ထိပ်ဆုံးမှာ တွေ့ကြမယ်

Type

ရည်မှန်းချက်ပန်းတိုင်များ၏ စရိုက်လက္ခဏာများ

 

အမှတ်စဉ် (၁) ရည်မှန်းချက်ကြီးမားရမည်
ခင်ဗျားအနေဖြင့် ရည်မှန်းချက်များ ချမှတ်သည့်အခါတွင် ခင်ဗျား၏ ကိုယ်တွင်းမှ အရာတစ်ခုခုက သွားကြစို့၊ လုပ်ကြစို့ဟု စတင်နှိုးဆော် လာခဲ့လျှင် ခင်ဗျားတွင်ဖုံးကွယ်နေသည့် စွမ်းရည်များသည်လည်း မြင့်တက်လာပေမည်။ နောက်အခန်းများ၌ အောင်မြင်မှုရရှိခဲ့သည့် လူတန်းစားအလွှာအသီးသီးမှ ပုဂ္ဂိုလ်များ၏အကြောင်းကို ဆက်လက် လေ့လာကြည့်ကြမည်။ လူတိုင်းလူတိုင်းမှာ ရည်မှန်းချက်အပြည့်ရှိနေကြပြီးလျှင် ဧရာမကိစ္စကြီးများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြသည်။ သူတို့၏ဇာတ်လမ်းများကို သေသေချာချာ ဖတ်ရှုကြည့်စေချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ဥပမာများကလည်း ခင်ဗျားကို တည့်တည့်ကြီး ပြောပြနေပါလိမ့်မည်။ ၎င်းတို့အကြောင်းကို တွေး တောဆင်ခြင်ကာ သူတို့၏နေရာ၌ ဝင်ပြီးကြည့်မြင်နိုင်သည်။ သူတို့၏ ကြိုးစားအားထုတ်မှု၊ ရင်းနှီးမြှုပ်နှံမှုတို့ကို ရယူဆောင်ရွက်ခြင်းအားဖြင့် ခင်ဗျား၏ ရည်မှန်းချက်များကို ရရှိနိုင်ပြီးလျှင်  အံ့အားသင့်စရာ ကိစ္စရပ်တွေ ဖြစ်လာနိုင်ပါသည်။ 
ထိရောက်မှုရှိသော ရည်မှန်းချက်ပန်းတိုင်များဖြစ်ရန်အတွက် ရည်ရွယ်ချက်ကြီးမားရန် လိုပါသည်။    အဘယ်ကြောင့်ဆိုသော် အောင်မြင်ပြီးမြောက်မှုတစ်ခုအတွက်      လိုအပ်သည့်စိတ်အား တက်ကြွမှုရှိရန်ဆိုခဲ့လျှင် ရည်မှန်းချက်များသည် ကြီးမားရပါလိမ့်မည်။ လူတိုင်းအတွက် လုပ်ရန်လိုအပ်သည့်ကိစ္စမျိုး၊   အသေးအဖွဲကိစ္စရပ် မျိုးတို့နှင့်ပတ်သက်၍မူ စိတ်တက်ကြွစရာမလိုပါ။ အိမ်လခပေးရခြင်း၊ ကားခပေးရခြင်း၊  အဆင်ပြေအောင်  နေထိုင်ရခြင်းများအတွက် စိတ်တက်ကြွစရာမရှိနိုင်ပါ။ ခင်ဗျားအနေဖြင့် မိမိ၏အစွမ်းအစများကို အကောင်းဆုံးထုတ်၍အသုံးပြုရသည့်အခါနှင့်  သင့်တော်သည့် ရည်မှန်းချက်များနှင့် ဆောင်ရွက်ရသည့်အခါမျိုး၌သာ  စိတ်အား တက်ကြွမှု ဖြစ်လာနိုင်ပါသည်။  
အားကစားလောက၌ အားကစားသမားတစ်ယောက်သည် အသေးအဖွဲပြိုင်ပွဲများထက်စာလျှင် ပြိုင်ပွဲကြီးများတွင် ပို၍ထူးချွန် တတ်ကြသည်။ ဂေါက်သီးရိုက်သမား၊ တင်းနစ်ကစားသမား၊ ဘောလုံး သမား၊ လက်ဝှေ့သမား စသည်တို့သည်လည်း အသေးအဖွဲပွဲစဉ်ငယ် များတွင် ညံ့ဖျင်းတတ်ကြသည်။ ထို့ကြောင့်ပင် အားကစားလောက၌ ကစားပွဲတော်တော်များများကို လူအများက စိတ်ပျက်တတ်ကြခြင်း ဖြစ်သည်။ နိုင်ငံရေး၌လည်း ထို့အတူပင် ဖြစ်သည်။ ရည်မှန်းချက် ပန်းတိုင်တစ်ခုသည်  ပြိုင်ပွဲတစ်ခုလိုဖြစ်နေသဖြင့် ခင်ဗျားအနေဖြင့် ခက်ခက်ခဲခဲ ကြီးကြီးမားမား ရည်မှန်းချက်တစ်ခုကို ချထားခဲ့လျှင် အကောင်းဆုံးသောအစွမ်းအစများ ထွက်ပေါ်လာမည်။ စိတ်အားထက် သန်လာမည်။ ထိုစိတ်အားထက်သန်မှုများက အကောင်းဆုံးကြိုးပမ်း အားထုတ်ခြင်းဖြင့် ရည်မှန်းချက်ပန်းတိုင်များကိုရရှိအောင် ဆောင်ရွက် ပေးနိုင်ပါလိမ့်မည်။ 


ခင်ဗျားအနေဖြင့် မိမိ၏အကောင်းဆုံးအစွမ်းအစများကို ထုတ် သုံးပြီးသည့်နောက် ညအိပ်ရာဝင်သောအခါ၌ပင် “ဒီနေ့တော့ ငါ အကောင်းဆုံးဆောင်ရွက်ခဲ့ပြီးပြီ”ဟု စိတ်ချလက်ချဖြင့်   နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်နိုင်သည်။ ကြီးမားသည့် ရည်မှန်းချက်တစ်ခုကိုရရှိ ရန်အတွက် ခင်ဗျားအနေဖြင့် အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့ပြီဖြစ် သည်ကို ကိုယ်တိုင်သိနေ၍ ဖြစ်သည်။ ခင်ဗျား၏ ကြီးမားသည့်ရည်မှန်း ချက်များကို ကြိုးစားအားထုတ်နေသမျှကာလပတ်လုံး ရွှံ့ထဲဗွက်ထဲ၌ သာလျှင် ခရီမဆုံးနိုင်ပေ။ ဘဝဆိုသည်ကို ကြီးမားသည့်အရာတစ်ခု အဖြစ် သိမြင်ရန်လိုသည်။ ပညာရှိတစ်ယောက်က   “အသေးအဖွဲ  စီမံကိန်းများကိုသာ မချမှတ်ပါနှင့်။ သူတို့သည် လူသား၏စိတ်ဝိညာဉ်ကို မွှေနှောက်ချောက်ချားနိုင်စွမ်းမရှိ” ဟု ပြောခဲ့ဖူးသည်။ 


ဘဝနှင့်ပတ်သက်၍ ခင်ဗျား၏ မြင်ပုံမြင်နည်းက ထိုဘဝမှာ ခင်ဗျား၏ရပုံရနည်းကို အဆုံးအဖြတ်ပေးပါလိမ့်မည်။ သံချောင်း တစ်ချောင်းကို မင်းတုပ်တစ်ခုအဖြစ်သုံးပါက တစ်ဒေါ်လာလောက် သာတန်ပြီး ထိုသံချောင်းကို မြင်းခွာများဖြစ်အောင်လုပ်ခဲ့လျှင် ဒေါ်လာ ၅၀ ခန့် တန်မည်။ ထိုသံချောင်းကိုပင်လျှင် သန့်စင်အောင်လုပ်ပြီး နာရီများထုတ်လုပ်ရန်အတွက် သံမဏိဖြစ်အောင် ပြုလုပ်နိုင်လျှင် ဒေါ်လာ ၂၅ သိန်းခန့်တန်မည်။ 


ထိုသံချောင်းကို ခင်ဗျားက  မြင်ပုံမြင်နည်းခြားနားသလိုပင် ခင်ဗျားကိုယ်ခင်ဗျားနှင့် ခင်ဗျား၏အနာဂတ်ကို မြင်ပုံမြင်နည်းတို့က လည်း ခင်ဗျားကိုကွဲပြားအောင်လုပ်ပေးသည်။ ခင်ဗျားအနေဖြင့် ရည်မှန်းချက်ကြီးကြီးမားမား တစ်ခုရှိရမည်။ အိမ်ရှင်မ၊ အားကစား သမား၊  ကျောင်းသား၊ အရောင်းသမား၊ စီးပွားရေးသမား ဘယ်လိုလူပင် ဖြစ်ပါစေ သူတို့မှာ ရည်မှန်းချက်ပန်းတိုင်တစ်ခုရှိရမည်။ မှန်ပါသည်။ ရည်မှန်းချက်ပန်းတိုင်များသည် တစ်ယောက်နှင့်တစ်ယောက် မတူညီ ကြ။ ဘွတ်ကားတီဝါရှင်တန်က “သူ၏ အောင်မြင်ပြီးမြောက်မှုပမာဏကို ကျော်လွှားခဲ့ရသည့် အခက်အခဲ အတားအဆီးများနှင့် တိုင်းတာရ မည်”ဟု ဆိုခဲ့သည်။ ကျွန်တော်က သူနှင့်သဘောတူပါသည်။ အဘယ် ကြောင့်ဆိုလျှင် များများပေးရလေ များများလိုလေ ဖြစ်ပေလိမ့်မည်။ 


မြို့ထဲမှာအညံ့ဆုံးဖြစ်ရန် အာမခံသည် 


ကျွန်တော် အလုပ်လုပ်နေသည့်ကုန်စိမ်းဆိုင်၏ တစ်ဖက်အခန်း၌ ကော်ဖီဆိုင်နှင့် မြေပဲဆိုင်တို့ကို တွဲပြီးဖွင့်လှစ်ထားသည်။ ဆိုင်ပိုင်ရှင်၏ အမည်ကို အန်ကယ်ဂျိုးဟု သိရှိကြသည်။ ကော်ဖီလှော်သည့်အနံ့နှင့် မြေပဲလှော်သည့်အနံ့တို့သည် အလွန်ဆွဲဆောင်မှုရှိသဖြင့် ဖြတ်သွားသမျှ လူအားလုံးကို ဖိတ်ခေါ်နိုင်သည်။ အန်ကယ်ဂျိုးက မီးဖိုခန်း၌ တစ်ခုခု တော့ လှော်နေတတ်သည်။ မြေပဲများကို ကျောက်မီးသွေးသုံးမီးဖိုဖြင့် လှော်သည်။ ထိုမြေပဲများကိုလှော်ပြီးသည့်အခါ စက္ကူဘူးတစ်ခုထဲသို့ ထည့်သည်။ ထိုစက္ကူဘူးထဲက မြေပဲများကိုယူပြီးလျှင် အိတ်ကလေး တစ်လုံးစီ၌ လိုက်ထည့်သည်။ ထိုအချိန်က မြေပဲအိတ်တစ်အိတ်ကို ငါးဆင့်ဖြင့်ရောင်းချသည်။ အိတ်များကို ဖြည့်ပြီးသောအခါတွင် သူကထိုအထဲမှမြေပဲစေ့နှစ်စေ့စီပြန်နုတ်ပြီးလျှင် စက္ကူဘူးထဲပြန်ထည့်လိုက် သဖြင့် ဘူးထဲတွင် မြေပဲများ ကျန်ရှိနေသေးသည်။ အန်ကယ်ဂျိုးသည် ဆင်းရဲသည့် လူတစ်ယောက်၏ဘဝမျိုးဖြင့် နေထိုင်ခဲ့ရပြီး သေတော့ လည်း ဆင်းရဲသားလိုပင် သေသွားခဲ့သည်။ သူက မြေပဲများအကြောင်း ကိုသာလျှင် တွေးနေခဲ့သည်။ သို့သော် သူ၏ပြဿနာမှာ မြေပဲမဟုတ်ပေ။ 


ကာရိုလိုင်းနားပြည်နယ်တောင်ပိုင်း ကိုလံဘီယာသို့ ကျွန်တော် ရောက်သွားသည့်အခါ မည်သည့်အခါမှမမေ့နိုင်သည့် ဆိုင်းဘုတ်တစ်ခု ကို မြင်လိုက်ရသည်။ ထိုဆိုင်းဘုတ်၌ “ကရိုမာ၏ မြေပဲများ မြို့ထဲ၌ အညံ့ဆုံးဖြစ်စေရန် အာမခံသည်”ဟု ရေးထားသည်။ စပ်စုလိုစိတ်နှင့် ထိုအကြောင်းကို ကျွန်တော် စုံစမ်းကြည့်သည်။ မစ္စတာ ကရိုမာက သူ၏ စီးပွားရေးလုပ်ငန်းကို ဆိုင်းဘုတ်ငယ်တစ်ခုဖြင့် စတင်သည့်အခါကပင် ထိုစာတန်းကို ရေးထားခဲ့သည်။ ထိုဆိုင်းဘုတ်ကိုမြင်သူများက ပြုံးရယ်  ကာ မြေပဲများကို ဝယ်ယူကြသည်။ ထို့နောက် ဆိုင်းဘုတ်မှ စာသား များကို မြေပဲအိတ်များ၌ ထည့်ရိုက်ထားလိုက်သည်။ လူတွေက ပိုပြီးပြုံး ကြပြန်သည်။ သို့သော်လည်း မြေပဲများကိုတော့ ဝယ်သွားကြသည်။ အချိန်ကြာလာသည့်အခါတွင် မစ္စတာကရိုမာသည် ကိုလံဘီယာမြို့၏ လမ်းမများပေါ်၌ ကော်မရှင်စားစနစ်ဖြင့် အရောင်းသမားလူငယ်များကို ငှားရမ်းကာ မြေပဲရောင်းချစေခဲ့သည်။ သူ၏ဆိုင်းဘုတ်သည်လည်း ကြီးသထက်ကြီးလာပြီးလျှင် စီးပွားရေးအခြေအနေလည်း ကောင်း သထက် ကောင်းလာခဲ့သည်။ နောက်ဆုံး၌ တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ်ထုတ်ကုန်ပြပွဲ၌ သူ၏မြေပဲများကို ပြသရောင်းချရန် အခွင့် အရေးရရှိခဲ့သည်။ 


ဒေသန္တရ အားကစားပွဲများ၊ တောင်ပိုင်း ကာရိုလိုင်းနားတက္ကသိုလ် အားကစားပွဲများ၌လည်း ရောင်းချခွင့်ရသည်။ သူ၏နာမည်က ကျော်ကြားလာပြီးလျှင် စီးပွားရေးလုပ်ငန်းလည်း တိုးတက်လာခဲ့ သည်။ ယနေ့ဆိုလျှင် မစ္စတာကရိုမာသည် အောင်မြင်ကြွယ်ဝသည့် သူတစ်ယောက် ဖြစ်နေပြီ။ သူသည်လည်း ၎င်း၏မြေပဲများအကြောင်း ကိုသာ တွေးသူဖြစ်သည်။ ဤနေရာ၌ အခြေခံအားဖြင့် ထုတ်ကုန် ပစ္စည်းတစ်မျိုးတည်းကိုသာ ရောင်းချကြသည့်သူနှစ်ယောက်ရှိသည်။ တစ်ယောက်မှာ အစကတည်းက ဆင်းရဲခဲ့ပြီးလျှင် နောက်လည်း ဆင်းရဲနေသည်။ အခြားတစ်ယောက်မှာ ဆင်းရဲသော်လည်း ထိုအတိုင်း နေသွားရန် ဆန္ဒမရှိပေ။ တူညီသည့်ထုတ်ကုန်ပစ္စည်းများကို ရောင်းချ ကြသော်လည်း သူတို့၏ရည်မှန်းချက်များက မတူညီကြသည်ကို တွေ့ရှိရသည်။ 
အလုပ်ကအဓိကမဟုတ် 
ခင်ဗျား၏ အလုပ်အကိုင်အနေအထားကြောင့် မည်သို့မျှခြားနား သွားမည်မဟုတ်ပါ။ ခင်ဗျားက ဆရာဝန်တစ်ယောက်၊ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်၊ ရှေ့နေတစ်ယောက်၊   အရောင်းစာရေး တစ်ယောက်၊ ဝန်ကြီးတစ်ယောက် ဘာပဲဖြစ်ဖြစ် ဖြစ်နေပါစေ။ ခင်ဗျားလုပ် သည့်အလုပ်ကို အသက်မွေးဝမ်းကျောင်းတစ်ခုအတွက်လုပ်ပြီးလျှင် ချမ်းသာကြွယ်ဝနေသည့်သူများ ရှိသည်။ ဈေးရောင်းပြီး ချမ်းသာ သူများရှိသလို ဆင်းရဲသူများလည်း ရှိသည်။ ချမ်းသာသည့်ပညာရှင် များရှိသလို ဆင်းရဲသည့်ပညာရှင်များလည်း ရှိကြသည်။ ချမ်းသာ သည့်ရှေ့နေများရှိသလို  ဆင်းရဲသည့်ရှေ့နေများလည်း ရှိနေသည်။ စာရင်းက ဆုံးနိုင်မည်မဟုတ်ပါ။ လူတစ်ယောက်စီ တစ်ယောက်စီ အတွင်း၌ အခွင့်အလမ်းများစွာ ကိန်းအောင်းနေကြပြီး နောက်မှသာ လျှင် အလုပ်အကိုင်နှင့်သက်ဆိုင်သွားရခြင်း ဖြစ်သည်။ လူတစ်ယောက်  အနေဖြင့် သူ့အပိုင်းကို သူတာဝန်ကျေခဲ့လျှင် အလုပ်အကိုင်က အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည်။ 


ခင်ဗျား ဘာအလုပ်ကိုလုပ်လုပ် ခင်ဗျားနှင့် အသက်မွေးဝမ်း ကျောင်းတူသည့်သူများအနက် သိသိသာသာ ထူးထူးခြားခြား လုပ်နိုင် ပြီး ထိုသို့လုပ်နိုင်သဖြင့် ဝင်ငွေအများကြီးရသူများရှိသည်။ ခင်ဗျားကို အောင်မြင်အောင်၊ ဆုံးရှုံးအောင် လုပ်နေသည်မှာ ထိုလုပ်ငန်းမဟုတ် ပေ။ ခင်ဗျားကိုယ် ခင်ဗျားနှင့် ခင်ဗျား၏အလုပ်အကိုင်အပေါ်တွင် မြင်ပုံမြင်နည်းတို့ကသာ အောင်မြင်အောင်နှင့် ဆုံးရှုံးအောင်လုပ်ခြင်း ဖြစ်သည်။ ရည်မှန်းချက်ကြီးကြီးရှိဖို့ လိုအပ်သလိုပင် ကြီးကြီးမားမား ဖြစ်အောင် မလုပ်နိုင်မီ၌ ကြီးကြီးမားမား မြင်တတ်ဖို့လည်းလိုသည်။ 


အမှတ်စဉ်(၂) ရည်မှန်းချက်များသည် ရေရှည်ဖြစ်ရမည် 


ရေရှည်ရည်မှန်းချက်များ မရှိခဲ့ပါက ရေတိုကာလအတွင်း၌ သောကများ၏ လွှမ်းမိုးမှုကိုလည်း ကြုံတွေ့ရနိုင်သည်။ အကြောင်းပြ ချက်မှာ ရှင်းပါသည်။ ခင်ဗျား၏အောင်မြင်မှုနှင့်ပတ်သက်၍ ကိုယ်ကိုယ် တိုင်လောက် မည်သူကမျှ စိတ်မဝင်စားနိုင်ပါ။ တစ်ခါတစ်ရံတွင် အချို့လူများက  ခင်ဗျား၏လမ်းကြောင်း၌  ပိတ်ဆို့ပြီး ခင်ဗျား၏ တိုးတက်မှုကို နှေးကွေးအောင် လုပ်နေကြသည်ဟု ထင်မည်။ တကယ် တော့ ခင်ဗျား၏လမ်းကြောင်းကိုပိတ်ဆို့နေသည့် အထင်ရှားဆုံး လူမှာ အခြားသူမဟုတ်ဘဲ ခင်ဗျားသာလျှင် ဖြစ်သည်။ အခြားလူများက ခင်ဗျားကို ခဏတစ်ဖြုတ်သာရပ်နားပိတ်ဆို့နိုင်ကြသော်လည်း အမြဲ တမ်းပိတ်ဆို့အောင်လုပ်နေသူမှာ       ခင်ဗျားကိုယ်တိုင်သာ ဖြစ် သည်။                                                

 

တစ်ခါတစ်ရံ ခင်ဗျားက မထိန်းချုပ်နိုင်သည့်အခြေအနေများ လည်း ပေါ်ပေါက်တတ်သည်။ အကယ်၍ ခင်ဗျားမှာသာ ရေရှည် ရည်မှန်းချက်များမရှိခဲ့လျှင် ယာယီအခက်အခဲများသည်လည်း သောကပွားစေနိုင်သည်။ မိသားစုကိစ္စများ၊ မကျန်းမမာဖြစ်ခြင်းများ၊ မော်တော်ကား ထိခိုက်မှုများစသည့် ခင်ဗျားမထိန်းချုပ်နိုင်သည့် အခြေအနေများသည်လည်း ဧရာမပြဿနာကြီးများ ဖြစ်သွားနိုင် သည်။ အခြေအနေဆိုးများက မည်မျှပြင်းထန်စေကာမူ နောက်ဆုတ် ရန်မဟုတ်ဘဲ တစ်ခဏသာလျှင်ဖြစ်ကြောင်းသိရှိကာ ဖြစ်ပျက်မှုအခြေ အနေကို လေ့လာဆည်းပူးတတ်ရန် လိုပါသည်။ ရေရှည်ရည်မှန်းချက် တစ်ခုရှိလျှင် ထိုသို့ဆောင်ရွက်ရန် ပိုလွယ်ကူပါသည်။ ခင်ဗျားသွား နိုင်သလောက်သွားပြီးသည့်အခါ ထိုနေရာသို့ရောက်ခဲ့လျှင်  ပို၍ ကျယ်ကျယ်ပြန့်ပြန့် မြင်လာ၍ ဖြစ်သည်။ စဉ်းစားကြည့်ပါ။ခင်ဗျားအိမ်မှ မထွက်ခွာမီကပင် အားလုံးမီးစိမ်းပြဖို့စောင့်နေလျှင် ထိပ်ဆုံးသို့ရောက် အောင်မည်သည့်အခါမျှ စတင်ခရီးထွက်နိုင်မည် မဟုတ်တော့ပါ။ 


အခက်အခဲများကို ကျော်လွှားခြင်း 


ဤစာများကို ရေးနေစဉ်က လော့စ်အိန်ဂျလိစ်မှ ဒဲလက်စ်သို့ထွက် သည့် ဒီစီ ၁ဝ လေယာဉ်ပေါ်သို့ ကျွန်တော်ရောက်နေသည်။ ကျွန်တော် တို့ လေယာဉ်ထွက်မည့်အချိန်မှာ ညနေ ၅ နာရီ ၁၅ မိနစ် ဖြစ်သည်။ သို့သော် မလွှဲမရှောင်သာဘဲ နှောင့်နှေးကြန့်ကြာနေသဖြင့် ၆ နာရီ ၃ မိနစ်အထိ မထွက်ရသေး။ လော့စ်အိန်ဂျလိစ်လေဆိပ်မှ လေယာဉ် ထွက်သည့်အခါ ဒဲလက်စ်သို့ ဦးတည်သွားခဲ့သည်။  သို့သော် မိနစ် ၂၀ အတွင်း အခြေအနေတွေက ပြောင်းလဲသွားကြသည်။ လေကြောင်း များ ပြောင်းလဲသွားသဖြင့် မူလတက်စဉ်က အခြေအနေမျိုးမဟုတ် တော့ဘဲ လေယာဉ်မောင်းသူက လမ်းကြောင်းကို အနည်းငယ်ပြောင်း လိုက်ရသည်။ လေယာဉ်သည် ဒဲလက်စ်သို့ ဦးတည်နေသော်လည်း လေဝဲတိုက်ခတ်မှုများကြောင့် ညှိနှိုင်းရန် လော့စ်အိန်ဂျလိစ်သို့ တစ်ခေါက်ပြန်လာခဲ့ရသည်။  ကျွန်တော်ပြောချင်သည်မှာ တစ်ခါ တစ်ရံ ကျွန်တော်တို့ လမ်းကြောင်းမှ အနည်းငယ်လွဲချော်သွားသည့် အခါတွင် ကပ္ပတိန်က လေယာဉ်ကို လော့စ်အိန်ဂျလိစ်သို့ ပြန်ဆင်း သကဲ့သို့ပင်  အစမှ ပြန်စတင်နိုင်ရန် ဖြစ်သည်။ ထို့အတူပင် ခင်ဗျား အနေဖြင့် မိမိပန်းတိုင်များသို့ ဦးတည်သွားသည့်အခါ လမ်းကြောင်း၌ အနည်းငယ်လွဲချော်မှုများရှိလျှင်လည်း  ညှိနှိုင်းမှုများ  ပြုလုပ်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ထားပါ။ 


ခင်ဗျား၏ရေရှည်ရည်မှန်းချက်များကိုချမှတ်သည့်အခါတွင် ခင်ဗျားမစတင်ရသေးမီကပင် အခက်အခဲအားလုံးကို ကျော်လွှားသွားဖို့ မကြိုးစားရန် တိုက်တွန်းလိုပါသည်။  မစတင်မီကတည်းကသာ အခက်အခဲအားလုံးကို ကျော်လွန်နိုင်ကြသည်ဆိုလျှင် မည်သူကမျှ ထူးထူးခြားခြားဆောင်ရွက်နိုင်ကြလိမ့်မည် မဟုတ်ပါ။ ခင်ဗျားအနေ ဖြင့် ယနေ့နံနက် အလုပ်ခွင်သို့မသွားမီ၌ အားလုံးမီးစိမ်းပြနေရဲ့လား ဟု သိရန်အတွက် လှမ်းမေးမည်ဆိုလျှင် ခင်ဗျားအူကြောင်ကြောင် နိုင်နေပြီဟု ထင်ကြပါလိမ့်မည်။ တစ်ချိန်မှာ မီးစိမ်းတစ်ခုနှင့်တွေ့ပြီး နောက် ခင်ဗျား၏ခရီးဆုံးသို့ ရောက်သွားရန်သာ အရေးကြီးပါသည်။ မည်သည့်အခက်အခဲမျိုးကိုမဆို ထိုသဘောအတိုင်း ဖြေရှင်းခဲ့လျှင် တစ်နေ့နေ့ တစ်ချိန်ချိန်၌ ခင်ဗျား၏ ရည်မှန်းချက်ပန်းတိုင် ခရီးဆုံးကို ရောက်ရှိနိုင်ပါလိမ့်မည်။ ခင်ဗျားမြင်သလောက် သွားလေ ထိုနေရာသို့ ရောက်သည့်အခါ၌ ပို၍ဝေးဝေးကို မြင်ရလေဖြစ်သည်။ 


အမှတ်စဉ်(၃)နေ့စဉ် ရည်မှန်းချက်များဖြစ်ရမည် 


ခင်ဗျားအနေဖြင့် နေ့စဉ်ရည်မှန်းချက်များမရှိခဲ့လျှင် စိတ်ကူးယဉ် သမားတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။ စိတ်ကူးယဉ်သမားတစ်ယောက် အနေဖြင့် သူ၏စိတ်ကူးများကို အကောင်အထည်ဖော်ရန်အတွက် နေ့စဉ်လုပ်ငန်းများအပေါ်တွင် အခြေခံ၍ သတိရှိနေခဲ့လျှင်မူ စိတ်ကူး ယဉ်ခြင်းသည် မမှားပါ။ ကွယ်လွန်သူ ချာလီကူလင်က ဤသဘော တရားကို အဓိပ္ပာယ်ရှိရှိ ဖော်ပြခဲ့ဖူးသည်။ သူက ကြီးကျယ်မြင့်မြတ်ဖို့ အတွက်   အခွင့်အရေးသည် နိုင်ရာဂရာရေတံခွန်လို  တစ်ဟုန်ထိုး ကျဆင်းလာသည်မဟုတ်။ တစ်ချိန်မှာ တစ်စက်ချင်းကျပြီးလျှင် တဖြည်း ဖြည်းသာ ရရှိနိုင်မည်ဟု ဆိုခဲ့သည်။ 


မကြာခဏဆိုသလိုပင် ကြီးကျယ်မြင့်မြတ်သူများနှင့် ကြီးကျယ် မြင့်မြတ်လုနီးနီးဖြစ်နေသူများ၏ ခြားနားချက်မှာ ကြီးကြီးကျယ်ကျယ် လုပ်ဆောင်နိုင်ရန် မျှော်လင့်ပြီး ထိုမျှော်လင့်ချက်အတိုင်း၊ ရည်ရွယ် ချက်အတိုင်း နေ့စဉ်မှန်မှန်လုပ်သွားဖို့ လိုအပ်သည်ဟု သဘောပေါက် နားလည်ခြင်းပင် ဖြစ်သည်။ အလေးမသည့် လူတစ်ယောက်အနေဖြင့် ဧရာမရည်မှန်းချက်ကြီးတစ်ခု ရရှိရန်အတွက် သူ၏ကြွက်သားများကို တောင့်တင်းခိုင်မာအောင် နေ့စဉ်လုပ်ရမည်။ စည်းကမ်းရှိသည့် ချစ်စရာကလေးငယ်တစ်ယောက်၊ ဂုဏ်ယူစရာ သားသမီးတစ်ယောက် ဖြစ်ဖို့အတွက်ဆိုလျှင်   နေ့စဉ်နမူနာပြသင်ကြားပြီး  ကလေး၏ စရိုက်နှင့် ယုံကြည်မှုတို့ကို တိုးပွားလာအောင် မိဘတစ်ယောက် အနေဖြင့် ဆောင်ရွက်ပေးရသည်။ ဘဝတွင် ပိုမိုကောင်းမွန်မှုရရှိသော နေထိုင်ရေးသည် ကျွန်တော်တို့၏ ရည်ရွယ်ချက်ဖြစ်သည်ဆိုလျှင် နေ့စဉ်ရည်မှန်းချက်သည်   မနေ့ကထက်တိုးတက်လာရန်  ရိုးရိုး သားသားကြိုးစားမှုများရှိနေရပါလိမ့်မည်။ ကျွန်တော်တို့၏ ပတ်ဝန်း ကျင်အခြေအနေများကို ပြောင်းလဲရန်နှင့် တိုးတက်နိုင်ရန် မျှော်လင့် ခဲ့လျှင် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်ရလိမ့်မည်။ ကျွန်တော်တို့ တစ်ခုခုမဆောင်ရွက်နိုင်မီတွင် တစ်ခုခုကို ဆောင်ရွက်ပြီးသား ဖြစ်နေရမည်။ သို့မဟုတ် တစ်ခုခုကို ဆောင်ရွက်ထားသူ ဖြစ်နေရမည်။ 


အကျင့်စရိုက်နှင့်ပတ်သက်သော နေ့စဉ်ရည်မှန်းချက်များသည် အကောင်းဆုံးသော ညွှန်းကိန်းများဖြစ်ကြပြီး   မြှုပ်နှံခြင်း၊ ကြိုးစား  အားထုတ်ခြင်း၊  စည်းကမ်းရှိခြင်း၊  သန္နိဋ္ဌာန်ချမှတ်ခြင်းတို့  ပါဝင်သည်။ အိပ်မက်ဆန်သော စိတ်ကူးများသည်လည်း ပန်းတိုင်အစစ်ဖြစ်လာရေး အတွက် အသေအချာဆောင်ရွက်ထားသည့်       အုတ်မြစ်အခြေခံဖြစ်ဖို့လို သည်။      

[ခင်မောင်ညို (ဘောဂဗေဒ)၏          “ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်မှ “ရည်မှန်းချက်ပန်းတိုင်များ၏ စရိုက်လက္ခဏာများ”   ဆောင်းပါးကို စာရေးသူ၏   ခွင့်ပြုချက်ဖြင့်  ကူးယူဖော်ပြခြင်း   ဖြစ်ပါသည်။ စာတည်း]                                     

       (ဆက်လက်ဖော်ပြပါမည်)

ခင်မောင်ညို (ဘောဂဗေဒ)