စီရော်နယ်ဒို၏ ဟက်ထရစ်နှင့်အတူ ပေါ်တူဂီအသင်း လူဇင်ဘတ်ကို ငါးဂိုးပြတ်အနိုင်ရ

 

ကမ္ဘာ့ဖလား  ခြေစစ်ပွဲစဉ်အဖြစ်  ပေါ်တူဂီအသင်းနှင့်   လူဇင်ဘတ် အသင်းတို့ပွဲစဉ်ကို အောက်တိုဘာ  ၁၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့ရာ ပေါ်တူဂီအသင်းက လူဇင်ဘတ်အသင်းကို ငါးဂိုးပြတ် အနိုင်ရရှိခဲ့သည်။        ပေါ်တူဂီ အသင်းအတွက်    သွင်းဂိုးများကို   စီရော်နယ်ဒို၊   ဖာနန်ဒက်စ်နှင့် ပေါ်ဟင်ဟာတို့က     သွင်းယူပေးခဲ့သည်။ 


ပေါ်တူဂီအသင်းသည်    ယခု အနိုင်ပွဲကြောင့်        ကမ္ဘာ့ဖလား ခြေစစ်ပွဲ    အုပ်စု     (A)      တွင် ခြောက်ပွဲကစား ငါးပွဲနိုင် တစ်ပွဲသရေဖြင့် ရမှတ် ၁၆  မှတ်ဖြင့်  ဒုတိယ နေရာတွင် ရပ်တည်နေသည်။ အဆိုပါအုပ်စုကို ဆားဘီးယားအသင်းက ခုနစ်ပွဲကစား ငါးပွဲနိုင် နှစ်ပွဲ သရေ  ရမှတ် ၁၇ မှတ်ဖြင့် ဦးဆောင်ထားသည်။ 


အုပ်စု (A) တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည့်  အသင်းအနေဖြင့် ဆားဘီးယားနှင့် ပေါ်တူဂီအသင်းတို့သာ  နီးစပ်လျက်ရှိနေသည်။ ဆားဘီးယားအသင်းက ပေါ်တူဂီအသင်းထက်  တစ်ပွဲပိုကစားထားပြီး တစ်မှတ်သာ ကွာဟနေသည့်အတွက် လက်ကျန် ပွဲစဉ်များက အကြိတ်အနယ်ရှိ လာမည်ဖြစ်သည်။ ပေါ်တူဂီအသင်းသည် ယနေ့ပွဲစဉ်တွင် စီရော်နယ်ဒို ဦးဆောင်ကာ အဓိက ကစားသမားအစုံ အလင်ဖြင့်    ပွဲထွက်လာခဲ့ပြီး   ပြိုင်ဘက် လူဇင်ဘတ်အသင်းကလည်း အဓိက ကစားသမားအများစုဖြင့် ပွဲထွက်လာခဲ့သည်။ ပွဲချိန် ရှစ်မိနစ်နှင့် ၁၃ မိနစ်တွင် ရရှိခဲ့သည့် ပယ်နယ်တီ နှစ်ကြိမ်စလုံးကို စီရော်နယ်ဒိုက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည်။ ထို့အပြင်  ပွဲချိန် ၁၈ မိနစ်တွင် ပေါ်တူဂီအသင်း တတိယဂိုးရရှိခဲ့ပြီး  ဖာနန်ဒက်စ်က သွင်းယူပေးနိုင်ခဲ့ သည့်အတွက်   ပထမပိုင်းကို   ပေါ်တူဂီအသင်းက  သုံးဂိုးပြတ် ဦးဆောင်နိုင်ခဲ့သည်။ 


ဒုတိယပိုင်းတွင်လည်း ပေါ်တူဂီအသင်းကသာ ပြိုင်ဘက်လူဇင်ဘတ် အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး သွင်းဂိုးများရရှိခဲ့သည်။ အသင်း အတွက် စတုတ္ထဂိုးနှင့် ပဉ္စမဂိုးကို ပွဲချိန်  ၆၉ မိနစ်နှင့် ၈၇ မိနစ်တို့တွင် ပေါ်ဟင်ဟာနှင့် စီရော်နယ်ဒိုတို့က သွင်းယူပေးနိုင်ခဲ့သည်။ စီရော်နယ်ဒို သည်  ယနေ့ပွဲစဉ်တွင်  ပေါ်တူဂီအသင်းအတွက်  ဟက်ထရစ်သွင်းယူ နိုင်ခဲ့သောကြောင့်   ကလပ်နှင့်   နိုင်ငံအသင်းအတွက်  ဟက်ထရစ် အကြိမ်ရေ ၅၈ ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်သည်။ 


အခြားသော နာမည်ကြီးပွဲစဉ်များရလဒ်တွင် အင်္ဂလန်နှင့် ဟန်ဂေရီ အသင်းတို့ပွဲစဉ်တွင်  တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပြီး ဒိန်းမတ်က ဩစတြီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဆွစ်ဇာလန်က လစ်သူယေး  နီးယားကို လေးဂိုး-ဂိုးမရှိ၊ ပိုလန်က အယ်ဘေးနီးယားကို တစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။                                          

အောင်ဇော်