အသင်းသားများအကျိုးအလေးထား၍ အဓွန့်ရှည်သော သမဝါယမပုံစံ တည်ဆောက်ကြပါစို့

Type

 

K ဇင်သစ် (မန်းတက္ကသိုလ်)
 

အခက်အခဲအကျပ်အတည်းကြားက ရုန်းထနေသည့် မြန်မာ့သမဝါယမအကြောင်း စေ့ငုလိုချင်စိတ်က ရင်ထဲတွင် တစိမ့်စိမ့်ခံစားနေမိပါသည်။ ၁၉၀၅ ခုနှစ် ကတည်းက သန္ဓေတည်ရှင်သန်ရပ်တည်ခဲ့သည့် မြန်မာ့သမဝါယမသည် လောကဓံတရားကို ကြံ့ကြံ့ခံရင်း နှစ်ပေါင်း ၁၁၇ နှစ်တိုင် နိုးကြားတက်ကြွနေခဲ့ပြီး အသွင်သဏ္ဌာန်နှင့် အနှစ်သာရကတော့ ရွှင်လန်းစွာ ပြုံးပျော်နေသည်ဟု မှတ်ယူရပေမည်။ ဝေဖန်သံတွေကြားက တစ်ကျော့ပြန် ဦးမော့လာသည်ဟု ဆိုရမည့် ၁၇-၆-၂၀၂၁ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တစ်ချိန်က လုပ်ဆောင်ခဲ့သည့် သမဝါယမပုံစံမျိုးနှင့် ဆောင်ရွက်မည် မဟုတ်တော့ဘဲ အမှန်အလုပ်လုပ်ပြီး စုပေါင်းဆောင်ရွက်လိုစိတ်ရှိသူ၊ သမဝါယမအခြေခံမူ၊ ကျင့်ဝတ်နှင့် အနှစ်သာရတို့ကို လေးစားလိုက်နာ လိုသူများဖြင့် စည်းရုံးဖွဲ့စည်း လုပ်ဆောင်မည်ဟု မူဝါဒချမှတ်ထားသည့်အတွက် မြန်မာ့မြေဝယ် သမဝါယမ၏ အဓွန့်ရှည်မှုက ကြာရှည်စွာ တည်ရှိနေတော့မည်ဟု ဆိုရမည်ဖြစ်ပေသည်။ 


ကမ္ဘာ့နိုင်ငံများတွင်      အောင်မြင်နေသည့် သမဝါယမများက   အသင်းသားများ၏  အကျိုးကို အလေးထား၍    နိုင်ငံစီးပွားရေး၏   တစ်ထောင့် တစ်နေရာတွင်   အထောက်အကူပြုနေပြီး    အလုပ် အကိုင် အခွင့်အလမ်းများ  ဖန်တီးပေးနိုင်မှုကြောင့် အများ၏ ယုံကြည်မှုကိုရရှိကာ   အောင်မြင်မှု အဓွန့် ရှည်နေခြင်းကို  တွေ့မြင်နေရပါသည်။   ယင်းသို့သော နိုင်ငံတကာစံနှုန်းများကို    နမူနာယူပြီး   မြန်မာ့ သမဝါယမလောကသားများအနေဖြင့်    ကြိုးပမ်း ဆောင်ရွက်ကြရန် အချိန်အခါကောင်းကို  တွေ့နေရပြီ ဟု  ဆိုရပေမည်။   မဖြစ်မနေ   အားလုံးပါဝင်ရမည်၊ အသင်းတွင် ရပ်ကွက်/ကျေးရွာရှိ နေထိုင်သူအားလုံး အသင်းသားဖြစ်ရမည်ဆိုသော အခြေအနေမျိုးကို လုပ်ဆောင်တော့မည်  မဟုတ်ဘဲ   ဆန္ဒရှိသူများကို  အလေးထားဦးစားပေးပြီး  စုပေါင်းလုပ်ဆောင်ခြင်း ကြောင့်   အကျိုးအမြတ်များ   ရရှိကာ  ရရှိလာသော အကျိုးအမြတ်ကို   အချိုးကျ စုပေါင်းခွဲဝေယူရသည့် စနစ်ဖြင့်   ဆောင်ရွက်မည်ဆိုပါက   အဘယ်မှာ မအောင်မြင်ဘဲ ရှိပါတော့အံ့နည်း။ 

 


ဝင်ငွေ တိုးပွားရရှိစေမည်


ကျေးလက်ဒေသဖွံ့ဖြိုးရေး၊      ကျေးလက်နေ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် ဝင်ငွေရရှိရေးတို့မှာ   စုပေါင်းထုတ်လုပ်၊    စုပေါင်း ရောင်းချ၊   အများဆန္ဒဖြင့်    စီမံခန့်ခွဲခြင်းများက ရေရှည်အောင်မြင်မှုကို   ရရှိနိုင်မည်   ဖြစ်ပါသည်။ ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်  အိမ်တွင်းစက်မှုလက်မှု  လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိနေကြပါသည်။ စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်များကို   ဈေးကွက်ရရှိအောင်   နည်းလမ်း ရှာဖွေပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေ တိုးပွားရရှိစေမည် ဖြစ်ပါသည်။ အိမ်တွင်းစက်မှု လက်မှု  လုပ်ငန်းများကို  တစ်နိုင်တစ်ပိုင်ထူထောင် လုပ်ကိုင်ကြခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း များ   တိုးပွားလာမည်ဖြစ်ပါသည်။ ကျေးလက်နေ ပြည်သူများ၏   ဝင်ငွေတိုးပွားရေးကို    ဦးတည် လုပ်ဆောင်ပေးမှသာလျှင်    ယင်းတို့၏    လူနေမှုဘဝ တိုးတက်လာပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမောင်းနှင်အားကို တိုက်ရိုက်အကျိုးပြုစေ မည် ဖြစ်ပါသည်။ 

 


ဝေးလံခေါင်သီ နယ်မြေများမှအပ နိုင်ငံအတွင်း ကျေးရွာ/ရပ်ကွက် အများစုတွင် သမဝါယမအသင်း များ ဖွဲ့စည်းထားမှု အများစုရှိနေပြီဟု သိရှိရပါသည်။ ဖွဲ့စည်းပြီး သမဝါယမအသင်းများတွင် ပါဝင်နေကြ သည့်    အသင်းသားပြည်သူများ   အနေဖြင့်လည်း အသင်း၏   စီးပွားရေး၊   လူမှုရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန်နှင့်   အသင်း၏   လုပ်ငန်း ဆောင်ရွက်နေမှုအပေါ် ဝိုင်းဝန်းအကြံပြု လုပ်ဆောင် ကြရန်လည်း အမှန်ပင်  လိုအပ်ပါသည်။  တောင်သူ တစ်ဦးချင်းစီ စိုက်ပျိုးထွက်ရှိလာသည့်  ထုတ်ကုန် များကို ဈေးနှုန်းထိန်းညှိနိုင်ရေး၊ ဈေးကွက်ချိတ်ဆက် မှု  ရရှိနိုင်ရေးစုပေါင်းအားဖြင့်  လုပ်ဆောင်ပါက သာမန်ထက်ပို၍ ဝင်ငွေတိုးပွားနိုင်မည်   ဖြစ်ပါသည်။  ၃၁-၈-၂၀၂၁ ရက်နေ့အထိ အိမ်ထောင်စုကို အခြေခံ သော အသင်းသားပြည်သူ ၄ ဒသမ ၂ သန်းဖြင့်  ကုန်ထုတ်လုပ်မှု သမဝါယမအသင်း ၃၂၃၃၅    သင်း၊    ဝန်ဆောင်မှုသမဝါယမအသင်း   ၃၈၉၃   သင်း၊ ကုန်သွယ်မှု သမဝါယမအသင်း ၃၁၀၉ သင်း စုစုပေါင်း  ၃၉၃၃၇ သင်း ဖွဲ့စည်းထားကြောင်း သိရှိရ ပါသည်။    ဖွဲ့စည်းပြီး   သမဝါယမအသင်းများကို ကျစ်လျစ်ခိုင်မာပြီး အမှန်တကယ် အလုပ်လုပ်သော အသင်းသား/   အသင်းဝင်အကျိုးကို   အလေးထား ဦးစားပေးသည့်   အသင်းများ  ဖြစ်ပေါ်လာစေရေး လွန်စွာမှ အရေးကြီးလှပါသည်။ အလုပ်မလုပ်သော အသင်း၊ အသင်းသား/အသင်းဝင် များကို အကျိုးပြု ခြင်းမရှိသည့် အသင်းများကိုလည်း ထုတ်ပြန်ထား သည့်    ညွှန်ကြားချက်များနှင့်အညီ စာရင်းရှင်းလင်း ဖျက်သိမ်းသင့်ကဖျက်သိမ်းကြရမည် ဖြစ်ပေသည်။

 


ရေရှည်ဖွံ့ဖြိုးရပ်တည်နိုင်ရန်


အသင်းသားများ၏   ကိုယ်တိုင်ပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့် အသင်းကို  ဦးဆောင် ဦးရွက်ပြုနေ ကြသော ဒါရိုက်တာအဖွဲ့ဝင်များအနေဖြင့် အသင်း သားအကျိုးကို       လေးလေးနက်နက်     စဉ်းစားပြီး လက်တွေ့ကျသော လုပ်ဆောင်မှုများဖြင့်  သက်သေ ထူကြရန်  အချိန်တန်နေပြီ   ဖြစ်ပါသည်။    အသင်း ရေရှည်ဖွံ့ဖြိုးရပ်တည်နိုင်ရန် စဉ်းစားလုပ်ဆောင်ရ မည် ဖြစ်သကဲ့သို့ မျက်မှောက်ခေတ်ကာလ   ကိုဗစ်- ၁၉ စီးပွားရေးကုစားမှုအနေဖြင့် ရရှိလာသည့်  အကျိုး အမြတ်များကို    အသင်းသားများအား    ထိရောက် သော  ပံ့ပိုးမှုများ  လုပ်ဆောင်ပေးကြရန် တိုက်တွန်း လိုပါသည်။ အချို့အသင်းများတွင် ဝင်ငွေတိုးပွားမှု များရှိသော်လည်း အသင်းသားရပိုင်ခွင့်မှာ  အနည်း အကျဉ်းမျှရှိနေသည်ကိုလည်း     တွေ့ရပါသည်။ သမဝါယမအပေါ်    ပြည်သူများ၏   ယုံကြည်မှု အားနည်းနေချိန်တွင် အသင်းသား/ အသင်းဝင်ဖြစ်ရ ခြင်းကြောင့် အကျိုးခံစားခွင့်ကို ထိထိရောက်ရောက် ခံစားရရှိတာမျိုးကို  ပုံဖော်လုပ်ဆောင်ပေးဖို့ လိုအပ် လှပါသည်။  အချို့အသင်းများသည်   အသင်း၏ ရင်းနှီးပိုင်ဆိုင်မှုတွေသာ  တိုးပွားနေပြီး  အသင်းသား တစ်ဦးချင်းစီ၏   အကျိုးခံစားခွင့်  သိသာထင်ရှားမှု အားနည်းနေသေးသည်ကို တွေ့ရပါသည်။

 


သမဝါယမအသင်းသည်  ရရှိလာသောအကျိုး အမြတ်များကို   အသင်းသားများအား    အစုပေါ် အမြတ်၊ စုဆောင်း/ရင်းနှီးပေါ်အတိုး ထုတ်ပေးခြင်း၊ သာရေး၊  နာရေး၊  လူမှုရေး၊  ပညာရေး၊  ကျန်းမာရေး၊ ရပ်ရေးရွာရေး၊   ဖွံ့ဖြိုးရေးတို့ကို   ကူညီထောက်ပံ့ပေးမှု များကို    ဆောင်ရွက်ပေးလျက်ရှိနေသော်လည်း အများပြည်သူများ၏  အသိစိတ်တွင်  အသင်းသား ဖြစ်ရခြင်းကြောင့် ယင်းကဲ့သို့သော အကျိုးခံစားခွင့် များ ရရှိနေကြသည်ကို ရှင်းရှင်းလင်းလင်း မသိရှိကြ သေးသူများလည်း    ရှိနေကြပေသည်။  အများ၏ စုပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိနေသော အသင်းများကို အတုယူကာ အခြားသော အသင်း များအနေဖြင့်  ကုန်ထုတ်၊  ကုန်သွယ်၊  ဝန်ဆောင်မှု လုပ်ငန်းများကို   ဖြစ်ပေါ်နေသည့်    ခေတ်ကာလ  စီးပွားရေးဖြစ်ထွန်းမှုများနှင့်    လိုက်လျောညီထွေ တိုးတက်မှုရှိအောင်  ဆောင်ရွက်ပြီး     အသင်းသား များအကျိုး  ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးရန် လိုအပ်လှပေသည်။

 


ကျေးလက်နှင့် မြို့ပြကွာခြားမှုကို  အတတ်နိုင် ဆုံး  လျှော့ချရေး၊    ကျေးလက်နေပြည်သူများ၏ စီးပွားရေးနှင့်     အလုပ်အကိုင်   အခွင့်အလမ်းများ ကောင်းမွန်အောင်  လုပ်ဆောင်ပေးရေး၊   ဒေသထွက် ကုန်များကို  ခေတ်မီသော  ထုပ်ပိုးမှုပုံစံဖြင့်  One Village One Product  စနစ်ဖြင့်  စံပြထုတ်ကုန် တစ်မျိုးချင်းကို   ဈေးကွက်ဝင်ရရှိရေး    ဆောင်ရွက် ခြင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရေး        အလေးထားဆောင်ရွက်ခြင်း၊ စပါးဈေးတည်တံ့အောင်  ထိန်းသိမ်းနိုင်ရေးအတွက် တောင်သူများ  တိုက်ရိုက်အကျိုးဖြစ်ထွန်းနိုင်သည့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးတို့ကို သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ သက်ဆိုင် ရာ တိုင်းဒေသကြီး/  ပြည်နယ်အစိုးရအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး   သမဝါယမအသင်းများ၊ အသင်းသားများ၏   လိုအပ်ချက်များကို   တတ်စွမ်း သမျှ         ပေါင်းစပ်ညှိနှိုင်းလျက်ရှိနေခြင်းသည် သမဝါယမအသင်းများအဖို့ အစိုးရ၏ အားပေးကူညီ မှုကို ရရှိနေသည်ဟု မှတ်ယူရမည်ဖြစ်ပေသည်။ 

 


ကူညီပံ့ပိုး  ဆောင်ရွက်ပေး


ကမ္ဘာ့နိုင်ငံအစိုးရများတွင်လည်း  သမဝါယမ အသင်းများဖွံ့ဖြိုးရေးအတွက်   အစိုးရများ၏ ကူညီ ပံ့ပိုးမှုများ        စီစဉ်ဆောင်ရွက်ပေးခြင်းကြောင့် အောင်မြင်မှုများ  ရရှိနေသည်ကိုလည်း  တွေ့ရှိရပါ သည်။  သမဝါယမအသင်းဖွဲ့စည်းခြင်းတွင် အမှန် တကယ်  အလုပ်လုပ်ပြီး   တစ်ဦးတစ်ယောက်ချင်း ဆောင်ရွက်ခြင်းထက် အများဖြင့်ပူးပေါင်း၍ အသင်း ၏ လုပ်ငန်းများကို ကိုယ်တိုင် ပါဝင်ကူညီဆောင်ရွက် ကြသူများ ဖြစ်ရန်လိုပါသည်။ မိမိ၏ လိုအပ်ချက်ကို ရှေ့တန်းတင်ပြီး      ကိုယ်ကျိုးစွက်ဖက်ခြင်းထက် မိမိကဲ့သို့  စိုက်ပျိုးသူ၊  မွေးမြူသူတစ်ဦးချင်း ကိုယ်စီ ပူးပေါင်းခြင်းကြောင့်  ထုတ်လုပ်ခြင်း၊  ရောင်းဝယ် ခြင်းတို့ကို ပြုလုပ်ရာတွင်  စုပေါင်းလုပ်ဆောင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများ   ဈေးကွက်ရရှိရေး၊   လိုအပ် သည့်  သွင်းအားစုများကို  အများအတွက်  တစ်စု တစ်စည်းတည်း  ဝယ်ယူခြင်းကြောင့်  တစ်ဦးချင်း အနေဖြင့်    ဈေးနှုန်းသက်သာမှုရရှိခြင်းတို့ကိုပါ အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်ဆိုသည့် စိတ်ရင်း ဆန္ဒများရှိကြရန်လည်း လိုမည်ဖြစ်ပါသည်။ အမှန် တကယ် အလုပ်လုပ်ပြီး အများအကျိုးဆောင်ရွက် သည့် အသင်းများကို  ငွေကြေး၊ နည်းပညာ၊ ဈေးကွက် ရရှိရေး သမဝါယမဦးစီးဌာနအဆင့်ဆင့်မှ သမဝါယမ အသင်း အဆင့်ဆင့်နှင့် ညှိနှိုင်းပူးပေါင်းပြီး ကူညီပံ့ပိုး  ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း ကြားသိရ သည့်အတွက်   မြန်မာ့မြေဝယ်    သမဝါယမများ ဆက်လက် ရှင်သန်တည်ရှိနေပေမည်ဟု ယုံကြည် မျှော်လင့်မိပါသည်။   သမဝါယမနှင့်   ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည်      မျှော်မှန်းချက်၊   ရည်မှန်းချက်၊   လုပ်ငန်းအစီအမံများ   ချမှတ်ကာ ကျေးလက်နေပြည်သူများ၏    လက်ငင်းအကျိုး ဖြစ်ထွန်းစေနိုင်မည့်        ဝင်ငွေရလမ်းများကို  ဖော်ဆောင်ပေးပြီး  စိုက်ပျိုး၊    မွေးမြူသူများ   ပါဝင် သည့်   သမဝါယမအသင်းများ  တိုးချဲ့ဖွဲ့စည်းပြီး တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းများကို အထောက် အကူပြုစေရန်   ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်   သမိုင်းမှတ်တိုင်ကို  ထူထောင်နေသည်ဟု  ယုံကြည် မိပါကြောင်း ရေးသားလိုက်ရပါသည်။       ။