လွိုင်ကော်မြို့၊ ဘားအံမြို့နှင့် ရွာငံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ ၂၂ 


လွိုင်ကော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၁  ရက်  ညနေ ၄ နာရီတွင် လွိုင်ကော်မြို့   ဧက(၅၀၀)ရပ်ကွက် လွိုင်ကော်-လောပိတသွား   ကားလမ်းတွင် ပြည့်ဖြိုးအောင်   မောင်းနှင်ပြီး  ဇော်လင်းနိုင်လိုက်ပါလာသည့်   ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား   ၂၀၀၀ သိမ်းဆည်းရမိ သည်။  အလားတူ ယင်းနေ့  ညနေ ၄ နာရီခွဲတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်  ဇာသပြင် (အရှေ့)ကျေးရွာအုပ်စု  ဇာသပြင်(အရှေ့)ကျေးရွာနေ မချိုမြင့်(ခ) အိအောင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မင်းဇော်ချစ်(ခ) ကိုချစ်ကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၊ အိုက်စ် ၀ ဒသမ ၈၀၁ ကီလို၊ ဘိန်းစာရွက် ၀ဒသမ ၆၅ ကီလိုနှင့် ဘိန်းစာရည် ၆ လီတာ ကိုလည်းကောင်း၊ ထို့ပြင် အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်  ဒုတ္တိုးရေကျေးရွာအုပ်စု  ယုံတောင် ကျေးရွာအနီးတွင်  ထွန်းထွန်းဝင်း(ခ)ထွန်းဝင်း    မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  ဘိန်းစိမ်း  ၁၈  ကီလိုတို့ကို လည်းကောင်း   သိမ်းဆည်းရမိခဲ့သဖြင့်   ၎င်းတို့ကို   မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ  ဥပဒေအရ   အရေး ယူထားကြောင်း  သိရသည်။                                          

ရဲပြန်ကြား