နှလုံးသားကို ဖြူစင်အောင်ထားပါ

Type

ဘဝကို တိုက်ပွဲလို့ခံယူလိုက်တိုင်း တိုက်ပွဲတိုင်း အရှုံးနဲ့ပဲရင်ဆိုင်ရပါလိမ့်မယ်
(၇-၁၀-၂၀၂၁ ရက်နေ့မှ အဆက်)
ကျွန်တော်တို့ သန္နိဋ္ဌာန်ချလို့ရပါတယ်။   “ဘယ်သူကမှ ငါ့ကို စိတ်အနှောင့်အယှက်ပေးလို့မရဘူး”လို့   စိတ်ဆုံးဖြတ်လိုက်ပါ။ အငှားကားမောင်းတဲ့သူ၊ မီတာငွေဆောင်တဲ့ရုံးက ငွေလက်ခံသူ၊ စားသောက်ဆိုင်က စားပွဲထိုး ဘယ်သူကမှ ငါ့ရဲ့နေ့ကို ဖျက်ဆီးလို့ မရဘူးလို့ သန္နိဋ္ဌာန်ချလိုက်ပါ။ အငှားကားမောင်းတဲ့သူနဲ့ စကားများ ရတာကို ပြဇာတ်တစ်ပုဒ်အဖြစ် မဖန်တီးဘူးလို့ ဆုံးဖြတ်လိုက်ပါ။ 
မိမိရဲ့ အတွေးတွေကိုပြောင်းပါ။ 
ဘာကြောင့်လဲ 
၁။     ပတ်ဝန်းကျင်ကို မိမိက ပြောင်းလဲလို့ မရပါဘူး။ ဥပမာ ရာသီ ဥတု၊ လူတွေရဲ့အတွေးအခေါ်၊ အရေးကြီးဆုံးက မိမိရဲ့ အတွေး အခေါ်ကို ပြောင်းလဲပစ်ဖို့ပါပဲ။ 
၂။     ပြင်ပအရာတွေက မိမိကို ပျော်ရွှင်မှုမပေးနိုင်ပါဘူး။ တချို့က ဆိုပါတယ်။   “ငါ့မှာ iPhone 4s ရှိရင်   ငါတော့ပျော်ပြီ။” မှားပါတယ်။ အလွန်ဆုံးပျော်ရင် သုံးရက်ပေါ့။ ပြီးရင်တော့ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာ တစ်ခုခုပေါ်လာဦးမှာပါ။ ပြိုင်ကား တစ်စီးလောက်များရခဲ့ရင်လို့  တွေးကြည့်ဖူးမှာပါ။  ရရင် ဘယ်လောက်ပျော်လိုက်မလဲလို့။ ပြိုင်ကားက မိုးပေါ်ကနေ ကျလာပြီး City Mart သွားတယ်ဆိုပါစို့။ ကားရပ်တဲ့နေရာမှာ ချာတိတ်တစ်ယောက်က ကားကို   သံချွန်နဲ့ခြစ်သွားတယ်။ “ခွေးမသားလေးကို မမိမချင်း ငါပျော်မှာမဟုတ်ဘူး၊ ရအောင် ဖမ်းမယ်” စိတ်ဖြစ်သွားပါလိမ့်မယ်။
စာဖတ်သူကို   လွန်ခဲ့တဲ့  ခုနှစ်ရက်အတွင်း  အရမ်းစိတ် အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို ဖြည်းဖြည်းစဉ်းစားကြည့်ပါ။ 
၁။     ချစ်သူက မွေးနေ့ကို မေ့နေတယ်။ 
၂။     ဘတ်စ်ကားပေါ်မှာ နောက်ကနေ လူတစ်ယောက်ကနင်းလို့
    ဖိနပ်ပျက်တယ်။ 
၃။     သူငယ်ချင်းက ချေးထားတဲ့ငွေ ပြန်ဆပ်မယ်ဆိုပြီး မဆပ်ဘူး။ 
သေသေချာချာစဉ်းစားကြည့်ရင်  သုံးချက်စလုံးက  စိတ် အနှောင့်အယှက်ပေးတာ    မဟုတ်ပါဘူး။   မိမိစိတ်က မိမိကို စိတ်အနှောင့်အယှက်ပေးတာပါ။ 
၁။     ချစ်သူက  မွေးနေ့ကိုမေ့နေတယ်။   ဘာဖြစ်လဲ။ ဘာမှ မဖြစ်ပါဘူး။ ကိုယ့်ချစ်သူရဲ့ စိတ်ကိုသိရတာပေါ့။  ဒီအတွက် မခံစားပါနဲ့။
 ၂။     ဖိနပ်ပျက်သွားတယ်။ ဒေါသမဖြစ်ပါနဲ့။ မတန်ပါဘူး။ ဖိနပ် အသစ်ရတာပေါ့။
 ၃။     သူငယ်ချင်းက ငွေပြန်မဆပ်ဘူး။ ဘာဖြစ်လဲ။ ဘာမှမဖြစ်ဘူး။ သူငယ်ချင်းရဲ့ စိတ်ကိုသိရတာ အမြတ်ပေါ့။ ဝမ်းမနည်းပါနဲ့။ 
စာဖတ်သူက ပြောပါလိမ့်မယ်။ “ပြောတာလွယ်လိုက်တာ။ လက်တွေ့ကျရင် လူတိုင်း စိတ်အနှောင့်အယှက်ဖြစ်မှာပဲ”။ ဟုတ်ပါ တယ်။ လူတိုင်းက ဘဝမှာ စိတ်မထားတတ်လို့ စိတ်အနှောင့်အယှက် တွေဖြစ်ပြီး ပျော်ရွှင်မှုနဲ့ ဝေးနေရတာပါ။ ပုထုဇဉ်ပဲ။ ရုတ်တရက်တော့ စိတ်အနှောင့်အယှက် ဖြစ်မှာပေါ့။ သတိထားလိုက်ပါ။ ဘယ်သူမှ ငါ့ရဲ့ပျော်ရွှင်မှုကို နှောင့်ယှက်လို့မရဘူးလို့ သတိထားလိုက်တာနဲ့ အတွေးပြောင်းသွားပါလိမ့်မယ်။ 
စိတ်အေးချမ်းသာယာမှု ဘာကြောင့်လိုတာလဲ
ချစ်ခြင်းမေတ္တာကို လူတိုင်းအလိုရှိပါတယ်။ ဘဝမှာ လူတိုင်း လိုလို ချစ်ခြင်းမေတ္တာကို များများလိုချင်ကြပါတယ်။ ချစ်ခြင်း မေတ္တာကိုလိုချင်ရင် စိတ်အေးချမ်းသာယာမှုကို ရအောင်လုပ်ရပါ မယ်။ ဘာကြောင့်လဲလို့မေးရင် ချစ်ခြင်းမေတ္တာနဲ့ စိတ်အေးချမ်းသာ ယာမှုဟာ ခွဲခြားမရလို့ပါ။ ချစ်ခြင်းမေတ္တာဆိုတာ    စိတ်ခံစားမှု သက်သက် မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာဆိုတာ ချစ်သူမိန်းကလေး (သို့) ချစ်သူယောက်ျားလေးကို ပိုင်ဆိုင်တာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာ ဆိုတာက အရှုံး၊ အမြတ်မပါတဲ့ ဆက်ဆံရေးပါ။ ချစ်ခြင်းမေတ္တာစစ်မှန် ရင် စိတ်အေးချမ်းသာမှုကို ရပါလိမ့်မယ်။  စိတ်အေးချမ်းသာမှု ကိုရတိုင်း ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ပါလိမ့်မယ်။ 
စိတ်ချမ်းသာမှုကို စိတ်ငြိမ်ဆေးကနေ မရနိုင်ပါဘူး။ စိတ်အေး ချမ်းသာမှုဆိုတာ မျှတမှုပါ။ 
ကိုယ်ခံပညာရဲ့ သင်ခန်းစာ (၁) က ဟန်ချက်ညီတာ၊ မျှတတာ ပါ။ ကရာတေးပညာမှာ အားတွေက ဟန်ချက်ညီတာနဲ့ စိတ်ငြိမ်မှု အပေါ်မှာ မူတည်တယ်ဆိုတာ ပြောထားပါတယ်။ စိတ်မထိန်းနိုင်တဲ့ သူက ရှုံးတဲ့သူပါပဲ။ ဂေါက်သီးရိုက်သမားတိုင်း ဟန်ချက်ညီရမယ်၊ မျှတရမယ်ဆိုတာ နားလည်ပါတယ်။ ဟန်ချက်မညီတဲ့ အားထည့်မှု တိုင်းက မှားယွင်းတဲ့ရိုက်ချက်ပဲ ဖြစ်ပေါ်စေပါတယ်။ စိတ်ငြိမ်ငြိမ် ထားပြီး ဟန်ချက်ညီတဲ့လွှဲချက်တိုင်းက ဂေါက်သီးကို ဝေးဝေးနဲ့လိုတဲ့ နေရာကို ရောက်စေပါတယ်။ ဟန်ချက်ညီတာ၊ မျှတတာ(သို့) စိတ်အေး ချမ်းသာမှု၊ စိတ်ငြိမ်ငြိမ်ထားနိုင်မှုက ကြီးမားတဲ့အားကို ဖြစ်စေပါတယ်။ 
စိတ်အေးချမ်းသာမှု၊ စိတ်ငြိမ်ငြိမ်ထားမှုဆိုတာ အိပ်ငိုက်နေတဲ့ စိတ်မဟုတ်ပါဘူး။ 
စိတ်အေးချမ်းသာမှု၊ စိတ်ငြိမ်ငြိမ်ထားနိုင်မှုဆိုတာ အားတွေကို စုစည်းတာပါ။ အားတွေနဲ့ အပြိုင်တိုက်ခိုက်တာ မဟုတ်ပါဘူး။ စိတ်အေး ချမ်းသာမှု၊ စိတ်ငြိမ်ငြိမ်ထားနိုင်မှုဆိုတာ အသေးစိတ်တွေကို ဂရုစိုက် တာ မဟုတ်ပါဘူး။ အားလုံးကိုခြုံငုံပြီး မြင်အောင်ကြည့်နိုင်တာပါ။ 
အကြွေးမရှိတော့ရင် ကျွန်တော့်စိတ်တွေ ပိုပြီးစိတ်အေးချမ်းသာမယ်။ 
ကိုမောင်မောင်က ပြောပါတယ်။ “ကျွန်တော့် အကြွေးတွေကို အကြေဆပ်ပြီးမှ စိတ်အေးချမ်းသာမှုကို ရှာနိုင်မယ်”။ ကြားရတာ သီအိုရီအရ ကောင်းပါတယ်။ လက်တွေ့မှာအဖြေတွေက ဘယ်တော့မှ မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘဝရဲ့အဓိပ္ပာယ်က အကြွေး တွေကို ကြေအောင်ဆပ်ဖို့ မဟုတ်သလို ကားအသစ်ဝယ်စီးတာလည်း မဟုတ်လို့ပါ။ 
ကျွန်တော်တို့ ကမ္ဘာကြီးပေါ်မှာ လူဖြစ်လာတာ တစ်ယောက်နဲ့ တစ်ယောက် ကူညီဖို့ပါ။ လောကကြီးကလည်း ဒါကို ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ - 
v     အများကောင်းကျိုးကို လုပ်ရတဲ့အခါ၊ သူတစ်ပါးကို ကူညီရတဲ့အခါ အပျော်ဆုံးဖြစ်ပါတယ်။ 
v     ဘဝမှာ မိမိရဲ့ကိုယ်ကျိုးတစ်ခုတည်းအတွက် စဉ်းစားတဲ့သူက အထီးအကျန်ဆုံးလူပါပဲ။ 
v     မိမိကိုယ်ကျိုးတစ်ခုတည်းစဉ်းစားပြီး ဘဝကိုနေထိုင်နေမယ်ဆိုရင် ဒီကမ္ဘာကြီးနဲ့ သင်မတန်ပါ။ အမြန်သာ တခြားဂြိုဟ်ကိုရွှေ့ပါ။ 
ကိုမောင်မောင်က ပြောပါတယ်။ “ကျွန်တော့်မှာ နေစရာအိမ် တစ်လုံးနဲ့ ဝင်ငွေမှန်မှန်ရတဲ့ ရင်းနှီးမြှုပ်နှံမှုလေးရှိရင် ဘဝမှာ လုံခြုံစိတ် ချရပါပြီ၊ ပင်စင်ယူလို့ရပါပြီ။” မှားပါတယ် ကိုမောင်မောင်၊ ဘယ်အိမ်မှ စိတ်မချရပါဘူး။ အထူးသဖြင့် မီးဘေးပါ။ ဘဏ်တွေတောင် ပြိုလဲနိုင်ရင် ဘယ်လိုရင်းနှီးမြှုပ်နှံမှုကမျှ စိတ်ချလို့မရပါဘူး၊ လုံခြုံမှုဆိုတာ ပစ္စည်း တွေ၊ အရာဝတ္ထုတွေအပေါ်မှာအားကိုးရင် မှားသွားပါလိမ့်မယ်။ ဒဏ္ဍာရီ ဖြစ်သွားပါလိမ့်မယ်။ တကယ့်လုံခြုံစိတ်ချရမှုက မိမိစိတ်ထဲမှာရှာမှ ရပါတယ်။ 
ဒါဆိုရင် “မသေချာတဲ့ လောကကြီးနဲ့ ဘယ်လိုဆက်ဆံရမလဲ။” ဖြစ်လာတာကို လက်ခံပါ။ ပျော်အောင်နေပါ။ “လက်ရှိပျော်ရွှင်မှုတွေဟာ ပျောက်ဆုံးသွားနိုင်တယ်ဆိုတာ လက်ခံထားပါ။” ဘာပဲ ဖြစ်လာဖြစ်လာ၊ ဘယ်လိုဘဝနဲ့ပဲ ကြုံတွေ့ရပါစေ ရင်ဆိုင်မယ်လို့ သန္နိဋ္ဌာန်ချထားပါ။ “တစ်အိမ်လုံး မီးလောင်သွားရင် အိမ်အသစ်ရမယ်၊ အလုပ်ဖြုတ်ခံရရင် အလုပ်သစ်ရမယ်၊ သေလောက်အောင်ရောဂါဖြစ်ရင် သေရမယ်”ဆိုတဲ့ အတွေးရှိနေရင် ဘယ်အရာကမျှ ကိုယ့်ကို စိတ်ညစ်အောင်လုပ်လို့ မရပါဘူး။ 
စာရေးသူက   ဒီလိုပြောလို့    ပေါ့ပေါ့တွေးတယ်မထင်ပါနဲ့။ ဒါတကယ်ဖြစ်နိုင်တာပါ။  ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်း   သေရမှာပါ။ သေသွားတဲ့သူတွေလည်း  မရေမတွက်နိုင်အောင်ပါပဲ။   သေရမှာကို တစ်ချိန်လုံးကြောက်ပြီးတော့ ဘဝကို အသက်မရှင်သင့်ပါဘူး။ 
စိတ်အေးချမ်းသာမှုကို ဘယ်လိုရှာမလဲ။ 
မိမိရဲ့စိတ်ဓာတ်နဲ့လည်း  ဆိုင်ပါတယ်။  နေ့စဉ်  မိမိရဲ့စိတ်ကို စိတ်ထားတတ်အောင် လေ့ကျင့်ဖို့လိုပါတယ်။ 
စိတ်အေးချမ်းသာမှုကို ရနေတဲ့သူတွေကို လေ့လာကြည့်ရင် သူတို့တွေဟာ နေ့စဉ် စိတ်အေးချမ်းသာမှုကိုရဖို့ လေ့ကျင့်တာ တွေ့ရပါ တယ်။ တချို့က တရားထိုင်တယ်၊ ယောဂကျင့်တယ်၊ မနက်စောစော လမ်းလျှောက်တယ်စသဖြင့်  မှန်မှန်လုပ်ကြပါတယ်။  စိတ်ငြိမ်ပြီး အနှောင့်အယှက်ကင်းတဲ့နေရာမှာ လုပ်ကြပါတယ်။  မိမိရဲ့စိတ်ထဲကို ဝင်ကြည့်လေ မိမိရဲ့ ပြင်ပအသွင်သဏ္ဌာန်ကို  မြင်ရလေပါပဲ။ စိတ်အေး ချမ်းသာယာမှုကို ရှာတဲ့လူတွေနဲ့ တွေ့ဆုံမေးမြန်းကြည့်တဲ့အခါ - 
v     ကျွန်တော် ခေါင်းအမြဲကိုက်နေတာ ပျောက်သွားပြီ။ 
v     ကျွန်တော့်ရဲ့ စီးပွားရေးတွေ ပိုကောင်းလာတယ်။ 
v     ကျွန်တော် ဂေါက်သီးရိုက်ချက်တွေ ပိုကောင်းလာတယ်။ 
v     ကျွန်တော် ခါးနာ ပျောက်သွားတယ်။ 
v     ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေး သာယာလာတယ်ဆိုတာတွေ ကြားရပါတယ်။ 
တကယ်တော့ စိတ်အေးချမ်းသာမှုကိုရတဲ့အခါ အတွေးအခေါ် တွေ ပြောင်းသွားလို့ပါ။ ငယ်စဉ်ကတည်းက ကျွန်တော်တို့မိဘတွေ၊ ဆရာတွေက “လုပ်ဖို့” ပဲ သင်ခဲ့ပါတယ်။ စာကျက်ပါ။ အိမ်စာလုပ်ပါ။ အားကစားလုပ်ပါ။ ကောင်းပါတယ်။ လုပ်တာကောင်းပါတယ်။ ဒါပေမဲ့ တိုက်ခိုက်ဖို့တော့ မလိုပါဘူး။ ကျွန်တော်တို့က မဖြစ်ဖြစ် အောင် ဇွတ်လုပ်မယ်၊ အတင်းအကျပ်တိုက်ခိုက်ပြီး လုပ်မယ်လို့ သင်ကြားခဲ့ရတဲ့အတွက်ကြောင့်ပါ။ ဇွတ်လုပ်တဲ့အခါ၊ အတင်းအကျပ် လုပ်တဲ့အခါ ပင်ပန်းတာပဲ အဖတ်တင်ပြီး အရာမထင် ဖြစ်တတ်ပါတယ်။ 
စာရေးသူ ဂေါက်သီးရိုက်တတ်ခါစက များများလေ့ကျင့်ရင် ဂေါက်သီးကောင်းလာမယ်လို့ ထင်ပါတယ်။ 
 တစ်နေ့ကို ဂေါက်သီးအလုံး ၂၀၀ ရိုက်ပါတယ်။ နေ့စဉ်ရိုက်ပါ တယ်။ ပင်ပန်းတာပဲ အဖတ်တင်ပါတယ်။ ဂေါက်သီးကတော့ သိသိ သာသာ တိုးတက်မလာပါ။ ဂေါက်သီးရိုက်မယ့်နေ့မှာ စိတ်လျှော့ပြီး စိတ်အေးအေးထားနိုင်တဲ့အချိန်တိုင်း  ဂေါက်သီးကောင်းတာကို စာရေးသူ သတိထားမိလာပါတယ်။ ဘဝဆိုတာ တိုက်ပွဲပဲလို့ ယူဆ ရင် တစ်ချိန်လုံး တိုက်ခိုက်ရပါလိမ့်မယ်။ စိတ်ကို လျှော့တတ်ဖို့၊ စိတ်အေးချမ်းသာယာမှုကို ရှာတတ်ဖို့ အရေးကြီးပါတယ်။  
လူငယ်လေးတစ်ယောက်က ကရာတေး အကျော်အမော်ဆရာ ကြီးဆီမှာ ကရာတေးသင်ဖို့ သွားပါတယ်။ လူငယ်လေးက ဆရာကြီး ကို -
လူငယ်လေး     ။     ။ကျွန်တော်ကမ္ဘာပေါ်မှာ    အကောင်းဆုံးကရာ 
        တေးသမား ဖြစ်ချင်တယ်။ ဘယ်လောက်ကြာကြာ သင်ရမလဲ။ 
ဆရာကြီး     ။    ။ ၁ဝနှစ်။ 
လူငယ်လေး     ။    ။ ကျွန်တော် နေ့ရောညရော မနားမနေ သင်ပါ 
            မယ်။ ဘယ်လောက်ကြာမလဲ။ 
ဆရာကြီး     ။     ။ အနှစ် ၂၀။ 
လူတော်တော်များများက လက်ရှိဘဝကို  မကျေနပ်ကြပါ။ မကျေနပ်တဲ့အပြင် အချိန်တော်တော်များများကို ပြီးခဲ့တာတွေ အတွက် နောင်တရချင်ရနေမယ် (သို့) ကြည်နူးချင်  ကြည်နူးနေပါ လိမ့်မယ်။ မလာသေးတဲ့အနာဂတ်ကိုလည်း မျှော်လင့်ချက်ကြီးစွာ ထားလေ့ရှိပါတယ်။  
လက်ရှိဘဝကို ဖြတ်သန်းတဲ့အခါ ကြိုးတန်းလျှောက်သလိုပါပဲ။ သတိမထားရင်တော့ ပြုတ်ကျပါလိမ့်မယ်။ လေ့ကျင့်မယ်ဆိုရင်တော့ ကြိုးတန်းပေါ်မှာ ဟန်ချက်ညီညီနဲ့ တာရှည်နေနိုင်ပါလိမ့်မယ်။ လက်ရှိဘဝကို ဖြတ်သန်းတဲ့အခါ အထက်ပါအရေးကြီးတဲ့ အချက် နှစ်ချက်ကို ဂရုစိုက်ပါ။                        (ဆက်လက်ဖော်ပြပါမည်)
 

ကျော်ကျော်လှိုင်