လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပြည်သူကို စည်းရုံးဆောင်ရွက်

 

ရန်ကုန်တွင် နိုင်ငံ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်။ ထို့အပြင် နိုင်ငံတကာနှင့် ဆက်သွယ်သွားလာနိုင်သည့် လေကြောင်း တံခါးပေါက်၊   နိုင်ငံ၏ အဓိကပင်လယ်ဆိပ်ကမ်းမြို့၊   နိုင်ငံတွင် စက်မှုဇုန်များ    အများဆုံးတည်ရှိနေသည့်မြို့     စသည်ဖြင့် အချက်အချာကျသော စီးပွားရေးမြို့တော်ကြီးလည်းဖြစ်ရာ ရန်ကုန် မြို့တော်တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တို့မှာ လွန်စွာအရေးကြီးသည်။


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှုအပေါ်တွင် အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် နိုင်ငံရေး အပြောင်းအလဲအပေါ်တွင် ဆန္ဒပြမှုများမှစတင်ကာ အစွန်းရောက် သူတို့က အကြမ်းဖက်လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေခဲ့သည်။ အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာသတ်မှတ်ထားသည့် NUG နှင့် CRPH  တို့၏ မြှောက်ပင့်ပေးမှုများ၊ သွေးထိုးလှုံ့ဆော်မှုများနှင့်အတူ တော်လှန်ရေး ဟူ၍ အမည်ခံထားသည့် အကြမ်းဖက်လုပ်ရပ်များ၊  လုပ်ကြံသတ်ဖြတ် မှုများသည် မြန်မာနိုင်ငံ၏ အခြားဒေသများနှင့်အတူ ရန်ကုန်မြို့တွင် လည်း ဖြစ်ပေါ်ခဲ့သည်။ အစိုးရ၏ ဒေါက်တိုင်၊ သူလျှိုဒလန်များအဖြစ် စွပ်စွဲသတ်ဖြတ်ခံခဲ့ရသူများမှာ ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများသာ ဖြစ်ပြီး ပြည်ဖျက်မီဒီယာများက အကြမ်းဖက်အုပ်စုများ၏ လုပ်ကြံ သတ်ဖြတ် ကျူးလွန်မှုများကို မှန်ကန်သယောင် ရေးသားထုတ်လွှင့် ဖုံးဖိပေးကြပြီး     လုံခြုံရေးနှင့်     တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ကြရသည့်     လုံခြုံရေးတပ်ဖွဲ့များနှင့်     စပ်လျဉ်း၍ မမှန်မကန်သတင်းများ၊   သာသာထိုးထိုး   အရေးအသားများဖြင့် အများပြည်သူအထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ခဲ့ကြသည်။ 


ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်ရေးတို့သည် အလေးထားဆောင်ရွက်ရန်  လိုအပ်သည်နှင့်အမျှ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား   အောက်တိုဘာ ၁၀ ရက်နေ့က   တွေ့ဆုံ အမှာစကားပြောကြားရာတွင် “မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေး ဆောင်ရွက်ရန်အတွက် ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်လာ အောင် ပြည်သူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိရန် လိုကြောင်း၊ လုံခြုံရေးအား တိုက်ရိုက်တာဝန်ယူရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ပေါ့ပေါ့ဆဆ ဆောင်ရွက်ခြင်းမရှိအောင် တာဝန်ရှိသူများ က ကြပ်မတ်ဆောင်ရွက်ရန်လိုပြီး သတိဖြင့် တာဝန်ထမ်းဆောင်ရန်  လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည့်အပြင် “ကဏ္ဍစုံတွင် ပြည်သူ များပါသည့်    အုပ်ချုပ်မှုစနစ်ဖြစ်ရန်လိုကြောင်း၊    လုံခြုံရေးနှင့် ပတ်သက်၍ ထိခိုက်အောင်ဆောင်ရွက်သူများကိုလည်း ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုသဖြင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျောသားရင်သား မခွဲခြားဘဲ ဆောင်ရွက်ကြရန်လိုကြောင်း”ဟူ၍လည်း မှာကြားခဲ့သည်။


တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးတို့ အတွက် ပေးအပ်ထားသော တာဝန်များကို ဆောင်ရွက်ကြရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုမှာ အဓိကကျသဖြင့် ပြည်သူကို စည်းရုံးဆောင်ရွက်သွားနိုင်ရန် လိုအပ်သည်။ တစ်ဖက်တွင်လည်း အဖျက်သမား၊ အကြမ်းဖက်သမားတို့က ပြည်သူများအကြားမှာပင် အသွင်ယူနေထိုင်ကာ အဖျက်လုပ်ရပ်နှင့် အကြမ်းဖက်လုပ်ရပ်များကို အလစ်အငိုက်ယူ၍ ကျူးလွန်လုပ်ကိုင်နေကြခြင်းဖြစ်သည့်အတွက် မပေါ့မဆသော သတိတရားဖြင့် တာဝန်ထမ်းဆောင်ကြရမှာလည်း ဖြစ်သည်။ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးထားသည့် သတင်း များ၊ ချဲ့ကားဖန်တီးသွေးထိုးထားမှုများ ရှိနေသည့်အလျောက် ပြည်သူ များအတွင်း  နားလည်မှုလွဲမှားနေသည့်  အစိတ်အပိုင်းများလည်း ရှိနေမည်ဖြစ်ရာ စစ်မှန်သော စေတနာ၊ မှန်ကန်သောလုပ်ရပ်၊ သတိ တရား၊ ဉာဏ်ပညာတို့ဖြင့် ပြည်သူကို စည်းရုံးဆောင်ရွက်သွားနိုင် မည်ဟု ယုံကြည်ပါကြောင်း။       ။