
သတိပြုကာကွယ် အသက် (၁၈) နှစ်အောက်ကလေးများနှင့် ကိုဗစ်-၁၉ ရောဂါအန္တရာယ်
ထက်လျှံ
အသက် ၁၈ နှစ်အောက် ကလေးများတွင် ဖြစ်ပွားတတ်သော ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာ ရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါက်တာသန်းနိုင်စိုးကို တွေ့ဆုံမေးမြန်းခဲ့သည်။
မေး ။ ။ ကမ္ဘာ့နိုင်ငံတွေနဲ့ မြန်မာနိုင်ငံမှာ အသက်
၁၈ နှစ်အောက်ကလေးတွေမှာ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး ပြောကြား ပေးပါဦး။
ဖြေ ။ ။ မျိုးဆက်သစ်ကလေးတွေ ကိုဗစ် - ၁၉
အပါအဝင် ရောဂါတွေ ကင်းဝေးပြီး ကျန်းမာကြံ့ခိုင်ပြီး ပညာတတ်ဖို့လိုပါတယ်။ ဒါမှသာ နိုင်ငံရဲ့ လုပ်ငန်းတာဝန်တွေကို အနာဂတ်မှာ သူတို့ကို ပခုံးပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။
အစပိုင်းတွေ့ရှိချက်တွေက ကလေးတွေမှာ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုက လူကြီးတွေနဲ့ နှိုင်းစာရင် အတော်ကိုနည်းပါတယ်။ ဆေးရုံတက် ရောက်ရမှုနဲ့ သေဆုံးမှုနှုန်းတွေက နည်းပါတယ်။ နည်းတယ်ဆိုပေမယ့် သေဆုံးမှုမရှိဘူးလားဆိုရင် ရှိခဲ့ပါတယ်။ ရောဂါအခံတစ်မျိုးမျိုးကြောင့် ကိုယ်ခံ အားနည်းတဲ့ ကလေးတွေမှာ ဒီရောဂါပိုးဝင်လာတဲ့ အခါ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ကူးစက် ရောဂါ ဗေဒအရကြည့်မယ်ဆိုရင် ကိန်းဂဏန်းအရ နည်းတယ်လို့ ပြောလို့ရပေမယ့် ခံစားရတဲ့မိသားစု အနေနဲ့ ကြီးမားတဲ့ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။
ဒီဘက်ပိုင်းမှာ ဗိုင်းရပ်စ်ရဲ့သဘာဝက မျိုးတွေ ပြောင်းလာတယ်။ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ရဲ့ ကူးစက် မှုတွေ ကြီးကြီးမားမားဖြစ်တဲ့အခါ ကလေးတွေ၊ အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက်အရွယ် တွေမှာပါ ကူးစက်မှုတွေ တွေ့လာရပါတယ်။ ကလေးတွေမှာ လူကြီးတွေလို ဗိုင်းရပ်စ်ပိုးဝင်ရောက် နိုင်ပါတယ်။ ကိုဗစ် - ၁၉ ကြောင့် ဆေးရုံတက် ရောက်ရတာ၊ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပွား တာကို တွေ့လာရပါတယ်။ ဖြစ်ပွားမှုနှုန်း များလာ တာနဲ့အမျှ ဆေးရုံတက်ရောက်ရမှုနဲ့ သေဆုံးမှုတွေ ကို ခပ်စိတ်စိတ် တွေ့လာရပါတယ်။
ကလေးတွေကနေတစ်ဆင့် အဘိုး၊ အဘွား၊ မိဘ၊ မိသားစုအသိုင်းအဝန်းကို ပြန်လည်ကူးစက် နိုင်တယ်ဆိုတာကို တွေ့လာရပါတယ်။ ကလေးတွေ မှာဖြစ်ပွားတဲ့ ကိုဗစ် - ၁၉ ရောဂါက လျှော့တွက်လို့ မရတဲ့ အနေအထားဖြစ်လာပါတယ်။ အားလုံး သိရှိကြတဲ့အတိုင်း အသက် ၁၈ နှစ်အောက် ကလေး တွေကို ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးတဲ့ အစီအစဉ်တွေကို နိုင်ငံတကာမှာ ဆောင်ရွက်လာ ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အသက် ၁၈ နှစ် အောက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူတွေကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးတဲ့ အစီအစဉ်တွေ စတင် နေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အသက် ၁၈နှစ်အောက် ကလေး တွေအကြား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက တတိယ လှိုင်းမှာ သိသိသာသာကို တက်လာပါတယ်။ ဖြစ်ပွားမှုအနေနဲ့ တတိယလှိုင်းကာလ ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်အထိ အသက်အုပ်စုအလိုက် ခွဲခြားထားချက်တွေအရ အသက် ၁၈ နှစ်အောက် ကလေးဖြစ်ပွားမှုက ၃၃၆၁၀ ရှိပါတယ်။ ဖြစ်ပွားသူအားလုံးရဲ့ ၁၂ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ သေဆုံးမှုအနေနဲ့ ၁၈ နှစ်အောက် ကလေး ၂၈ ယောက်ရှိခဲ့ပြီး သေဆုံး မှု အားလုံးရဲ့ ၀ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ဒါက ကျန်းမာရေး စာရင်းအင်းစနစ်ရဲ့ ကိန်းဂဏန်းတွေအရ ပြည်သူ့ဆေးရုံတွေကနေ ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ ဒီအချက်အလက် ထဲကိုမရောက်ဘဲ အခြားနေရာတွေမှာ ရောဂါဖြစ်ပွား သေဆုံးမှုတွေ ရှိနိုင်တဲ့အတွက် ဒါကလျှော့တွက်လို့ မရဘဲ အရေးကြီးတယ်ဆိုတာ ပြောလိုပါတယ်။
အမေရိကန်နိုင်ငံ ကျန်းမာရေးဌာနက ထုတ်ပြန် တဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ကူးစက်နေချိန် အမေရိကန် နိုင်ငံမှာ စက်တင်ဘာလ ၁၀ ရက် တစ်ရက်တည်းမှာ ဆေးရုံတက်ရောက်ရတဲ့ ကလေးအရေအတွက်က ၂၅၄၄ ဦး ရှိပါတယ်။ ယခင် ကိုဗစ် - ၁၉ ကြောင့် ရောဂါပြင်းထန်လို့ ဆေးရုံတက်ရတဲ့ကလေးတွေက မူလရောဂါအခံတစ်ခုခု ရှိတတ်တာဆိုပေမယ့် နောက်ပိုင်းမှာ တစ်ဝက်လောက်နီးနီးက နဂို ရောဂါအခံမရှိတဲ့ ကလေးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလဆန်း ပထမပတ်အတွင်း မှာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားတဲ့ ကလေးအရေ အတွက်က ၂၄၃၃၇၃ ဦးဆိုတော့ အတော်များတာ ကို တွေ့ရပါတယ်။ သူတို့နိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇူလိုင် လဆန်းနဲ့ စက်တင်ဘာလဆန်းကို နှိုင်းယှဉ်ကြည့် ရင် အထူးသဖြင့် ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားလာချိန်မှာ ၂၄၀ ရာခိုင်နှုန်းအထိ တက်လာ တာကို တွေ့ရပါတယ်။ ‘ဒယ်လ်တာ’ ကူးစက်မှုကြောင့် အခြားကမ္ဘာ့နိုင်ငံတွေ မှာ ဒီလိုဖြစ်ပွားမှုတွေကြောင့် ကလေးတွေ ဖြစ်ပွားကြတာ အများအပြားတွေ့နေ ရတာ ဖြစ်ပါတယ်။ ကလေးတွေမှာ အရေးပေါ် အထူးကြပ်မတ်ကုသဖို့ လိုအပ်လာရင် လူကြီးတွေ မှာလို အထူးကြပ်မတ် ကုသဆောင်ရှိပေမယ့် လူကြီးတွေလောက် ခုတင်အရေအတွက် များများ မရှိပါဘူး။ ကလေးတွေအထဲမှာ ကူးစက်လူနာ များလာတဲ့အခါနဲ့ ပြင်းထန်တဲ့လူနာတွေ များလာတဲ့ အခါမှာ အချို့ဆေးရုံတွေရဲ့ ကလေးအထူးကြပ်မတ် ကုသဆောင်တွေမှာ ခုတင်တွေ မလုံလောက်တာကို တွေ့လာရတယ်လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံမှာ ရှိတဲ့ ကလေးကျန်းမာရေးနဲ့ပတ်သက်တဲ့ အဖွဲ့ အစည်း The American Academy of Pediatrics က အသက် ၁၈ နှစ်အောက် ကလေးတွေဖြစ်ပွားမှု အနေနဲ့ ၅ ဒသမ ၉ သန်းအထိ ဖြစ်ပွားမှုရှိပြီး သေဆုံးမှုတွေ ရှိခဲ့တာကို ဖော်ပြထားပါတယ်။ ဒါကြောင့် ကလေးတွေကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ပေးရမယ့်ကိစ္စက အထူးအရေးပါတဲ့ ကိစ္စ တစ်ခုဖြစ်လာတာကို တွေ့ရပါတယ်။
မေး ။ ။ ကလေးတွေမှာ ကိုဗစ် - ၁၉ ရောဂါ
ဖြစ်ပွားရင် စိုးရိမ်ရသလားဆိုတာကို ပြောကြားပေးပါဦး။
ဖြေ ။ ။ ကလေးတွေမှာ ကိုဗစ် - ၁၉ ရောဂါ
ဖြစ်ပွားရင် ပြန်ကောင်းတာများနိုင်တယ် ဆိုပေမယ့် လူကြီးတွေကဲ့သို့ပဲ စိတ်ပူစရာလေးတွေ လည်း ရှိပါတယ်။ နံပါတ် ၁ အချက်အနေနဲ့ Multisystem inflammatory syndrome in children (MIS-C) ဖြစ်ပါတယ်။ နံပါတ် ၂ အနေနဲ့ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ရေရှည်ဆိုးကျိုး Long Covid ခေါ်ပါတယ်။ ဒါကလည်း ကလေးတွေမှာ ဘယ်လောက်အထိ ဖြစ်နိုင်တယ်ဆိုတာကို သုတေသနတွေ လုပ်ဆောင်နေတာတွေ ရှိပါတယ်။
နံပါတ် ၃ အချက်အနေနဲ့ ကာကွယ်ဆေး လွှမ်းခြုံမှုက လူကြီးတွေမှာ များလာတဲ့အတွက် ဗိုင်းရပ်စ်က သူတို့ကို ဝင်ရတာခက်ခဲသွားပြီး လူကြီး တွေမှာ အများကြီးကူးစက်လို့ မရတဲ့အခါ ဗိုင်းရပ်စ် ပိုးက အများကြီးပွားများလို့ မရတော့ဘူး။ လူကြီး တွေမှာ ပွားများလို့မရတော့ ဗိုင်းရပ်စ်ပိုးက သူဝင် လို့လွယ်သေးတဲ့ ကာကွယ်ဆေးမထိုးထားတဲ့ ကလေးတွေဘက် လှည့်သွားတဲ့သဘောဖြစ်ပြီး ကလေးတွေမှာ ဖြစ်ပွားမှုတွေ များလာတာဖြစ်ပါ တယ်။ ကလေးတွေမှာ ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့အခါ ကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ အများကြီးပွားများမယ်၊ ဒီအခါ ကလေးတွေက တစ်ဆင့် မျိုးဗီဇပြောင်းတဲ့ဗိုင်းရပ်စ်တွေ ထပ်ထွက် လာမလားဆိုတာကို စိုးရိမ်ပြီး စောင့်ကြည့်နေရတဲ့ အချက်ဖြစ်ပါတယ်။
နံပါတ် ၄ အချက်က မည်သည့်ကလေးမဆို ကလေးတစ်ယောက် ဆုံးရှုံးသွားတာ ဝမ်းနည်းစရာ ကိစ္စဖြစ်တယ်။ ကိန်းဂဏန်းနဲ့ ကြည့်လို့မရဘူး။ မိသားစုအနေနဲ့ခံစားပြီး စိုးရိမ်စရာ စောင့်ကြည့် ရမယ့် အနေအထားဖြစ်ပါတယ်။
နံပါတ် ၁ အချက်ဖြစ်တဲ့ MIS-C က တစ်ခါ တလေကျရင် ကလေးက ပိုးဝင်လိုက်မှန်းတောင် မသိလိုက်ဘူး။ တစ်ပတ်၊ နှစ်ပတ်လောက်ကြာမှ အဖျားပြန်ဝင်လာတယ်။ အရေပြားပေါ်မှာ အကွက် တွေထွက်တယ်။ မျက်စိတွေ နီရဲလာတယ်။ ခန္ဓာ ကိုယ်ထဲမှာရှိတဲ့ ကိုယ်တွင်းခန္ဓာအစိတ်အပိုင်းတွေ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ ဦးနှောက် ရောင်ရမ်း လာတယ်။ အစာအိမ်လမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ပြပါတယ်။ ဒါကလည်း စောင့်ကြည့် နေရတဲ့ ရောဂါတစ်ခုဖြစ်ပြီး ဖြစ်ပွားရင်လည်း သေဆုံးမှုတွေ ရှိပါတယ်။
နံပါတ် ၂ အချက်ဖြစ်တဲ့ ကလေးတွေမှာ ရေရှည် ဖြစ်ပွားနိုင်တဲ့ Long Covid ပါ။ အထူးသဖြင့် စိတ်ပူတာက အခြားအင်္ဂါအစိတ်အပိုင်းတွေ ရောင်ရမ်းနိုင်သလို ဦးနှောက်အာရုံကြောစနစ် ရောင်ရမ်းနိုင်ပါတယ်။ ဦးနှောက်အာရုံကြောစနစ် ရောင်ရမ်းရင် လူကြီးတွေမှာလို စဉ်းစားလို့မရဘူး။ စိတ်ရှုပ်ထွေးတယ်။ ဒီလိုဖြစ်ရင် ပညာသင်ကြား ရေးမှာ အခက်အခဲဖြစ်ပေါ်မှာ စိုးရိမ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ဒါကို စောင့်ကြပ်ကြည့်ရှု နေတဲ့ အပိုင်းတွေ ရှိပါတယ်။
နောက်တစ်ခုက ကလေးရဲ့ အသက်ရှူ လမ်းကြောင်းစနစ်ပါ။ အသက်ရှူလို့ မကောင်းဘူး၊ အသက်ရှူရခက်ခဲနေမယ် ဒါက ၃ လလောက်အထိ ကြာတာ ရှိနိုင်ပါတယ်။ နောက်ပြီး ကလေးရဲ့ နှလုံး ကြွက်သား ရောင်ရမ်းတာတွေ ရှိနိုင်ပါတယ်။ စိတ် အပူရဆုံးက ဦးနှောက်မှာ ထိခိုက်သွားလို့ ပညာ သင်ကြားရေးကို ထိခိုက်မှာစိုးရိမ်လို့ နိုင်ငံတကာ အနေနဲ့ ကလေးတွေမှာ ရေရှည်ဖြစ်ပွားနိုင်တဲ့ Long Covid နဲ့ပတ်သက်လို့ သုတေသနတွေ ပြုလုပ်နေ ပါတယ်။
နံပါတ် ၃ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က လူကြီးတွေနဲ့မတူတာက တစ်ချိန်လုံး ဖွံ့ဖြိုးနေပြီး တိုးတက်ပြောင်းလဲနေပါတယ်။ ဒီအချိန်မှာ တစ်ဖက်က ဗိုင်းရပ်စ်က ဝင်လာတဲ့အခါ ဖွံ့ဖြိုးနေတဲ့ ခုခံအားစနစ်နဲ့ တစ်ဖက်က ဗိုင်းရပ်စ်ဝင်လာခဲ့ရင် မျိုးပြောင်းတာတွေများ ဆက်ပြီးဖြစ်နိုင်မလား ဆိုတာက စိတ်ပူရပါတယ်။ နောက်ဆုံးအချက်က ကျန်းမာရေးစာရင်းအင်းအရ တွက်ချက်တာက ကူးစက်နှုန်းနဲ့ သေဆုံးမှုနှုန်းဖြစ်ပါတယ်။ ကလေး တစ်ဦး တစ်ယောက်ပဲ ကိုဗစ် - ၁၉ ကြောင့် အသက် ဆုံးရှုံးရသည်ဖြစ်စေ ကျွန်တော်တို့အတွက် ကြီးမား တဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။
မေး ။ ။ ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြော
ကြားပေးပါ။
ဖြေ ။ ။ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ် မျိုးကွဲတွေ
ကူးစက်ပြန့်ပွားမှု အားကောင်းနေတဲ့ အချိန်မှာ လူကြီးတွေအကြား ကာကွယ်ဆေး လွှမ်းခြုံမှုတွေ တဖြည်းဖြည်း အားကောင်းလာပေ မယ့် အသက်အရွယ်အရ ကာကွယ်ဆေးထိုးနှံပေးမှု မှာ မပါသေးတဲ့ကလေးတွေမှာ ကူးစက်မှုတွေ တွေ့လာရပါတယ်။ သူတို့ကနေ အခြားသူကို ဆက်လက်ကူးစက်စေနိုင်သလို သူတို့အကြားမှာ ဖြစ်ပွားသူများလာတာနဲ့အတူ ရောဂါဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရသူတွေ များလာတာ တွေ့လာရပါတယ်။ စိုးရိမ်စရာက နောက်ဆက်တွဲ MIS-C လို ရောဂါတွေကို တွေ့လာရတယ်။ ဒါ့အပြင် ‘ဒယ်လ်တာ’ဗိုင်းရပ်စ်နဲ့အတူ ကလေးတွေအကြား မျိုးပြောင်းတဲ့ ဗိုင်းရပ်စ်တွေ ထပ်ဖြစ်ပေါ်လာနိုင်တာ ကို လျှော့တွက်လို့မရပါဘူး။
ဒါတွေအားလုံးကို ထည့်သွင်းစဉ်းစားပြီး အသက် ၁၈ နှစ်အောက် ကလေးတွေကို ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကနေ အကာအကွယ်ပေးရမယ့်ကိစ္စဖြစ်လာပါပြီ။ နိုင်ငံတကာမှာလည်း ဦးစားပေး ဆောင်ရွက်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ အဓိက လူကြီး တွေအနေနဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာမယ်။ Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေ မယ်၊ ကာကွယ်ဆေးထိုးမယ် ဒါတွေကို လိုက်နာရင် ကလေးတွေက ကာကွယ်ဆေးမရသေးပေမယ့် လူကြီးတွေက ဝန်းရံပြီး အကာအကွယ်ပေးထားရင် သူတို့အတွက် အကာအကွယ်ရနေမှာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အောက်ကလေးဆိုရင် နိုင်ငံ တော်က အလှည့်ကျ ကာကွယ်ဆေးထိုးနှံပေးမယ့် အချိန်ရောက်ရင် မပျက်မကွက် ထိုးနှံသင့်ပါတယ်။ လူကြီးတွေအနေနဲ့ အသက် ၁၈ နှစ်အောက် ကလေး ရှိတဲ့အိမ်တွေမှာ ကာကွယ်ဆေးမထိုးရသေးတဲ့ ဧည့်သည်လက်မခံတာ၊ လူစုလူဝေး၊ လူများတဲ့နေရာ တွေကို တတ်နိုင်သမျှ ကလေးတွေကို ခေါ်မသွားတာ၊ မဖြစ်မနေ သွားရမယ်ဆိုရင် ကလေးက အသက် နှစ်နှစ်အထက်ဆိုရင် Mask တပ်ပေးထားတာ ဒီလို နည်းနဲ့ သူတို့ကို တတ်နိုင်သရွေ့ အကာအကွယ် ပေးထားဖို့ လိုပါတယ်။
အသက် ၁၈ နှစ်အောက်ကလေးများနဲ့ သူတို့မှာ ဖြစ်လာနိုင်တဲ့ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကို ဝိုင်းဝန်းသတိပြုကာကွယ်ပေးကြပါစို့လို့ ပြောကြား လိုပါတယ်။ ကျေးဇူးတင်ပါတယ်။