
ရေနံ့သာမောင်ကျော်ညွန့်
==============
မုတ်သုံလေညောင်း၍ ပြောင်းရွှေ့တော့မည်။ ဆောင်း၏ရှေ့တော်ပြေး မြောက်ပြန်လေအေးက တစ်ခါတစ်ခါကျီစယ်လာသည်။ ဆောင်းအငွေ့ကိုပါ သယ်ဆောင်လာသည်။ မခို့တရို့နှင်းစက်ကလေး တွေက မစို့မပို့ဆွတ်ဖျန်းလာသည်။ အဇဋာ ကောင်းကင်တစ်ခွင်လုံး တိမ်ခိုးတိမ်မျှင်၊ မြူခိုး မြူမင်ကင်းစင်နေသည်။ ကြည်လင်နေသည်။ ဆောင်းဦးအကြို သီတင်းကျွတ်လသို့ ရောက်ခဲ့ပြီ တကား။
ခုနစ်လမြောက်လ
သီတင်းကျွတ်လသည် မြန်မာတစ်ဆယ့်နှစ်လ တွင် ခုနစ်လမြောက်လဖြစ်သည်။ ရှေးယခင်ပုဂံ ခေတ်တွင် သီတင်းကျွတ်လကို သန်တူလဟု ခေါ်တွင်သည်။ သန်တူလ၏အဓိပ္ပာယ်ကို “ဝသန္တ ဥတု၊ တူရာသီဖြစ်သောလ”ဟူ၍ ဝေါဟာရလီနတ္ထ ဒီပနီကျမ်းတွင် ဖွင့်ဆိုပေးထားပါသည်။ မိုးဥတု ဝသန္တနှင့် တူရာသီကိုပေါင်းကာ သန်တူလဟု ခေါ်ဆိုခြင်းဖြစ်ဟန်တူပါသည်။ တစ်ဖန် “သီတင်း ဝါလကျွတ်သောလ”၊ “ဝါလကင်းလွတ် သီတင်း ကျွတ်”၊ “မိုးလေကင်းလွတ် သီတင်းကျွတ်”ဟူ၍ လည်း ပြောစမှတ်ပြုကြပါသည်။
သီတင်းကျွတ်လသည် လဆန်းရက် ၁၅ ရက်၊ လဆုတ်ရက် ၁၄ ရက်ဖြစ်သည်။ ရက်မစုံလဖြစ်၏။ နေ့တာနှင့် ညတာတူညီသည်။ သီတင်းကျွတ်လ၏ ရက်ရာဇာမှာ အင်္ဂါနေ့ဖြစ်ပြီး ပြဿဒါးရက်မှာ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့ဖြစ်သည်။ စန်းယှဉ် နက္ခတ်မှာ အသဝနီဖြစ်၏။ အသဝနီနက္ခတ်သည် ကြယ်ခြောက်လုံးပါရှိ၍ မြင်းခေါင်းပုံဖြစ်သည်။ ရာသီပန်းမှာ ကြာပန်းဖြစ်သည်။ ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာပုဏ္ဍရိက်၊ ကြာပဒုမ္မာဟူ၍ ကြာမျိုး ငါးမျိုးရှိသည်။ သီတင်းကျွတ်လတွင် ရွာသောမိုးကို ပလ္လင်ဆေးမိုးဟု ဆိုထုံးပြုထားသည်။ “သင်ပုတ် ပလ္လင်”ကို ဆေးကြောပေးသောကြောင့် ပလ္လင် ဆေးမိုးဟုခေါ်ခြင်းဖြစ်ပါသည်။ သင်ပုတ်ဟူသည် “ဘုရားရှင်အားကပ်လှူသောဆွမ်း”၊ သင်ပုတ်ပလ္လင် ဟူသည် “ဘုရားဆွမ်းတော်စွန့်ရာပလ္လင်ပုံ အုတ်ခုံ” ဖြစ်ပါသည်။
သီတင်းကျွတ်လတွင် ထူးမြတ်သည့်နေ့ထူး နေ့မြတ်ရှိသည်။ “အဘိဓမ္မာအခါတော်နေ့” ဖြစ်ပါ သည်။ သီတင်းကျွတ်လပြည့်နေ့တွင် “အဘိဓမ္မာ အခါတော်နေ့” ကျင်းပပူဇော်ကြပါသည်။ အဘိဓမ္မာ တရားတော်သည် သုတ္တန်တရားတော်တို့ထက် သာလွန်ထူးကဲထူးမြတ်သော တရားဖြစ်ပါသည်။ အဘိဓမ္မာတရားတော်တွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ကျမ်းခုနစ်ကျမ်းရှိသည်။
မြတ်စွာဘုရားရှင်သည် ခုနစ်ဝါမြောက်ဝါကို တာဝတိံသာနတ်ပြည်၌ ဝါဆိုတော်မူသည်။ တာဝတိံသာနတ်ပြည်၌ သန္တုသိတအမည်ရသော မယ်တော်မိနတ်သား စံနေတော်မူသည်။ တာဝတိံသာ နတ်ပြည်တွင် ဝါဆိုတော်မူစဉ် မယ်တော်မိနတ်သား အမှူးပြုသည့်နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား တော်မြတ်ကို ဝါတွင်းသုံးလလုံး ဟောကြားတော်မူ သည်။
အဘိဓမ္မာအခါတော်နေ့
အဘိဓမ္မာတရားတော်သည် သန္တုသိတအမည်ရ မယ်တော်မိနတ်သားအား ဟောကြားသည့် ကျေးဇူး ဆပ်တရားဖြစ်ခြင်း၊ တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူသောတရားဖြစ်ခြင်း၊ ဝါတွင်း သုံးလပတ်လုံး ဟောကြားတော်မူသောတရား ဖြစ်ခြင်း၊ ပကတိဘုရားရှင်နှင့် နိမ္မိတဘုရားရှင်တို့ တစ်လှည့်စီဟောကြားတော်မူသောတရားဖြစ်ခြင်း ဟူသည့် ထူးမြတ်ခြင်းလေးမျိုးနှင့် ပြည့်စုံတော်မူ၏။ ထိုသို့ထူးမြတ်ခြင်းနှင့်ပြည့်စုံတော်မူသည့် အဘိဓမ္မာ တရားတော်ကို ဝါတွင်းသုံးလပတ်လုံးဟောကြားတော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့တွင် ပြီးမြောက် ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာ တရားတော်ဟောကြားပြီးမြောက်ခဲ့သည်ကို ရည်စူး ပြီး အဘိဓမ္မာအခါတော်နေ့သတ်မှတ်ကာ ကျင်းပ ပူဇော်ကြခြင်းဖြစ်ပါသည်။
မြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရားတော် ဟောကြားပြီးမြောက်တော်မူသော ဝါကျွတ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည် မှ လူ့ပြည်လူ့ရပ်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းတော်မူသည်။ နတ်ပြည်မှလူ့ပြည်သို့ ကြွမြန်း ရာတွင် ပတ္တမြားစောင်းတန်းကို အလယ်မှာထားကာ လက်ယာဘက်တွင် ရွှေစောင်းတန်းနှင့် လက်ဝဲဘက် တွင် ငွေစောင်းတန်းဖြင့်ထားရှိသည့် စောင်းတန်း သုံးသွယ်ကို သိကြားမင်းက ဖန်ဆင်းပူဇော်ပေးထား ပါသည်။
မြတ်စွာဘုရားရှင်က ပတ္တမြားစောင်းတန်းမှ ကြွမြန်းတော်မူသည်။ မြတ်စွာဘုရားရှင်ကြွမြန်းတော် မူနေစဉ် လက်ယာဘက် ရွှေစောင်းတန်းတွင် နတ် အပေါင်းနှင့် လက်ဝဲဘက်ငွေစောင်းတန်းတွင် ဗြဟ္မာ အပေါင်းတို့ လိုက်ပါလာကြသည်။ မြတ်စွာဘုရားရှင် ၏လက်ယာဘေးတွင် ပဉ္စသင်္ခနတ်သားက ဗေလုဝ နတ်စောင်းတီးကာ သုယာမနတ်မင်းက စာမရီ သားမြီးယပ်ကို လွှဲခပ်၍ သန္တုသိတနတ်မင်းက ပတ္တမြားယပ်ကို လွှဲခပ်လျက် သိကြားမင်းက ဝိဇယုတ္တရ ခရုသင်းကိုမှုတ်ပြီး ပူဇော်လာကြသည်။ လက်ဝဲဘေးတွင် မာတလိနတ်သားက ပန်းနံ့သာ အမွှေးအကြိုင် တို့ဖြင့်ပူဇော်ကာ သဟံပတိဗြဟ္မာမင်း ကြီးက ဗြဟ္မာထီးဖြူတော်ကြီးကို ဆောင်းမိုးပူဇော် လာပါသည်။
ဆီမီးမြင်းမိုရ်ပွဲတော်ဟုလည်း ခေါ်တွင်
မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော်များနှင့် အတူ စောင်းတန်းအသီးသီးမှ ရွှေရောင်၊ ငွေရောင်၊ ပတ္တမြားရောင်များက တလက်လက်တပြောင်ပြောင်၊ တဝင်းဝင်းတထိန်ထိန်နှင့် ဖိတ်ဖိတ်တောက်နေ သည်။ နတ်၊ ဗြဟ္မာ၊ သိကြားတို့ဝန်းရံကာ ကြွမြန်း တော်မူလာသည့် မြတ်စွာဘုရားရှင်ကို လူ့ပြည်မှ ရဟန်း၊ ရှင်၊ လူအပေါင်းတို့က ဆီးကြိုဖူးမြော်ပူဇော် ကြသည်။ ထိုသို့ဖူးမြော်ပူဇော်ကြသည်ကို အကြောင်း ပြုကာ မြတ်စွာဘုရားရှင်အားရည်မှန်းပြီး သီတင်း ကျွတ်လပြည့်နေ့တွင် ဆီမီးရောင်စုံများ ထွန်းညှိ ပူဇော်ကြသည်။ မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်မှ ကြွမြန်းတော်မူလာသည်ကို အကြောင်း ပြုပြီးကျင်းပပူဇော်ခြင်းဖြစ်၍ တာဝတိံသာပွဲတော် ဟုခေါ်တွင်ခြင်းဖြစ်သကဲ့သို့ တာဝတိံသာနတ်ပြည် ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ကြွမြန်းတော်မူလာ သည်ကိုအကြောင်းပြုပြီး ကျင်းပပူဇော်ခြင်းဖြစ်၍ ဆီမီးမြင်းမိုရ်ပွဲတော်ဟုလည်း ခေါ်တွင်လာခဲ့ခြင်း ဖြစ်ပါသည်။
ထို့ပြင် သီတင်းကျွတ်လပြည့်နေ့တွင် “ပဝါ ရဏာပွဲတော်” ကိုလည်း ကျင်းပပါသည်။ ရဟန်း သံဃာတော်များသည် သီတင်းကျွတ်လပြည့်နေ့ တွင် ဝါဆိုတော်မူသည့် ကျောင်းတိုက်အတွင်းရှိ သိမ်တော်၌ ပဝါရဏာပွဲတော်ကျင်းပကြပါသည်။ ပဝါရဏာဟူသည် “အပြစ်ရှိလျှင် ဆုံးမပါဟု ရဟန်း သံဃာတစ်ပါးစီက သံဃာအားဖိတ်ကြားမှု” ဟူ၍ မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ရဟန်းသံဃာတော်များအချင်းချင်း အပြန်အလှန် ဖိတ်ကြားသည့်(ဝါ)တိုက်တွန်းတောင်းပန်သည့်ပွဲ ဖြစ်ပါသည်။
ပဝါရဏာပွဲ
ရဟန်းသံဃာတော်များသည် သီတင်းကျွတ် လပြည့်နေ့၌ သင့်လျော်သောအချိန်တွင် သိမ်တော် မင်္ဂလာသို့စုရုံးကာ ပဝါရဏာပြုကြသည်။ ရှေးဦးစွာ ဝါတော်သိက္ခာအကြီးဆုံးသော ရဟန်းသံဃာတော် က “တပည့်တော်သည် သံဃာတော်ကို ဖိတ်ကြား ပါ၏။ တပည့်တော်၏အပြစ်ကို မြင်၍သော်လည်း ကောင်း၊ ကြား၍သော်လည်းကောင်း၊ သံသယရှိ၍ သော်လည်းကောင်း တပည့်တော်အား သနားသော အားဖြင့် ပြောဆိုသတိပေးတော်မူကြပါ။ အပြစ်ကို ရှု၍ကုစားပါမည်”ဟု ရဟန်းသံဃာတော်တို့အား သုံးကြိမ်တိုင်တိုင် ဖိတ်ကြားတိုက်တွန်းရပါသည်။ ထို့နောက် ဝါတော်စဉ်အလိုက် ရဟန်းသံဃာတော် ကုန်သည်အထိ သုံးကြိမ်စီဖိတ်ကြားလျှောက်ထား ကြရ၏။ ဖိတ်ကြားပြီးတိုင်း ကျန်ရဟန်းသံဃာများ က သာဓုသုံးကြိမ်ခေါ်ရ၏။ ထိုသို့ရဟန်းသံဃာ အချင်းချင်း အပြန်အလှန်ဖိတ်ကြားတိုက်တွန်း သောပွဲကို ပဝါရဏာပွဲဟူ၍ ခေါ်ဆိုကြခြင်းဖြစ်ပါ သည်။ အပြစ်ရှိပါက ပြုပြင်ပေးရန်အတွက် ဖိတ်ခေါ်သောပွဲလည်းဖြစ်ပါသည်။
မြတ်စွာဘုရားရှင်၏ တပည့်သာဝကရဟန်း သံဃာတော်များသည် ဝါကျွတ်သည်နှင့်တစ်ပြိုင် နက် ဝါဆိုဝါကပ်ရာနေရာအသီးသီးမှ ပြန်လည် ကြွမြန်းလာကာ မြတ်စွာဘုရားရှင်အား ဖူးမြော် ကန်တော့ကြပါသည်။ ထိုသို့ဖူးမြော်ကန်တော့သည့် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာသည် ယနေ့ထိတိုင် အောင် မြဲမြံတည်တံ့လျက်ရှိပါသည်။ ဝါကျွတ် ကာလတွင် မိမိထက်ဂုဏ်ကြီးသူ၊ အသက်ကြီးသူ များအား ပူဇော်ကန်တော့ကြခြင်းသည် မင်္ဂလာ တရားတော်နှင့်အညီ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာ ကို ထိန်းသိမ်းနေခြင်းဖြစ်ပေသည်။
ယနေ့မျက်မှောက်ကာလ သီတင်းကျွတ် လပြည့်နေ့တွင် ဘာသာရေးပွဲတော်များခင်းကျင်း ပူဇော်ကြသကဲ့သို့ လူမှုရေးပွဲတော်များကိုလည်း ခင်းကျင်းပူဇော်ကြပါသည်။ သက်ကြီးရွယ်အို ဘိုးဘွားများ၊ ဦးလေးအဒေါ်များ၊ အမိအဘများ၊ ဆရာသမားများကို သားမြေးတပည့်များက စုပေါင်း၍ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ပူဇော် ကန်တော့ကြပါသည်။ သားမြေးတပည့်များက ဘိုးဘွားမိဘဆရာများထံဦးခိုက်ကာ အပြစ်ရှိသမျှ ကို သည်းခံကျေအေး၊ ခွင့်လွှတ်ပေးရန် တောင်းပန် ကန်တော့ကြ၏။ ဘိုးဘွားမိဘဆရာများကလည်း သားမြေးတပည့် များအပေါ် သည်းခံကျေအေး၊ ခွင့်လွှတ်ပေးကြ၏။ အပြန်အလှန်လေးစားခြင်း၊ သည်းခံခွင့်လွှတ်ခြင်း တည်းဟူသော ငြိမ်းချမ်းမှု သန္တရသကို ဖော်ဆောင်ပေးနေသည့်လူမှုရေး ပွဲတော်ဖြစ်ပါသည်။ အလွန်တရာချမ်းမြေ့ကြည်နူး စရာကောင်းလှပါသည်။
သီတင်းကျွတ်လအခါသမယတွင် ကျင်းပ ပူဇော်မှုပြုကြသော ဘာသာရေးပွဲတော်များနှင့် လူမှုရေးပွဲတော်များသည် မင်္ဂလာတရားတော်နှင့် အညီ ဂါရဝတရားနှင့် နိဝါတတရားကိုမြတ်နိုး လေးစားတန်ဖိုးထားသည့် မြန်မာ့ယဉ်ကျေးမှု ဖြစ်ပေသည်။ “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို ထောက်ထားငဲ့ညှာ” သည့် မြန်မာ့အမျိုးသားရေးစရိုက်လက္ခဏာ ဖြစ်ပေ သည်။ ထို့ပြင် လွန်စွာစွဲမက်နှစ်သက်စရာကောင်း သည့် မြန်မာ့ရိုးရာဓလေ့၊ ထုံးတမ်းစဉ်လာအမွေ အနှစ်လည်းဖြစ်ပါသတည်း။ ။
ကျမ်းကိုးစာရင်း
၁။ ပါဠိသက်ဝေါဟာရအဘိဓာန် ဦးထွန်း မြင့်၊ မြန်မာထုတ်ဝေသူများအဖွဲ့၊ ၂၀၀၄ ခုနှစ် ဇူလိုင်လ (ဒုတိယအကြိမ်)
၂။ မြန်မာဆိုရိုးစကား မြန်မာစာအဖွဲ့ဦးစီး ဌာန၊ ၁၉၉၆ ခုနှစ် အောက်တိုဘာလ (ပထမအကြိမ်)
၃။ မြန်မာဆယ့်နှစ်လအကြောင်း မောင်ထင်၊ ပါရမီစာပေ ၂၀၀၅ ခုနှစ် မေလ (ပထမ အကြိမ်)
၄။ မြန်မာအဘိဓာန် မြန်မာစာအဖွဲ့ ဦးစီး ဌာန၊၂၀၀၈ ခုနှစ် သြဂုတ်လ (ဒုတိယ အကြိမ်)
- Log in to post comments