အောက်တိုဘာ ၁၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၂၉ ဦး တွေ့ရှိ

 

ထပ်မံသေဆုံးသူ ၄၂ ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၈၂၉၇  ဦးရှိ

(၁၅-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  နိုင်ငံအတွင်း  ကူးစက်ဖြစ်ပွားနေသော   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊  ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်   ဆောင်ရွက်လျက်ရှိရာ   ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ 

 


ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား   ကိုဗစ်-၁၉   ရောဂါ  ရှိ၊  မရှိ   ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၁၄-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၇,၅၅၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၃၂၉)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၇.၆) ရာခိုင်နှုန်း ရှိပါသည်။

 


သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၄,၅၉၃,၆၇၄)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၄၈၅,၆၄၆) ဦး ရှိပြီဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၂၁၅) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၃၇,၈၅၅)ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉  ရောဂါဖြင့် ထပ်မံသေဆုံးသူ (၄၂) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၁၈,၂၉၇) ဦး ရှိပါသည်။ 

 

l     ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အသက် ၁၂ နှစ်ပြည့်ပြီးသူ အခြေခံပညာဦးစီးဌာန၊  အလယ်တန်း၊  အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်ဖော်ပြပါ ရည်ရွယ် ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါသည် -


      

 (၁)    အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးပေးခြင်းဖြင့်   ကျောင်းသား၊   ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊
      

 (၂)    အခြေခံပညာကျောင်းသား၊ ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား၊ သေဆုံးမှုကို လျှော့ချရန်၊
      

 (၃)    ကျောင်းသား၊ ကျောင်းသူများမှတစ်ဆင့် မိသားစုနှင့်ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊
  

 

 l     အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ နိုဝင်ဘာလ အထိ လည်းကောင်း၊ ဒုတိယအကြိမ် ထိုးနှံခြင်းကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အထိလည်းကောင်း ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်မှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ရာ မိဘပြည်သူများမှလည်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
  

 

 l     ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန