုံလင်သော အသီးအရွက်မျိုးစုံကျွေးရန်၊   ရေများများသောက် ခိုင်းရန်     ပြည်သူများကို     အကြံပြုလိုပါသည်။ ကိုယ်လက်လှုပ်ရှားမှုအနေဖြင့်    အသက်    ငါးနှစ်မှ ၁၇  နှစ်အရွယ်များအား   တစ်ရက်လျှင်   မိနစ် ၆၀ ကိုယ်လက်လှုပ်ရှားမှုပြုရန်လိုအပ်နေပြီး  အသက် ၁၈ နှစ်အထက်အား   တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုကြစေလိုပါသည်။


အချုပ်အားဖြင့်ဆိုသော် ကာကွယ်ဆေး စနစ် တကျထိုးနှံပြီးစီးမှသာလျှင် ရောဂါကူးစက်ပြန့်ပွား မှုများ ကွင်းဆက်ပြတ် ထိန်းချုပ်တားဆီးနိုင်မည် ဖြစ်ရာ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ဆရာ ဆရာမများ အပြန်အလှန် ယုံကြည်စိတ်ချစွာ ဖြင့် ပညာသင်ကြားနိုင်မည် ဖြစ်ပေသည်။ သို့ပါ၍ မြန်မာနိုင်ငံတွင်    ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာနေပြီး ပြည်သူများ လူမှုစီးပွားဘဝ ပုံမှန်လည်ပတ်နိုင်ရန်    ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်   လူငယ်လူရွယ်များ အနာဂတ် မျှော်လင့်ချက်ရောင်ခြည်   ပေါ်ထွက်လာစေရန် စာသင်ကျောင်းများ  ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက်  ကျောင်းသား  ကျောင်းသူများအားလုံး ကာကွယ်ဆေးထိုးနှံရေးစီမံချက်ကို   ထိရောက် အောင်မြင်စွာ      ဆောင်ရွက်နိုင်ရန်       ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်       ဖြစ်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။      ။