
နေပြည်တော် အောက်တိုဘာ ၁၇
“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးကြ ပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ယနေ့ တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် ပျဉ်းမနားမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နန္ဒာအေးက “ပျဉ်းမနားမြို့နယ် အတွင်း အခြေခံပညာအထက်တန်း ကျောင်းနဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း အားလုံးပေါင်း ၈၁ ကျောင်းမှာရှိတဲ့ အသက် ၁၂ နှစ်နဲ့အထက် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား ကျောင်းသူ အားလုံးပေါင်း ၁၀၀၉၂ ဦး ရှိပါတယ်။ အောက်တိုဘာ ၁၂ ရက်ကနေ ၁၆ ရက် အထိ ပထမအကြိမ်အနေနဲ့ ကာကွယ် ဆေး ထိုးနှံပြီးတဲ့ ကျောင်းသားဦးရေ ကတော့ ၁၃၀၀ ရှိပါပြီ။ ဒီနေ့ ကျောင်းသား ကျောင်းသူဦးရေ ၆၀၀ ကို လူမှုဝန်ထမ်း ဦးစီးဌာန မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတွေ ပူးပေါင်းပြီး ဆေးအဖွဲ့နှစ်ဖွဲ့ ခွဲပြီး ဆက်လက်ထိုးနှံပေးနေပါတယ်။ ပျဉ်းမနားမြို့နယ်အတွင်း ဆေးထိုးစုရပ် တစ်ခုမှာပဲထိုးဖို့ စီစဉ်ထားပါတယ်။ အခြေခံပညာကျောင်းတွေကို နေ့ရက် အလိုက်၊ ကျောင်းအလိုက် ဦးစားပေးအစီ အစဉ်အတိုင်း ဆက်လက်ထိုးနှံပေးနေ ပါတယ်။ အခြေခံပညာကျောင်းတွေ ကာကွယ်ဆေး ထိုးပြီးသွားရင်တော့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေကို ဆက်လက်ထိုးနှံပေးသွားမှာပါ။ ဒုတိယ အကြိမ်ကိုတော့ လေးပတ်ခြားပြီး ဆက်လက်ထိုးနှံပေးသွားမှာပါ” ဟု ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေ အတွင်း မြို့နယ်များအလိုက် ဆေးထိုးနှံ ရန်သတ်မှတ်ထားသည့် စုရပ်နေရာများ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများကို နေ့ရက်အလိုက် သတ်မှတ်ထားသည့် လူဦးရေစာရင်း အပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ယင်းတို့၏ မှီခိုမိသားစုဝင်များကိုလည်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံကြ သည့် ကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲ ပြဿနာ၊ အန္တရာယ်တစ်စုံတစ်ရာ ရှိ၊ မရှိ သိရှိနိုင်ရန် နာရီဝက် စောင့်ကြည့်ပြီးမှသာ ပြန်လည် ထွက်ခွာခွင့်ပြုကြောင်းနှင့် ဆေးထိုးပြီး ၂၄ နာရီအတွင်း တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ချင်းသတင်းပေးပို့ အကြောင်းကြားနိုင်ရန် ဆောင်ရွက်ထား ကြောင်း သိရသည်။
ဆက်လက်၍ ဒေါ်ခင်နန္ဒာအေးက “ကာကွယ်ဆေး ထိုးနှံပေးတဲ့အခါမှာ ကျောင်းသား ကျောင်းသူတွေက ငယ်သေး တော့ ဆေးထိုးရမှာ ကြောက်တဲ့စိတ်နဲ့ အစားမစားခဲ့တာတွေကြောင့် အချို့ ကျောင်းသားတွေ နည်းနည်းခေါင်းမူး တာ တွေ့ရတယ်။ အဲဒီလိုမူးလို့ သူတို့ကို စမ်းသပ်လိုက်တဲ့အခါမှာ သွေးပေါင်ချိန်နဲ့ သွေးတွင်းအောက်ဆီဂျင်က ကောင်း တယ်။ ကြောက်တဲ့စိတ်ကြောင့် ဖြစ်တာ ပါ။ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွား စဉ်ကလည်း ရောဂါဖြစ်ပွားမှုအခြေအနေ ဆိုးခဲ့ပေမယ့် အခုချိန်မှာ ကာကွယ်ဆေး ထိုးနှံပေးနေမှုကြောင့် ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ လျော့ကျသွားတာကို တွေ့ရတယ်။ ကာကွယ်ဆေး ထိုးနှံပြီးမှသာ ရောဂါကို ကာကွယ်ပြီးသားဖြစ်မှာပါ။ ကျန်းမာရေးကောင်းမှ ကျန်းမာပျော်ရွှင် စွာနဲ့ ပညာကို ဆက်လက်သင်ကြားနိုင်မှာ ဖြစ်တဲ့အတွက် ဆေးထိုးနှံခွင့်ရရှိတဲ့ ကျောင်းသား ကျောင်းသူအားလုံးရဲ့ မိဘ အုပ်ထိန်းသူတွေကိုလည်း ယုံကြည်ချက်အပြည့်နဲ့ ကာကွယ်ဆေး လာရောက်ထိုးနှံပေးကြပါလို့ တိုက်တွန်း လိုပါတယ်” ဟု ပြောသည်။
ကာကွယ်ဆေးထိုးမည့် စုရပ်နေရာ များ၌လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအတွက် လက်ဆေးဘေစင်များ ထားရှိ၍ လက်ဆေးစေခြင်း၊ နှာခေါင်းစည်း၊ မျက်နှာအကာနှင့် ကျန်းမာရေးအသိပေးလက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဆေးထိုးရန် လာရောက်သည့် ကျောင်းသား ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း တို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်း စဉ်များ ပုံမှန်ဖြစ်မှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ် ပါက သမားတော်အဖွဲ့ဖြင့် ကုသပေးနိုင် ရန် စီစဉ်ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးမီ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ကာကွယ်ဆေး ထိုးနှံပေးမှုနှင့်ပတ်သက်၍ ကြိုတင်အသိ ပညာပေးခြင်းများ ဆောင်ရွက်ပြီး မိဘ အုပ်ထိန်းသူများ၏ သဘောတူညီချက် လက်မှတ်ရရှိမှသာ ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံ သည့် ပျဉ်းမနားမြို့နယ် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ မောင်ညီညီလွင်က “ကျွန်တော်က ၁၀ တန်း တက်နေတာပါ။ ကာကွယ်ဆေး ထိုးဖို့အတွက် ကျောင်းက အတန်းပိုင် ဆရာမက ဖုန်းဆက်ပြီး ဆက်သွယ်ပါ တယ်။ ကာကွယ်ဆေး ထိုးပြီးပါပြီ။ ဆေးထိုးတဲ့အခါ နည်းနည်းနာတာ လောက်ပဲ ခံစားရတယ်။ ကျန်တာတော့ ဘာမှမခံစားရဘူး။ ကျောင်းမတက်ရတာ နှစ်နှစ်ရှိပြီဆိုတော့ ကျောင်းစာနဲ့မဝေး သွားအောင် အိမ်မှာ စာတွေလေ့လာနေ တယ်ဆိုပေမယ့် မသိနားမလည်တာရှိရင် အိမ်က အစ်မကိုပဲ မေးနေရတယ်။ ဒါကြောင့် ကျောင်းတွေကို အမြန်ဆုံး ပြန်လည်ဖွင့်စေချင်ပါပြီ။ ကာကွယ်ဆေး ထိုးနှံပြီး ကျောင်းပြန်တက်ရတော့မယ် ဆိုတော့ ဆရာ ဆရာမတွေနဲ့ ပညာ သင်ကြားခွင့်ရပြီး ကျောင်းက သူငယ်ချင်း တွေနဲ့လည်း ပြန်ဆုံရတော့မယ်ဆိုတော့ ဝမ်းသာပါတယ်” ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသည့်နေရာများတွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ သိရှိလိုက်နာရမည့် အချက်များ၊ ပညာပေးဗီနိုင်းဆိုင်းဘုတ် များကို ကာကွယ်ဆေး လာရောက်ထိုးနှံ ကြသူများ မြင်သာသည့်နေရာများတွင် ချိတ်ဆွဲကြေညာထားသည်ကို တွေ့ရ သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြမည့် ကျောင်းသား ကျောင်းသူ များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်စေရန် School Bus များ စီစဉ်ပေးထားပြီး ဆေးထိုးစုရပ် ကျောင်း ပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များက လုံခြုံရေးဆောင်ရွက် ပေးသည်ကိုလည်း တွေ့ရသည်။
နိုင်ငံတော်အစိုးရက ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူ ခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိ လာစေရန်နှင့် မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် အတွက်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ် ကြောင်း သိရသည်။
သတင်း - ဟိန်းဂျိုင်း
ဓာတ်ပုံ - ကိုကြီးထိန်