
“သေရွာကာလ၊ ရောက်ကြသောအခါ
ကိုယ့်နောက်ကိုကား၊ ဘာများပါမှာ
ပစ္စည်းစုစု၊ တစ်ခုမပါ
ကိုယ်ပြုထား၊ ကံများပါမည်သာ။”
“ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာ မည်” လို့ ဆရာတော်ဘုရားများ ဟောကြားတာကို နာကြားဖူးပါရဲ့။ လူကြီးသူမတွေက မကောင်းမှုတွေ မပြုလေနဲ့ ရှောင်ကြဉ်ကွဲ့။ ကုသိုလ်ကောင်းမှုအစုစု ကိုတော့ ရနိုင်သမျှ သတိတရနဲ့ ပြုလုပ်ဖြစ်အောင် ကြိုးစားကွဲ့။ ကိုယ့်စိတ်ကို ဖြူစင်အောင်ထား။ လောဘ ဒေါသမများစေနဲ့။ မနာလိုဝန်တို ငြူစူမရှိ လေနဲ့။ သူသူငါငါ ကိုယ်လုပ်တဲ့ကံအတိုင်း ကိုယ့် လမ်းကို ကိုယ်သွားနေကြတာတဲ့။ စံစရာရှိတော့ စံပေါ့။ ခံစရာရှိတော့ခံပေါ့။
လူကြီးတွေဘာပြောပြော ငယ်ရွယ်စဉ်က နားမလည်ပါ။ ကိုယ်လုပ်ချင်ရာလုပ်တာပဲ။ မလုပ် ချင်တာမလုပ်ဘူး။ ဒါပဲ။ ဘာမှရှည်ရှည်ဝေးဝေး လည်း စဉ်းစားမနေပါဘူး။ ကြိုက်ရာလုပ်တယ်။ ကြိုက်တာလုပ်တယ်။ ဒီလိုပဲ။ ကိုယ်ပြုတဲ့ကံ ပဲ့တင်သံအဖြစ် တုံ့ပြန်ချက်အကျိုးဆက်တွေကို လုပ်နေရင်းမှာ အကောင်းအဆိုးအမျိုးမျိုးထဲက ခွဲခြားသိရှိလာရတယ်။ အသက် ၁၀ နှစ်အရွယ်ထက် အသက် ၂၀ မှာ ပိုသိလာတယ်။ အသက် ၂၀ ထက် အသက် ၃၀ မှာဆို ပိုမြင်လာတယ်။ အသက် ၄၀ နီးနီးအရွယ်လောက် ရောက်တဲ့အခါမှာတော့ ဒုလ္လဘရဟန်းအဖြစ် သင်္ကန်းစည်းပြီး ဝိနည်းသိက္ခာ ပုဒ်တွေကို စောင့်ထိန်းတဲ့အလေ့အကျင့် (သင်္ကြန် ကာလ ၁၀ ရက်၊ ၁၅ ရက်လောက်) သုံးနှစ်ဆက် တိုက် တရားစခန်းဝင်၊ ချမ်းမြေ့ဆရာတော်ကြီး နေ့စဉ်ဆုံးမဟောကြားတဲ့ တရားတော်တွေ နာယူ ရပြီး အသိအမြင် တော်တော်လေးဆင်ခြင်မိလာ တယ်။ အမ္မလဋိက ရာဟုလောဝါဒသုတ်ဟာ အသက် ခုနစ်နှစ်သားအရွယ် သားတော်ရာဟုလာ ကိုရင်လေးကို မြတ်စွာဘုရားသခင် ဟောကြား တော်မူတဲ့တရားပေါ့။ ချမ်းမြေ့ရိပ်သာမှာ ရဟန်း ဝတ်ပြီး တရားစခန်းမဝင်ခင်က တစ်ကြိမ်တစ်ခါမှ မကြားဖူး၊ မနာဖူးခဲ့ပါ။ သိလည်းမသိဘူး။
ဒီအချိန်မှာ မိမိအသက်အရွယ် ၃၀ ကျော်ခဲ့ ပါပြီ။
“မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား”
အစရှိသဖြင့် ချမ်းမြေ့ဆရာတော်ဘုရားကြီး သင်ကြားပေးတဲ့ ရာဟုလောဝါဒသုတ္တံ မြန်မာပြန် ကဗျာလင်္ကာလေးကို နေ့ခင်းတရားနာရင်း နာကြားရတယ်။ တကယ်တော့ ဒီကဗျာလေးဟာ မိမိတို့လေးတန်းမှာ လက်စွဲသင်ယူခဲ့ရတဲ့ ဗုဒ္ဓ ဘာသာ အခြေခံသင်ခန်းစာထဲမှာလည်းပါခဲ့တဲ့ မြတ်စွာဘုရား (၅၆၃-၄၈၃ ဘီစီ) ရဲ့ ဓမ္မပဒ (စာပိုဒ် ၁၈၃) အဆုံးအမလေးပဲ-
“သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပသမ္ပဒါ
သစိတ္တ ပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။”
တကယ်က ကမ္မ သဒ္ဒဟန၊ ကောင်းကံဆိုးကံ ကံတရားကို ယုံကြည်ခြင်းသဘောကို ကလေးဘဝ ကတည်းက သင်ခဲ့ရပေတာ။
အစိုးရမူလတန်းကျောင်း စတုတ္ထတန်းမှာ သင်ကြားဖို့ ညွှန်ကြားစီစဉ်ခဲ့တဲ့ ထိုအချိန်က ဖဆပလအစိုးရ ဝန်ကြီးချုပ်ဦးနုကိုလည်း ကျေးဇူး တင်စရာပဲ။ ဝန်ကြီးချုပ် လျှောက်ထားပန်ကြားချက် အရ အခြေခံဗုဒ္ဓဘာသာစာအုပ်လေးများ မူလတန်း၊ အလယ်တန်း ကလေးသူငယ်အရွယ်နဲ့ ကိုက်ညီ ဆီလျော်အောင် ရေးသားပြုစုပေးတော်မူခဲ့တဲ့ အမရ ပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ (၁၉၀၀-၁၉၇၇)ရဲ့ ကျေးဇူးတော်ဟာလည်း နိုင်ငံ တော်ရဲ့အနာဂတ်အတွက် အလွန်ကြီးမားတဲ့ ယဉ်ကျေးမှုအမွေအနှစ်ပေးခြင်းမို့ အတိုင်းအဆမသိ ကြီးမားတော်မူပါပေရဲ့။ ဆရာတော်ဘုရားကြီးကို ဦးတင်ပါတယ်ဘုရား။
မိမိတို့မူလတန်း၊ အလယ်တန်းကျောင်းသား အရွယ်က အဲဒီအခြေခံဗုဒ္ဓဘာသာ သင်ခန်းစာ စာအုပ် ကို ပြဋ္ဌာန်းပေးခဲ့တဲ့ ပညာရေးဆိုင်ရာအကြီးအကဲတွေ၊ သင်ကြားပို့ချပေးခဲ့ကြတဲ့ ဆရာ ဆရာမတွေအားလုံး တို့ရဲ့ဂုဏ်ကျေးဇူးကိုလည်း အောက်မေ့သတိရ ပူဇော် မိပါတယ်။ ရှေ့ပုဂ္ဂိုလ်တွေ အရည်အသွေးရော၊ စေတနာရော၊ ရွေးချယ်ဆုံးဖြတ် လုပ်ဆောင်တတ်ပုံ တွေရော လေးစားချီးကျူးစရာတွေပါ။ (နားမဝင်ခဲ့ တာက မိမိညံ့လို့ပါ)
ကမ္ဘာသူ ကမ္ဘာသား လူသားအားလုံးအတွက် ကောင်းကျိုးပြုစေမယ့် အခြေခံတရား စကားသုံးခွန်း ဟာ မြတ်စွာဘုရား လေးဆယ့်ငါးဝါ ကာလပတ်လုံး လှည့်လည်သွားလာဖြန့်ဝေခဲ့တဲ့ တရားအားလုံးရဲ့ အနှစ်သာရပဲထင်ပါရဲ့။ သားတော်ရာဟုလာကို ဟောခဲ့တာလေ-
မကောင်းမှုဟူသမျှ တစ်စုံတစ်ခုမျှ မပြုလေနဲ့၊ ရှောင်ပါ။
ကောင်းမှုအပြုအမူများကိုကား ပြည့်စုံအောင် ကြိုးစားလေ။
မိမိစိတ်ကို အညစ်အကြေး ကင်းရှင်းဖြူစင် သန့်ရှင်းနေအောင် အစဉ်သတိပြုလျက် စောင့်ရှောက်နိုင်ပါစေ။
စာရေးသူ အသက် ၅၀၊ ၆၀ အရွယ်ရောက်လာတဲ့ အခါ သဗ္ဗပါပဿ အကရဏံ (မိမိအသက် ၁၀ နှစ် သားက ဘာမှန်းမသိဘဲ အလွတ်ကျက်ပြီးရခဲ့တဲ့) ပါဠိရဲ့ အနက်အဓိပ္ပာယ်ကိုပဲ သီတဂူဆရာတော် ဘုရားအရှင်ဉာဏိဿရ (အခုဆိုသက်တော် ၈၄ ထဲ မှာ ထင်ပါရဲ့) စီကုံးတော်မူတာလေး ကြားနာရ ပြန်တယ်-
“မကောင်းမှုများ ရှောင်ရှားပယ်ခွာ၊
ကောင်းမှုအပေါင်း စုဆောင်းကြပါ။
မိမိစိတ်ရင်း သန့်ရှင်းစေရာ၊
ဤသုံးပါး ဘုရားသာသနာ။”
တိုလည်းတို၊ ရှင်းလည်းရှင်း၊ အဓိပ္ပာယ်လည်း ထိမိ၊ တိကျ။ ဓမ္မပဒမှာပါတဲ့ စကားပြေသဘောကို ကဗျာလင်္ကာနဲ့ ငုံမိအောင်စပ်ဆိုထားတယ်။
မြတ်စွာဘုရားဟောကြားတဲ့ တရားတော်တွေ က လိုက်နာကျင့်သုံးသူ၊ လက်တွေ့လုပ်ဆောင်သူတွေ အားလုံးအတွက် ဆင်းရဲဝေးကွာ၊ ချမ်းသာစေပါတယ်။ ပစ္စည်းဥစ္စာ ရာထူးအာဏာ ချမ်းသာပြည့်စုံသည် ဖြစ်စေ၊ မချမ်းသာသည်ဖြစ်စေ စိတ်ကိုတော့ မုချ ချမ်းသာ အေးမြစေတာအမှန်ပါ။
စာရေးသူက ဘာသာတစ်ခုခုကိုပဲ အလေးပေး ပြီး ဝါဒဖြန့်နေခြင်းတော့မဟုတ်ပါ။ ဂေါတမဗုဒ္ဓ ဟောတဲ့တရားမို့ မှန်ရမယ်၊ အခြားဘာသာတွေ မမှန်ဘူး စသဖြင့်လည်းမပြောပါ။ ကိုယ်ကြိုက်တဲ့ ဘုရားကို ကိုးကွယ်၊ ကိုယ်ကြိုက်ရာ ဘုရားကျောင်း ကိုသွား၊ ကိုယ်နှစ်သက်ယုံကြည်ရာတရားကို ကျင့်ကြံအားထုတ်။ ဘယ်သူ့ကိုမှ မိမိကမတားဆီးပါ၊ မရှုတ်ချပါ၊ ရန်မလုပ်ပါ၊ မနှိပ်စက် မသတ်ဖြတ်ပါ။ ဒါဟာ အခြေခံလူ့အခွင့်အရေးတွေပေပဲ။
စဉ်းစားကြည့်လေ
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊
ဖြူအောင်စိတ်ကိုထားဆိုတဲ့ သဘောတရားက လူသားတိုင်းအတွက် ကောင်းကျိုးဖြစ်စေတဲ့ အဓိပ္ပာယ်ပဲလေ၊ မနှစ်သက်ရင်နေပါ၊ ကြိုက်ရာ လုပ်လို့ရပါတယ်။ ကိုယ့်အကြိုက်နဲ့ မကိုက်ညီလို့ တိုက်ခိုက်ရန်လုပ်တယ်ဆိုရင်တော့ ကိုယ်ထင်ရာ ကိုယ်စိုင်း၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုတာလို ပတ်ဝန်းကျင်အခြေအနေနဲ့ မကိုက်ညီ မဆီလျော်ဘဲ အံချော်နေပြီ။
လူဆိုတာ ကိုယ်တစ်ယောက်တည်းပဲ ရပ်တည် ရှင်သန်ချင်လို့ မရဘူးလေ။ လူ့ပတ်ဝန်းကျင်နဲ့ အညမည၊ သဟဇာတဖြစ်အောင် ညှိယူနေထိုင်ကြရ တယ်။ အကျယ်ပြောစရာမလိုပါဘူး၊ မိသားစု အစု အဖွဲ့၊ ရပ်ရွာအစုအဝေး၊ မြို့ပြပြည်ရွာ၊ လူတွေ အချင်းချင်း အပြန်အလှန်လေးစားကူညီတတ်တဲ့ သဘောထားအမြင်လေးတော့ လူပီသရင် ရှိရပေ မယ်။ ဒီမိုကရေစီစနစ် ထွန်းကားအောင်ကြိုးစားရမှာ။
ငါ့လှေငါထိုး ပဲခူးရောက်ရောက်။
ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ မူဝါဒအယူအဆက တော့ ကြမ်းလွန်းတယ်၊ ရက်စက်လွန်းတယ်။
ရိုင်းစိုင်းလွန်းလှတယ်။ ဘယ်နိုင်ငံမှာမှ လက်ခံ မှာမဟုတ်။
ကိုယ်ကြိုက်ရာဘာသာကို ကိုးကွယ်ပါ၊ ယုံကြည်ပါ။ ဘာမှနှောင့်ယှက်စရာမလိုဘူး။ လူသား တစ်ဦးချင်းစီရဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လူတိုင်းရဲ့ လူ့အခွင့်အရေးလေ။ အေးဗျာ- ဒါကို ဟန့်တား နှောင့်ယှက် အပြစ်တင်တိုက်ခိုက်လာကြတယ်ဆိုရင် တော့ သည်းခံရမယ့်စည်းကို တော်တော်ကျော်လာ တဲ့ အကြမ်းဖက်ယုတ်မာမှုလို့ သတ်မှတ်ရတော့မယ်။ လူတိုင်းက ဝိုင်းဝန်းဆန့်ကျင်ရမှာပါ။
ဥပဒေစည်းကမ်း လူ့ကျင့်ဝတ် ဓလေ့ထုံးစံ တွေရဲ့ ဟိုဘက်အစွန်းရောက်အောင် ၇၅ ဘူတာ ကျော်လွန်သွားပြီဆိုရမယ်။ ကြည့်စမ်းပါဦး-
“ပုံမှန်အချိန် ဘုရားဖူးထွက်တာ ထွက်ပါ။ သာဓုခေါ်ပါတယ်။ ခေတ်ပျက်ကြီးထဲ တအုန်းအုန်း တဒိုင်းဒိုင်းတွေကြား ဘုရားဖူးထွက်နေတဲ့သူတွေ ကိုမေးဦးမယ်။ အိမ်ကဘုရားတွေက ဘုရားမဟုတ် ကြလို့လား။ PDF တွေက သတိပေးထားတဲ့ကြားထဲ က ဘုရားဖူးတွေထွက်ကြတယ်နော်။ အခုဆို ဘုရားဖူးကားတွေနဲ့ ဟိုကောင်တွေက စစ်ကြောင်း ချီနေပြီ။ လုပ်ထည့်လိုက်ပြန်ရင်လည်း PDF တွေက ဘုရားဖူးကားတွေကို ပစ်ပါတယ်ဆိုပြီး ဘာသာ ရေးနဲ့ လှည့်တိုက်ကြဦးမှာ။ နောက်ဆို မလွှဲသာရင် ဟိုကသမတော့မှာ။ ရောထိမှ ဘုရားဖြစ်မယ့်အုတ်နီ ခဲကြီးများ သာဓုခေါ်ရင်း ပါသွားကြပေတော့ပဲ။ အခြေအနေမသိ၊ အချိန်အခါမသိတဲ့ဟာတွေ”
ဘယ်လောက်စော်ကားမိုက်ရိုင်းလာပြီလဲ?
“သူတော်ကောင်းကြီးတွေက
ဘုရားဖူးမသွားနဲ့
ရင်ထဲ ဘုရားတည် ပြီးတာပဲ”တဲ့။
(ဖေ့စ်ဘွတ်ထဲမှာ အဲဒီလိုတွေ့ရတော့ စိတ် မကောင်းဘူး။) တစ်ယောက်က ဝင်ပြီးမှတ်ချက် ရေးတယ်-
“မင်းတို့တွေလည်း သူတောင်းစားလို
ရိက္ခာပြတ်နေပါပြီ၊ လှူကြပါလို့
အလှူမခံကြနဲ့။
ရင်ထဲကထမင်းဆိုင်ဖွင့်ထား
ပြီးတာပဲ၊ ဒါလေးပြောချင်တယ်”။
(မင်းက ရိက္ခာလှူလို့လားမမေးနဲ့၊ မင်းတို့က ရော စေတီပုထိုး ဘုရားကျောင်းကန် ရဟန်း သံဃာတွေကို လှူလို့လားလို့ ပြန်မေးမယ်။)
ဘယ်သူဘယ်ဝါမမှတ်မိပါဘူး။ ဒီရက်ပိုင်းမှာ တွေ့မိတဲ့ စာမျက်နှာတွေထဲက တစ်ခုပါ။ အပြန် အလှန်ရေးသားပြောဆိုနေကြတာ အမျိုးမျိုးပါပဲ။
ဘယ်သူဘယ်ဝါ၊ ဘာလူမျိုး၊ ဘာကိုးကွယ် သူရယ်လို့ မခွဲခြားဘဲ လူ့ဘုံလောက လူသာမက ဟောဒီ ၃၁ ဘုံမှာ ရှိကြတဲ့သူအားလုံးအတွက် အမှန်တရားကတော့ (မိမိတို့ယုံကြည်သည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ) ကမ္မနိယာမသဘော။ ကံ ကံရဲ့အကျိုး၊ (ပဋ္ဌာန်းတရားတော်ထဲမှာပါတဲ့ ကမ္မပစ္စယော) ကိုတော့ ဘယ်သူမှလွန်ဆန်လို့မရပါ။
ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ၊ ကိုယ့်ထံ ပြန်လာမယ်။
ဒေါသဖြစ်ရင် အပြစ်ရမှာပဲ၊ စိတ်ကိုပြုပြင်။
မေတ္တာပွားရင် မေတ္တာတရား အပြုအမူရဲ့ အကျိုးဆက်ကို မလွဲမသွေရမှာပဲ။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ ယုံယုံ၊ မယုံယုံ ကောင်းမှုပြုက ကောင်းကျိုးရပြီး အကုသိုလ် ဒုစရိုက်မကောင်းမှု ပြုလုပ်ပါက ဆိုးကျိုးရမှာ သေချာပေတယ်။
ဝဋ်ဆိုရင် လုံးဝရှောင်လွှဲလို့မရ။
ငရဲဆိုတာက ကောင်းမှုများစွာနဲ့ ဖြေဖျောက် ရင် မကောင်းမှုက ပြေပျောက်နိုင်သေးတယ်။
သူတော်ကောင်းကြီးများ၊ အရဟတ္တဖိုလ် ပုဂ္ဂိုလ်များကို စော်ကားမိုက်မှားကြသူများကတော့ ငရဲလားရုံမက ဝဋ်ကြွေးတွေလည်း ပေးဆပ်ကြရ လိမ့်မယ်။ အသိဉာဏ်နည်းစွာ မလွဲမှားကြလေနဲ့ သားတို့သမီးတို့ရေ။ မိမိကိုယ်ကို ပြောင်းလဲ ဆယ်ယူကယ်တင်ကြပါလေ။ ဘယ်သူမပြု မိမိမှုကို သူတစ်ပါးက ကယ်ယူကူညီလို့မရပေ။
ကံဆိုတာ အလွန်တန်ဖိုးရှိတဲ့ မိမိရဲ့ ပိုင်ဆိုင်မှု အမြင့်မြတ်ဆုံးအရာတစ်ခု။ ကောင်းတာပြုရင် ကောင်းမှုကောင်းကျိုး မုချရတာ။ အဖိုးတန်တဲ့ကံ။
မသိမိုက်မဲလို့ လွဲလွဲမှားမှားနဲ့ ပါပ၊ ဒုစရိုက် တွေ၊ အကုသိုလ်တွေ ပြုလိုက်မိရင်လည်း ဆိုးကျိုး ခံရမှာပဲ။
ကိုယ်ပြုတဲ့အတွေး၊ အပြော၊ အရေး၊ အပြုအမူ၊ လုပ်ဆောင်ချက်။ အဲဒီကံအဟုန်သတ္တိတွေဟာ ဘဝအတွက် အဆုံးအဖြတ်ပေးတာမို့ ရွေးချယ်မှု လုံးဝမမှားစေနဲ့နော်။ လမ်းချော်ခဲ့သော် ပြင်ကြ နော်။
အာရုံကျရာ မမျောပါမိစေနဲ့။
ကိုယ့်ဘဝကို ကိုယ်ပဲပိုင်တယ်။ ရွေးချယ်ခွင့် ရှိတယ်။ ဘယ်သူမဆို ကိုးဆယ်ဒီဂရီ၊ တစ်ရာ့ ရှစ်ဆယ်ဒီဂရီ ဦးတည်ချက် အရပ်မျက်နှာ ပြောင်းလို့ရတယ်။ မှန်ရာကိုရွေးချယ်တတ်ရမယ်။ ပြောင်းသင့်ရင် ပြောင်းလဲ။
-ပုည ကုသလတရားဆယ်ပါး သိအောင် မေးပါ။
သိရင်လိုက်နာကျင့်သုံးပါ။
-ခင်ပွန်းကြီးဆယ်ပါး သိအောင်လေ့လာ။
ကျေးဇူးဆပ်နိုင်အောင် လုပ်ဆောင်ပါ။ (အသေးစိတ်ကို မရေးတော့ပါ)
-ဒုစရိုက်ဆယ်ပါး သိအောင်စူးစမ်းပါ။
မပြုမိအောင် ဝေးဝေးရှောင်ပါလေ။
ပုညကုသိုလ်ဆိုတာ ကိုယ်ပြုသမျှကောင်းကျိုး အမှန်တုံ့ပြန်ရရှိတယ်။ ဘာတွေလဲသိအောင်လေ့လာ။
ပါပ၊ အကုသိုလ်၊ မကောင်းမှုဆိုတာတွေက သားတို့သမီးတို့ ကြားဖူးနားဝရှိကြတဲ့ ငါးပါးသီလထဲ က အချက်တွေပါပဲ။ သူ့အသက် မသတ်ရဘူး၊ (သတ်ဖြတ်မှုတွေဟာ ဥပဒေအရ ဒီဘဝထောင်ကျ၊ သေဒဏ်နဲ့မပြီးသေးဘူး။ ဘဝအဆက်ဆက် ဝဋ်ကြွေး များစွာ ခံသွားရဦးမှာမို့ အပြစ်သိပ်ကြီးလွန်းတယ်)။ သူ့ဥစ္စာမခိုးရဘူး၊ (မလုရ၊ မဝှက်ရဘူး။) အရက်သေစာ၊ မူးယစ်ဆေးဝါး မမှီဝဲမသုံးစွဲရဘူး။ (စိတ်ငြိမ်းချမ်း အောင်လို့ပါ၊ ရဲဆေးတင်တာ စသဖြင့်ဆင်ခြေပေး မနေနဲ့။ စွဲစေတယ်။ စိတ်ရော၊ ရုပ်ရော ပျက်စီးစေ တယ်၊ ဘဝဆုံး လူလုံးမလှ ဖြစ်ရတတ်တယ်) ဝေးဝေး ကရှောင်ပါ။ မဟုတ်မမှန် မပြောရဘူး။ ကုန်းချော စကား၊ အမုန်းစကား၊ သိမ်ဖျင်းသောစကား မပြော ရဘူး။
မများပါဘူး။ လုံးဝမများပါဘူး။ သာမန်လူတော် လူကောင်းဖြစ်အောင်၊ အထူးသဖြင့် နိုင်ငံရေး ခေါင်းဆောင်ဖြစ်ချင်ရင်တော့ ဒီကိုယ်ကျင့်သီလ၊ စာရိတ္တကို ကောင်းမွန်အောင် ပျိုးထောင်ရမှာ အခြေခံ ပဲ။ ကျင့်သုံးရင် မခက်ခဲပါဘူး။ အကယ်၍သာ လိမ်လည်တယ်၊ ဖုံးကွယ်တယ်၊ လှည့်စားတယ်၊ မဟုတ်မမှန်ပြောဆိုတယ်၊ လာဘ်စားတယ်၊ ခိုး တယ်၊ ဝှက်တယ်၊ မသမာမှု အဂတိမှုတွေ ကျူးလွန် တယ်၊ အကျင့်စာရိတ္တမကောင်းဘူးဆိုရင် ဘယ်သူ က လေးစားချင်မှာလဲ။
အကုသိုလ် ဒုစရိုက်ကံတွေဟာ ဖုံးကွယ်လို့ မရပါ။ နောက်ကနေကပ်ပြီး ထက်ကြပ်မကွာ လိုက်လာစမြဲပဲ။ ရှေ့ကဖုံးလေ နောက်ကပေါ်လေ။
ကံအကြောင်းတွေပြောမယ်ဆိုရင် အများကြီး ပဲ။ သို့ပေမယ့် အနှစ်ချုပ်သာပြောကြပါစို့။
စေတနာကောင်းရင် ကံကောင်းတယ်။
စေတနာမြင့်မှ ကံမြင့်တယ်၊
စေတနာချမ်းသာမှ ကံချမ်းသာတယ်။
စေတနာမွဲတော့ ကံမွဲပြီပေါ့။
စေတနာ ကမ္မံ ဘိက္ခဝေတဲ့။ စေတနာကို ကံပါ ပဲလို့ ဓမ္မပဒ အပိုဒ် ၁ နဲ့ ၂ မှာ မြတ်စွာဘုရားသခင် ဟောကြားခဲ့ပုံကို သာဓကဖြစ်စဉ်တွေနဲ့တကွ တွေ့ရပါလိမ့်မယ်။ ဓမ္မပဒကျမ်းများ ဖတ်ဖူးစေချင် ပါတယ်။
ကံကောင်းချင်ရင် စိတ်ကောင်းမွေးပါ။
စိတ်ကောင်းစေတနာကောင်းထားမှသာ ကံ ကောင်းမှာပါ။ အကြံအစည်၊ အပြောအဆို၊ အပြု အမူမှန်သမျှ စေတနာကောင်းပါပါစေ။ ။
- Log in to post comments