အောက်တိုဘာ ၂၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၈၃ ဦး တွေ့ရှိ

 

ထပ်မံသေဆုံးသူ ၂၁ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၈၄၆၅ ဦးရှိ

(၂၁-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက်   ပြည်သူလူထုအနေဖြင့်   ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး  ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံမှု  ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန် ဆောင်ရွက်လျက်ရှိရာ (၂၀-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၈၀၅)  ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၆၈၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၄.၉၅) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၆၈၇,၉၁၄) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း (၄၉၁,၅၈၄) ဦးရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၀၂၁) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၄၄,၇၄၀) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၂၁) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈,၄၆၅) ဦး ရှိပါသည်။
 

l     ကိုဗစ်-၁၉   ရောဂါ   ကူးစက်ဖြစ်ပွားမှု    ပြန်လည်မြင့်တက်လာမှုမရှိစေရန်နှင့်   ရောဂါကူးစက် ဖြစ်ပွားမှုဆက်လက်လျော့ကျလာစေရန်အတွက်  ပြည်သူလူထုအနေဖြင့် အောက်ပါအချက်များကို    တိကျစွာလိုက်နာကြရန်  လိုအပ်မည်ဖြစ်ပြီး   ထိုသို့လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉  ရောဂါ ကူးစက်ဖြစ်ပွားစဉ်ကာလအတွင်း မိမိထံသို့ ကူးစက်ဖြစ်ပွားမှုမရှိစေရန်နှင့် မိမိမှတစ်ဆင့်  အခြား သူများသို့    ဆက်လက်ကူးစက်ပြန့်ပွားမှုမရှိစေရန်   နေ့စဉ်ဘဝတွင်  ပြုမူနေထိုင်နိုင်သည့်  New Normal အခြေအနေသို့ အမြန်ရောက်ရှိနိုင်မည်ဖြစ်ပါသည်။  
    -    အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ  နေထိုင်ခြင်းနှင့်  လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊
    -    နေအိမ်ပြင်ပသို့  သွားရောက်ရန်နှင့်  လူအများစုဝေးရာသို့  သွားရောက်ရန်များရှိပါက ပါးစပ် နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊
    -    လက်ကို မကြာခဏဆေးကြောခြင်း၊
    -    တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊ 
    -    သံသယရောဂါလက္ခဏာ  တစ်စုံတစ်ရာရှိပါက  မိမိဘာသာ  ကုသခြင်းမျိုး  မဆောင်ရွက်ဘဲ  နီးစပ်ရာ ကျန်းမာရေးဌာနသို့  အမြန်ဆုံးဆက်သွယ်သတင်းပေးပို့၍  လိုအပ်သည့် စစ်ဆေး ကုသမှုခံယူခြင်းနှင့် ရောဂါကူးစက်နိုင်သည့်ကာလအတွင်း မိမိနှင့် အနီးကပ်ထိတွေ့သူများအား ကျန်းမာရေးဌာနက   စုံစမ်းရှာဖွေဖော်ထုတ်ရာတွင်   သတင်းပေးပို့ခြင်းဖြင့်    ပူးပေါင်း ဆောင်ရွက်ခြင်း၊
    -    ဓာတ်ခွဲအတည်ပြုလူနာနှင့်  အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း  ကျန်းမာရေး ဌာနသို့ သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊
l     ကျန်းမာရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့်   “ရုံးလုပ်ငန်းဌာနများတွင်  ကိုဗစ်-၁၉   ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိ ပေးခြင်းနှင့် သတိပေးခြင်းတို့ကို  လူတိုင်း၊  မိသားစုတိုင်းမှ တက်ကြွစွာ  ပူးပေါင်းပါဝင် ဆောင်ရွက် ကြပါရန် မေတ္တာရပ်ခံပါသည်။
l     ကိုဗစ်-၁၉  ရောဂါဆိုင်ရာ  သတင်းအချက်အလက်များကို  ကျန်းမာရေးဝန်ကြီးဌာန၏  တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန