အန်ဒိုရာအသင်းကို ငါးဂိုးပြတ်အနိုင်ရရှိခဲ့သည့် အင်္ဂလန်အသင်း

 

၂၀၂၂ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အန်ဒိုရာအသင်းနှင့် နာမည်ကြီး အင်္ဂလန်အသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်အသင်းက ငါးဂိုး-ဂိုးမရှိဖြင့် အန်ဒိုရာ အသင်းကို အနိုင်ရရှိခဲ့သည်။ အင်္ဂလန်အသင်းအတွက် သွင်းဂိုးများကို   ချီဝဲလ်၊   ဆာကာ၊   အေဗရာဟမ်၊ ဝက်ပရောက်စ်နှင့် ဂရီးလစ်ချ်တို့က သွင်းယူပေးနိုင်ခဲ့သည်။ 


နည်းပြ ဆောက်ဂိတ်၏ အင်္ဂလန်အသင်းသည် အန်ဒိုရာအသင်းကို ကစားကွက်အသာ၊ နည်းဗျူဟာ အသာ၊ ခြေအသာဖြင့် ထိန်းချုပ်ကစားနိုင်ခဲ့သည်။ ယနေ့ပွဲစဉ်တွင် နည်းပြ အယ်ဗာရက်ဇ်၏ အန်ဒိုရာ အသင်းသည် အင်္ဂလန်အသင်းဘက်သို့ ဂိုးကန်သွင်း မှု    တစ်ကြိမ်သာရှိခဲ့သည်အထိ    ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့သည်။

ဖိုဒင်၊ အေဗရာဟမ်၊ ဆာကာ၊ ချီဝဲလ်စသည့် ကစားသမားများ ပုံမှန်ခြေစွမ်းပြသနိုင် သောကြောင့် အင်္ဂလန်အသင်းသည် အန်ဒိုရာအသင်း ထက် ကောင်းမွန်သည့် ကစားဟန်နှင့် အသင်းလိုက် စွမ်းဆောင်ရည်ကို   ပြသနိုင်ခဲ့သည်။    ထို့အပြင် ပွဲထွက်ခွင့်ရရှိလာသော  ဆန်ချိုသည်  ခြေစွမ်းပြသ နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု နှစ်ကြိမ်အထိ ပြုလုပ်ထားနိုင်သည်။


အင်္ဂလန်အသင်းအတွက်   အဖွင့်ဂိုးကို  ပွဲချိန် ၁၇ မိနစ်တွင် ဆန်ချို၏ ဖန်တီးမှုမှတစ်ဆင့် ချီဝဲလ်က သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် အသင်းအတွက် ဒုတိယဂိုးပွဲချိန် မိနစ် ၄၀ တွင်  ဖိုဒင်၏   ဖန်တီးမှုမှ တစ်ဆင့် ဆာကာက သွင်းယူပေးနိုင်ခဲ့သည်။ သွင်းဂိုး နှစ်ဂိုး ခွင့်ပြုပေးလိုက်ရသော်လည်း အန်ဒိုရာအသင်း  ၏   ကစားဟန်ကောင်းမွန်လာခြင်းမရှိဘဲ   သာမန်  ခြေစွမ်းအောက်  ရောက်ရှိနေသည့်အတွက် ပထမ ပိုင်းကို   အင်္ဂလန်အသင်းက      နှစ်ဂိုး - ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။ 


ဒုတိယပိုင်းတွင်လည်း  အင်္ဂလန်အသင်းကသာ  ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၉ မိနစ်တွင် တတိယဂိုး ရရှိခဲ့သည်။   အဆိုပါဂိုးကို   ဆန်ချို၏ ဖန်တီးမှုမှပင် အေဗရာဟမ်က သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန် ၇၉ မိနစ်တွင် အင်္ဂလန်အသင်း ပယ်နယ်တီ ကန်ခွင့်ရရှိခဲ့သည်။ အဆိုပါ ပယ်နယ်တီကို ဝက်စ်ပ ရောက်စ်ကန်သွင်းရာ လွဲချော်ခဲ့သော်လည်း ပြန်လည် အဆုံးသတ်နိုင်ခဲ့သည့်အတွက် အန်ဒိုရာအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။ အသင်း အတွက် ပဉ္စမမြောက်ဂိုးကို   ဂရီးလစ်ချ်က   ပွဲချိန် ၈၆ မိနစ်တွင် သွင်းယူပေးနိုင်ခဲ့သည့်အတွက် အင်္ဂလန် အသင်းက ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်   အင်္ဂလန်အသင်းသည်   ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု (I) တွင် ခုနစ်ပွဲကစား ခြောက်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရမှတ် ၁၉ မှတ်ရရှိထားကာ အုပ်စု ထိပ်ဆုံးတွင် ရပ်တည်နေသည်။ အုပ်စု ဒုတိယနေရာ တွင် အယ်လ်ဘေးနီးယား အသင်းက ရမှတ် ၁၅ မှတ် ဖြင့် ရပ်တည်နေသည်။ 


အခြားသော   နာမည်ကြီးပွဲစဉ်ရလဒ်များတွင် ပိုလန်အသင်းက ဆန်မာရီနိုအသင်းကို ငါးဂိုး-ဂိုးမရှိ၊ ဒိန်းမတ်အသင်းက မော်ဒိုဗာအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။                  

အောင်ဇော်