
ရန်ကုန် အောက်တိုဘာ ၂၁
၂၀၂၂ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲ အုပ်စု (D) ဒုတိယနေ့ ကို အောက်တိုဘာ ၂၁ ရက်က ကာဂျစ္စတန်နိုင်ငံတွင် ဆက်လက် ကျင်းပရာ မြန်မာအသင်းနှင့် လက်ဘနွန်အသင်း နိုင်ပွဲရရှိခဲ့ သည်။ ဒုတိယနေ့တွင် မြန်မာ အသင်းက ဂူအမ်အသင်းကို ရှစ်ဂိုး-ဂိုးမရှိ၊ လက်ဘနွန်အသင်း က ယူအေအီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ဂူအမ်အသင်းထက် အသင်း လိုက်ရော တစ်ဦးချင်းကစားပုံပါ သိသိသာသာ ကောင်းမွန်သည့် မြန်မာအသင်းသည် ပွဲချိန်ပြည့် ခြေအသာဖြင့် ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်း သည် နှစ်ပွဲဆက် ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရလဒ်ကြောင့် ခြေစစ်ပွဲအောင်မြင်ရန် နီးစပ်သွားပြီဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် ပွဲအစ သုံးမိနစ်မှာပင် ဝင်းသိင်္ဂီထွန်း က အဖွင့်ဂိုးသွင်းယူခဲ့ပြီး တစ်ဖက်သတ်ဖိကစားနိုင်ခဲ့သည်။ မြန်မာ အသင်းအတွက် ဒုတိယဂိုးကို ၁၃ မိနစ်တွင် မြတ်နိုးခင်က သွင်းယူခဲ့ပြီး ပွဲချိန် ၃၇ မိနစ်တွင် တတိယဂိုးကို တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကပင် သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး မိနစ် ၅၀ တွင် ခင်မိုမိုထွန်းနှင့် ၅၃ မိနစ်တွင် စန်းသော်သော်တို့က နှစ်ဂိုးဆက်ထပ်မံသွင်းယူခဲ့သည်။ ယင်းနောက် ပိုင်းတွင်လည်း မြန်မာအသင်းကသာ ဆက်လက်ဖိကစားခဲ့ပြီး အနိုင်ဂိုး များကို ၈၅ မိနစ်တွင် စန်းသော်သော်၊ ၈၉ မိနစ်တွင် ပုံ့ပုံ့ပြည့်မောင်၊ ၉၀+၃ မိနစ်တွင် ဂျူလိုင်ကျော်တို့က သွင်းယူပေးခဲ့သည်။
ယခုပွဲအပြီးတွင် မြန်မာအသင်းက ခြောက်မှတ်၊ လက်ဘနွန်နှင့် ယူအေအီးအသင်းက သုံးမှတ်စီရထားပြီး ဂူအမ်အသင်းမှာမူ နှစ်ပွဲဆက် ရှုံးနိမ့်ကာ အမှတ်မရသေးပေ။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲ အဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ယူအေအီးအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်