ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်   အောက်တိုဘာ  ၁၈


ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ဆိုသည့် ဆောင်ပုဒ်  နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာကျောင်းစုရပ်များ၌ အသက် ၁၂ နှစ်နှင့်အထက်  ကျောင်းသား ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေး


ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် ကမ္ဘာအေး ဘုရားလမ်းရှိ အမှတ်(၂)  အခြေခံပညာအထက်တန်း ကျောင်း    နန်ယန်စုရပ်၌   ဗဟန်းမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်း များမှ ကျောင်းသား  ကျောင်းသူများကို   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ် ဆေး   လာရောက်ထိုးနှံကြသော   ကျောင်းသား ကျောင်းသူများကို   ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက   ကိုယ်အပူချိန်တိုင်း  ပေးခြင်း၊   သွေးအတွင်း   အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကို    ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးကြသည်။


အလားတူ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)စုရပ်တွင်     မြို့နယ်  အတွင်းရှိ   အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ များကိုလည်းကောင်း၊ ကမာရွတ်မြို့နယ်  အမှတ်(၂)     အခြေခံပညာ      အထက်တန်းကျောင်းစုရပ်တွင်  မြို့နယ်အတွင်းရှိ ကျောင်းသား  ကျောင်းသူများကို လည်းကောင်း၊  လှိုင်မြို့နယ်  ရန်ကုန်ယူနိုက်တက် ဘောလုံးကွင်းရှိ   အားကစားခန်းမ၌    မြို့နယ် အတွင်းရှိ   အခြေခံပညာအထက်တန်းကျောင်းနှင့်  အလယ်တန်းကျောင်း စုစုပေါင်း   ၁၆  ကျောင်းမှ ကျောင်းသား  ကျောင်းသူများကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်   အမှတ်(၃)    အခြေခံပညာအထက် တန်းကျောင်း (အောင်ဆန်း)    ကျောင်းစုရပ်နှင့်   မင်္ဂလာဒုံမြို့နယ်   အမှတ်(၂)   အခြေခံပညာအထက် တန်းကျောင်း    (အောင်ဆန်းသူရိယလှသောင်း)ကျောင်းစုရပ်တို့၌ မြို့နယ်များအတွင်းရှိ ကျောင်းသား  ကျောင်းသူများကိုလည်းကောင်း ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ထို့ပြင် ဒလမြို့နယ် မြို့မ(၄)ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အံ့ကြီး အနောက် ရပ်ကွက်ရှိ အမက(၁၃)ကျောင်း၊ တာကြီးရပ်ကွက်ရှိ အလက(၆) ကျောင်းနှင့်  ပျော်ဘွယ်ကြီးစံပြကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတို့ရှိ ဆေးထိုး စုရပ်များ၌ မြို့နယ်များအတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်း ကျောင်းများမှ  ကျောင်းသား  ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးသည့်   နေရာများ၌ လည်း  ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များထားရှိ၍ လက်ဆေးစေခြင်း၊  နှာခေါင်းစည်းများ  ဝေငှပေးခြင်း၊   ဆေးထိုးရန် လာရောက်ကြသည့်  ကျောင်းသား  ကျောင်းသူများကို    ကိုယ်အပူချိန်   တိုင်းတာပေးခြင်း၊  သွေးပေါင်ချိန် တိုင်းတာခြင်း၊  သွေးထဲတွင်ရှိသည့်  အောက်ဆီဂျင် ပမာဏတိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပေးပြီး  လုပ်ငန်းစဉ်များ  ပုံမှန်ဖြစ်မှသာ  ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်သည်။    အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများ  လိုအပ်ပါက    ကုသပေးနိုင်ရန်   စီစဉ်ထားကြောင်းနှင့်   ကာကွယ်ဆေးလာရောက်  ထိုးနှံကြသည့်   ကျောင်းသား  ကျောင်းသူများကို  ကာကွယ်ဆေးထိုးနှံပြီးနောက်  နောက်ဆက်တွဲ ပြဿနာ၊  အန္တရာယ်တစ်စုံတစ်ရာ  ရှိ/မရှိ သိရှိနိုင်ရန်  နာရီဝက်စောင့်ကြည့်ပြီး  တစ်စုံတစ်ရာ  ထူးခြားမှု ရှိပါက  ချက်ချင်းသတင်းပေးပို့ အကြောင်းကြားနိုင်ရန်  ဆောင်ရွက်ထားကြောင်း  သိရသည်။  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး  ထိုးနှံကြမည့်  ကျောင်းသား   ကျောင်းသူများ  ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်  သွားလာနိုင်စေရန် School Bus များ  စီစဉ်ပေးထားပြီး  ဆေးထိုးစုရပ်  ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊   မီးသတ်တပ်ဖွဲ့၊  ကြက်ခြေနီတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့များက လုံခြုံရေးဆောင်ရွက် ပေးထားကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇူလိုင် ၈ ရက်  ကျောင်းတက်ခဲ့သည့်  စာရင်းအရ   ကျောင်းသား ကျောင်းသူ ၆၈၅၅၈ ဦးကို  ကာကွယ်ဆေး   ပထမ အကြိမ်  ထိုးနှံခြင်းဖြစ်ပြီး ကျန်ရှိနေသော အသက် ၁၂ နှစ်နှင့်အထက်  ကျောင်းသား  ကျောင်းသူ များကိုလည်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်        ထိုးနှံပေးသွားမည်ဖြစ်ကြောင်း     သိရသည်။                          

- ကိုကိုဇော်
ဓာတ်ပုံ - ဇော်မင်းလတ်