ယနေ့သည် သီတင်းကျွတ်ကာလ အများပြည်သူရုံးပိတ်ရက်ဖြစ်သည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရလည်းကောင်း၊ ဘာသာရေးအစဉ်အလာအရ လည်းကောင်း ရက်ကောင်းကာလ ရက်မြတ်အချိန်အခါသမယဖြစ်သည်။ ယနေ့ သည် သီတင်းကျွတ်ရာသီ အဖိတ်နေ့ဖြစ်သဖြင့် ကောင်းမှုကုသိုလ်များ စတင် ပြုလုပ်မည့်အချိန်အခါဖြစ်သည်။ ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ကောင်းမှုကုသိုလ် များနှင့် ပွဲလမ်းသဘင်များ စုံညီလှသောကာလဖြစ်သည်။
ဝါလကင်းလွတ် သီတင်းကျွတ်သည် မြတ်စွာဘုရားရှင်၏ ပညတ်တော်အရ ဝါတွင်းသုံးလ ဝါဆိုတော်မူကြသည့် ရဟန်းသံဃာတော်များ ဝါဆိုပြီးနောက် သီတင်းသုံးရာနေရာများမှ စတင်လွတ်မြောက်ခဲ့ခြင်းကို ရည်ရွယ်၍ သီတင်းကျွတ် လဟူ၍လည်းကောင်း၊ ဝါကျွတ်ကာလဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဝါကျွတ် ကာလတွင် ဘုရားအမှူးရှိသော ရတနာသုံးပါးအား ပူဇော်ကန်တော့ခြင်း၊ သံဃာတော်များအချင်းချင်း ဖိတ်ကြား၍ဆုံးမခြင်း၊ အဆုံးအမကို နာခံသည့် “ပဝါရဏာ” ပြုလုပ်ခြင်းတို့သည် သီတင်းကျွတ်ကာလ၏ အနှစ်သာရဖြစ်သည်။ ပြုမိခဲ့သမျှအပြစ်တို့ကို ခွင့်လွှတ်ပါရန် တောင်းပန်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်ပြီး ဗုဒ္ဓ သာသနာထွန်းကားသောနိုင်ငံလည်းဖြစ်သည်။ သီတင်းကျွတ်ကာလသည် ဘာသာ ရေးယဉ်ကျေးမှုအစဉ်အလာကို အဓိကရှေးရှုသောကာလဖြစ်၍ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို မပျောက်ပျက်စေဘဲ ကုသိုလ်ကောင်းမှုနှင့် ပျော်မှုရွှင်မှုတို့ကို တွဲဖက်ပြုလုပ်ကြရန်ဖြစ်သည်။ အဖိတ်နေ့၊ သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့် ကျော်တစ်ရက် သုံးရက်တာကာလကို ဘာသာရေးယဉ်ကျေးမှုအစဉ်အလာအရ မြတ်စွာဘုရားရှင်ကို ရည်မှန်း၍ ဆီမီးထိန်ထိန် ထွန်းညှိကာ ပူဇော်မှုကို ပြုလုပ် ကြသည်။ သီတင်းကျွတ်ဆီမီးပူဇော်ပွဲများ ပြုလုပ်ကြသည်။
မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များတွင် သင်္ကြန်အခါတော် ရေသဘင် ပွဲပြီးလျှင် သီတင်းကျွတ်မီးထွန်းပူဇော်ပွဲသည် အစည်ကားဆုံးဖြစ်သည်။ ဘုရား၊ စေတီ၊ ပုထိုးကျောင်းကန်များ၊ လမ်းများ၊ အိမ်များတွင် ဆီမီးထွန်းညှိပူဇော်ကြသည်။ ခေတ်ကာလ တဖြည်းဖြည်းရွေ့လျောလာသောအခါ မီးထွန်းပွဲတော်များကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပြောင်းလဲကျင်းပကြသည်။ သီတင်းကျွတ်မီးထွန်းပူဇော်ပွဲ ကို မြန်မာ့ရိုးရာအစဉ်အလာမပျက်စေဘဲ၊ ဘာသာရေးယဉ်ကျေးမှုအနှစ်သာရ မပျက်စေဘဲ ဆက်လက်ထိန်းသိမ်းကျင်းပကြရန် လိုအပ်ပေသည်။ ယနေ့အချိန် အခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် မတည်ငြိမ်မှုအမျိုးမျိုးတို့ကြောင့် ပြည်သူတို့ စိတ်နှလုံးမရွှင်လန်းရသောအခါတွင် ဤသီတင်းကျွတ်ကာလ၌ ကုသိုလ်အထူး ပြုလုပ်ကြ၍ ကိုယ်စိတ်နှလုံးလန်းဆန်းကြည်လင်အောင် ဆောင်ကြဉ်းကြရမည် ဖြစ်သည်။
သီတင်းကျွတ်ကာလတွင် ဘာသာရေးနှင့်ပတ်သက်၍ ခင်းကျင်းပူဇော်ရမည် ဖြစ်ရာ စိတ်နှလုံးရွှင်လန်းစေသော လူမှုရေးပွဲတော်များကိုလည်း ယဉ်ကျေးမှုအစဉ် အလာနှင့် စည်းကမ်းဥပဒေများနှင့်အညီ ခင်းကျင်းပြုလုပ်သင့်ကြပေသည်။ သက်ကြီးရွယ်အိုအဘိုးအဘွားများ၊ မိဘ၊ ဆရာသမားများအား သားသမီး၊ မြေး၊ မြစ်များနှင့် တပည့်တပန်းများက စုပေါင်း၍ဖြစ်စေ၊ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ ပူဇော်ကန်တော့ကြမည်ဖြစ်သည်။ မိဘဘိုးဘွား၊ ဆရာသမားများထံတွင် အပြစ် ရှိသမျှတို့ကို သည်းခံခွင့်လွှတ်၊ ကျေအေးနားလည်ပေးပါရန်နှင့် လေးစားသမှုဖြင့် ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးသည့် မင်္ဂလာရှိသော နေ့ကောင်းရက်မြတ်ဖြစ်သည်။ ယခုအခါ ကောင်းမြတ်သည့်မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများသည် ခေတ်ကာလ ရွေ့လျောလာသည်နှင့်အမျှ တိမ်ကောလာရာမှ အချို့ဆိုလျှင် ပပျောက်လုနီးပါး ဖြစ်နေသည်ကို တွေ့ရသည်။ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုသည် ထိုနိုင်ငံ၏အသက် ဝိညာဉ်ဖြစ်သည်။ ယဉ်ကျေးမှုပျောက်လျှင် နိုင်ငံလည်း ပျောက်ကွယ်နိုင်သည်ဖြစ်၍ ကောင်းမြတ်သောယဉ်ကျေးမှုအစဉ်အလာများ မပျောက်ပျက်အောင် ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်ပေသည်။
မြန်မာလူမျိုးများ၏ စိတ်သန္တာန်၌ ရှေးဘိုးဘွားမိဘများ၏ ယဉ်ကျေးမှုအစဉ် အလာများကို ပစ်ပယ်လို၍မဟုတ်သော်လည်း တိုးတက်ပြောင်းလဲလာသောအခြေ အနေများနှင့် ခေတ်ကာလရေစီးကြောင်းအရ ရုပ်ပိုင်းဆိုင်ရာဘက်တွင် အလေးသာ ပြီး ဒြပ်ရှိယဉ်ကျေးမှုအစဉ်အလာများ၊ ဒြပ်မဲ့ယဉ်ကျေးမှုအစဉ်အလာများကို မေ့ပျောက်စပြုလာကြသည်။ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုအစဉ်အလာများကို မေ့ပျောက်လာကြသောအခါတွင် ယဉ်ကျေးသော မြန်မာ့လူ့ဘောင်အဖွဲ့အစည်း ကြားတွင် ယဉ်ကျေးမှုနှင့်မဆီလျော်သော အပြုအမူ၊ ဓလေ့စရိုက်များ အားကြီး ဖုံးလွှမ်းလာသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် ဘာသာသာသနာနှင့်စပ်လျဉ်းသည့် ဤကဲ့သို့ ယဉ်ကျေးမှုအစဉ် အလာကြီးမားသော သီတင်းကျွတ်ကာလအခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား အပေါင်းတို့အနေဖြင့် မင်္ဂလာတရားတော်နှင့်အညီ ဂါရဝတရား၊ နိဝါတတရားတို့ကို မြတ်နိုးလေးစားတန်ဖိုးထားသည့်အစဉ်အလာများကို မပျောက်ပျက်အောင်၊ ဖော်ထုတ်နိုင်အောင် ကြိုးပမ်းအားထုတ်သင့်ပါသည်။ မြန်မာတို့၏ ကောင်းမြတ်သော ယဉ်ကျေးမှုအစဉ်အလာလက္ခဏာများ အစဉ်ထွန်းကားခြင်းဖြင့် ငြိမ်းချမ်းသာယာ သောလူ့ဘောင်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ ။